အာဏာသိမ်းစစ်ကောင်စီ ချရောင်းမည့် ငွေတိုက်စာချုပ်ကို ဝယ်ယူပါက နောက်ဆက်တွဲဆုံးရှုံးမှုများမှာ ဝယ်ယူသူ၏တာဝန်သာဖြစ်သည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီက သတိပေးလိုက်သည်
စစ်ကောင်စီက ရောင်းချမည့် ငွေတိုက်စာချုပ်များမှာ တရားဝင်မှု မရှိသည့်အတွက် လုပ်ငန်းရှင်များ မဝယ်ယူရန်နှင့် ဝယ်ယူပါက နောက်ဆက်တွဲဆုံးရှုံးမှုများမှာ ဝယ်ယူသူ၏တာဝန်သာဖြစ်သည်ဟု ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ထုတ်ပြန်လိုက်သည်။
သက်တမ်း နှစ်နှစ်နှင့် လေးနှစ် ကာလရှိသည့် ကျပ်သန်းပေါင်း ၂၀၀,၀၀၀ ( ကျပ် ဘီလျံ ၂၀၀ ) တန်ဖိုးရှိ အစိုးရငွေတိုက်စာချုပ်များကို လေလံတင်ရောင်းချသွားမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ငွေတိုက်ဦးစီးဌာနက ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) က ကြေညာချက်ထုတ်ခဲ့သည်။

အဆိုပါငွေတိုက်စာချုပ်များကို ဗဟိုဘဏ်မှတစ်ဆင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များသို့ ရောင်းချကာ အစိုးရက ဘတ်ဂျက်ရှာဖွေခြင်းဖြစ်ပြီး ဝယ်ယူသူများက တစ်နှစ်လျှင် သတ်မှတ်ငွေအတိုး ခံစားခွင့်ရှိသည်။
ထိုသို့ကြေညာခဲ့ပြီးနောက် နောက်တစ်ရက် (ဖေဖော်ဝါရီ ၁၇)တွင် CRPH က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


ငွေတိုက်စာချုပ် ရောင်းချခြင်းမှာ ငွေလိုအပ်သည့်ကာလတွင် ဗဟိုဘဏ်က ပြုလုပ်သည့် လုပ်ရိုး၊ လုပ်စဉ်လုပ်ငန်းတစ်ခုဖြစ်သော်လည်း စစ်ကောင်စီမှာ အခြေခံဥပဒေနှင့်အညီ အာဏာရယူထားသည့် အစိုးရမဟုတ်သည့်အတွက် နိုင်ငံတကာတွင်လည်း တရားဝင်မှု မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့ရောင်းချသည့် ငွေတိုက်စာချုပ်များမှာလည်း တရားဝင်မှုမရှိကြောင်း ဘဏ်အရာရှိဟောင်းတစ်ဦးဖြစ်သူ ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။
“ဥပဒေရေးရာအရလည်း တရားမဝင်ဘူး။ နိုင်ငံတကာမှာလည်း တရားဝင်မှုမရှိဘူး။ ဒါကြောင့် နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီငွေတိုက်စာချုပ်တွေကို မဝယ်သင့်ပါဘူး” ဟု ၎င်းက ပြောသည်။


“အာဏာသိမ်းစစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်းကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်းနှင့် လုပ်ငန်းရှင်များကလည်း ဝယ်ယူခြင်းမပြုကြပါရန် အသိပေးပါသည်” ဟု CRPH ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များထံမှ တုန့်ပြန်ချက် ထွက်ပေါ်မလာသေးပေ။
ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းခဲ့သည်။
ထိုသို့ ဖွဲ့စည်းခဲ့ပြီးနောက် NLD ရွေးကောက်ခံအမတ်များကလည်း ဖေဖော်ဝါရီ ၅ တွင် CRPH ကို ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီဝင် ပြည်ထောင်စုအမတ် ၁၇ ဦး ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီ ၁၅ တွင် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










