ရေလိုနေတဲ့ ရေဘေးသင့်ဒေသများ

မကြာသေးမီက သောက်သုံးရေရယူနေကြသော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသတစ်ခုမှ ရေဘေးသင့်ပြည်သူများ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
မကြာသေးမီက သောက်သုံးရေရယူနေကြသော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသတစ်ခုမှ ရေဘေးသင့်ပြည်သူများ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

ညောင်တုန်း – မြန်မာပြည်တစ်ဝန်း ပြည်သူအများအပြား ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့ရချိန်နဲ့ ရေကျပြီးနောက်ပိုင်း ရင်ဆိုင်နေရတာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ဖြစ်ပါတယ်။

မြို့ကြီးတွေမှာလို ပိုက်လိုင်းကနေ ရေဖြန့်ဝေခြင်းမရှိတဲ့ ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေအတွက် အားကိုးရတာကတော့ ရေတွင်းရေကန်များ ဖြစ်ပြီး ဒီကန်တွေ အဆိုးဆုံး ထိခိုက် ပျက်စီးသွားတာကို ရခိုင်၊ မွန်၊ စစ်ကိုင်း စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတို့မှာ တွေ့ရမှာပါ။ ဒီလိုသောက်သုံးရေကန်တွေ၊ ရေတွင်းတွေ ညစ်ညမ်းပျက်စီးသွားတာကြောင့် ရေဘေးသင့်ခံရ တဲ့ဒေသတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေဟာ သန့်ရှင်းတဲ့ရေ လုံလုံလောက်လောက် မရကြဘူး လို့အစိုးရတာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အစိုးရနဲ့ ကုလသမဂ္ဂတို့ရဲ့ သြဂုတ်လ ၁၇ ရက်နေ့ထိ ထုတ်ပြန်ချက်များအရ လူပေါင်း ၁၅ သိန်းကျော် ရေဘေးဒဏ် ခံနေရပြီး၊ ၃၄ဝ,ဝဝဝ ကျော် နေအိမ်တွေကနေ ပြောင်းရွှေ့ခဲ့ရတယ်၊ လယ်ဧက ၇ သိန်းကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ပေါ်ပြီး စားသောက်ကုန်စျေးနှုန်း မြင့်တက်တော့မယ်ဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်း ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမှာ ရေကျသွားပေမဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ် ၁၇ ခုကတော့ ရေဘေးဒဏ် ဆက်လက်ခံစားနေရပါတယ်။

ရေလိုအပ်သူများ

ပြည်နယ် ၄ ခုနဲ့ တိုင်းဒေသကြီးတွေမှာ သောင်းနဲ့ချီတဲ့လူတွေဟာ သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေ မရဘူးလို့ ဒေသခံအာဏာပိုင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းတွေအရ သြဂုတ်လ ၅ ရက်နေ့က မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ လူပေါင်း ၃ဝ ခန့်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အစောပိုင်းက လူပေါင်း ၄ဝနီးပါး ဝမ်းရောဂါဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးလွင်ငြိမ်းက ဆိုပါတယ်။

ကျေးရွာပေါင်း ၃ဝဝ ရေဘေးဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်မှာတော့ ရေအောက်ရောက်သွားတဲ့ သောက်သုံးရေကန် ၁,ဝဝဝ ကျော် ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက Myanmar Now ကို ပြောပြပါတယ်။

“(ကန်ထဲက ရေဆိုးတွေကို) အမြန်ဆုံး ပြန်စုပ်ထုတ်ပြီး သန့်စင်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်မှ နောက်ထပ်ရွာမယ့် မိုးရေကို ပြန်သိုလှောင်နိုင်မှာ” လို့ ဦးတင်မောင်ဆွေက ရှင်းပြပါတယ်။

ပြန်လည်ထူထောင်ရေး ကာလ အလှူရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ဒီသောက်သုံးရေကန်တွေ ပြန်သန့်ရှင်းရေးကို ဦးစားပေးရမယ်လို့ သူက ဆက်ပြောပါတယ်။

ရေမနစ်မြှုပ်တဲ့ သောက်သုံးရေကန်ဘောင်တွေပေါ် တိရစ္ဆာန်တွေကို ရွှေ့ပြောင်းထားကြတဲ့အတွက် သူတို့ရဲ့ အညစ်အကြေးတွေကြောင့် ကန်တွေညစ်ညမ်းခဲ့ကြောင်း ရင်ပြည်နယ်ပြောရေးခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှသိန်းက ပါတယ်။

ရေပြန်ကျသွားတဲ့စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ပြန်လည်တူးဖော်ရေး၊ သန့်ရှင်းရေး လုပ်ရမယ့် သောက်သုံးရေကန် ၂၅ဝ ကျော် ရှိနေတယ်လို့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က Myanmar Now ကို ပြောပြတယ်။

“ကန်ထဲကို မြစ်ရေတွေက ဝင်သွားတော့ ဒီဟာကို အမြန်ဆုံး စုပ်ထုတ်ဖယ်ရှားဖို့ အစိုးရအဖွဲ့ရော ပုဂ္ဂလိက အလှူရှင်တွေကပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီမိုးတွင်းမှာ အပြီးပြန်လုပ်မှာပါ” လို့ သူက ရှင်းပြပါတယ်။

ရေသန့်ဘူးများနှင့် အသက်ရှင်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က အိမ်တိုင်းနီးပါးမှာ ရှိတဲ့ ရေတွင်းများ ပျက်စီးကုန်တဲ့အတွက် သောက်သုံးရေအခက်အခဲဟာ “ပြဿနာအကြီးဆုံးဖြစ်နေပြီ” လို့ ဒေသခံ တစ်ဦး ဖြစ်တဲ့ ကိုအာကာက ပြောပြတယ်။

“ရေပြန်ကျသွားပေမဲ့ ရေတွင်းတွေမှာ နုန်းတွေ ဖုံးလွှမ်းသွားပြီ။ တချို့ အမြင့်ပိုင်းက ရှိနေတဲ့ ရေတွင်းတွေကျတော့ ဘာကြောင့်မှန်းကို မသိဘဲ ရေတွေ ခန်းသွားတယ်” လို့ သူက ဆိုပါတယ်။ ရေတွင်းတွေ မူလအခြေအနေ ပြန်ရောက်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားလို့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာသာကုန်းကျေးရွာမှာလည်း သောက်သုံးရေအတွက် အလှူရှင်တွေကိုပဲ အားကိုးနေရတယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောပြတယ်။

“ကျွန်တော်တို့ရွာတွေက သွားရေးလာရေး အရမ်းကိုခက်ခဲတဲ့ ရွာတွေ ဖြစ်နေသေးတော့ လက်ထဲပိုက်ဆံရှိရင် တောင်မှ ဝယ်ဖို့က ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ဒေသမှာရှိတဲ့ ရေချိုအရင်းအမြစ်တွေ ပျက်စီးခဲ့ပြီး အကျိုးဆက်အားဖြင့် လူပေါင်းများစွာ အတိဒုက္ခရောက်နေတယ်လို့ ပွင့်ဖြူမြို့ကို ရောက်ရှိခဲ့တဲ့ Save The Children ရဲ့ ပြန်ကြားရေးတာဝန်ခံ Lynette Lim က ဆိုပါတယ်။

“ဒေသခံတွေက လက်တွင်းရေတွင်းတွေ၊ ရေတုံကင်တွေ၊ အနီးနားက စမ်းချောင်းတွေကို မှီခိုအားထားခဲ့တာပါ။ ဒါပေမဲ့ ရေအရင်းအမြစ်တွေအားလုံး ရေလွှမ်းမိုးခံခဲ့ရပြီး သုံးမရအောင် ညစ်ညမ်းခဲ့ပါပြီ” လို႔ သူကဆိုပါတယ်။

ပွင့်ဖြူမှာ ရေဘေးသင့်သူ ၅ဝ အတွက် အိမ်သာတစ်လုံးနှုန်းသာရှိတာ တွေ့ခဲ့ရတယ်၊ တချို့ဒေသခံတွေက အညစ်အကြေးကို ဖြစ်သလို စွန့်ပစ်နေရတယ်လို့ သူက Myanmar Now ကို ပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသခံတွေက သောက်ရေအတွက် တွင်းရေ၊ ဧရာဝတီမြစ်ရေကို အားကိုးကြသူများပါ။ လောလောဆယ် အခြေအနေတွေ ပြောင်းလဲသွားပုံကို ညောင်တုန်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါလှဲရွာ တာဝန်ခံ ဦးထွန်းထွန်းလင်းက ရှင်းပြပါတယ်။

“မြစ်ရေတော့ လုံးဝ သုံးမရတော့ဘူးလေ။ မြစ်ရေက အထက်ဘက်က ရေတွေနဲ့အတူပါလာတဲ့ နုန်းတွေကြောင့် နောက်ကျိနေပြီ” လို့ ဦးထွန်းထွန်းလင်းက ပြောပါတယ်။

ညောင်တုန်းမှာရှိတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာရှိတဲ့ တာဝန်ရှိသူတစ်ဦးအဆိုအရ ညောင်တုန်းမြို့ရဲ့ ကျေးရွာ ၂ဝဝ ကျော်မှာ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ညောင်တုန်း၊ ငွေသောင်ယံ ကျေးရွာမှာ အိမ်တွေထဲအထိ ရေရောက်နေတဲ့အတွက် အိမ်ခေါင်မိုးနားမှာ ယာယီဝါးစင်ထိုးပြီး လူတွေရော အိမ်မွေးတိရစ္ဆာန်တွေပါ တက်နေကြတာ တွေ့ရပါတယ်။

တစ်ရွာလုံးမှာ ရေမမြုပ်သေးတာဆိုလို့ ဓမ္မာရုံပဲ ရှိပါတယ်။ ဓမ္မာရုံကနေ ကယ်ဆယ်ရေးပစ္စည်းသွားယူပြီး အိမ်ကို လှေလှော်ပြန်ခဲ့တဲ့ ဒေါ်မြက ဝမ်းသာအားရဖြစ်နေပါတယ်။ အကြောင်းကတော့ သူရလာတဲ့ပစ္စည်းတွေထဲမှာ ရေသန့်ဘူးကြီး တစ်ဘူးပါလာတဲ့အတွက်ပါပဲ။

“သောက်သုံးရေဆိုတာ လာလှူကြတဲ့သူတွေ ရှိမှ ရတာမျိုးဖြစ်နေပြီ။ ရေကလည်း ဘယ်အချိန် ပြန်ကျမလဲဆိုတာ မသိသေးတော့ အလှူပစ္စည်းထဲမှာ ရေသန့်ဘူးလေးပါရင်ကိုပဲ ပျော်နေရတယ်” လို့ သူက ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ရခိုင်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကတော့ ရေတွင်းရေကန်တွေမှာရှိတဲ့ ပိုးမွှားတွေကို နှိမ်နှင်းဖို့ ရွာတွေကို ကလိုရင်းဆေးမှုန့် ဝေငှနေကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်ဟာ ပင်လယ် ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် တက်လာတဲ့ရေတွေက ရေငန်တွေဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကလိုရင်းဆေးမှုန့်က မြစ်ရေ၊ ချောင်းရေတွေဖြစ်တဲ့ ရေချိုတွေကိုပဲ သန့်ရှင်းပေးနိုင်တာ။ ဆေးမှုန့်တစ်ထုပ်ကို ရေ ၁ဝ လီတာ သန့်စင်လို့ရ တယ်။ ကျွန်တော်တို့ လှည့်လည်သွားခဲ့တဲ့ ရေဘေးသင့် ရွာတွေမှာတော့ ရွာတစ်ရွာကို သောက်သုံးရေကန် ပြန်သန့်ရှင်းဖို့ ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်” လို့ သူက ရှင်းပြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ အစားအသောက်၊ ရေသန့်၊ ရေသန့်ဆေးပြားတွေ အရေးတကြီး လိုအပ်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က Myanmar Now ကို ပြောပါတယ်။

“မြောက်ဦးမြို့နယ်တဝိုက်က ကျေးရွာတွေထဲမှာရှိတဲ့ ရေကန်တွေကို ရေဆိုးတွေစုပ်ထုတ်ဖို့ စတင်လုပ်ဆောင်နေပါပြီ” လို့ ICRC ဆက်သွယ်ရေး တာဝန်ခံ Jean-Yves Cle’menzo က ပြောပါတယ်။

“မြောက်ဦးမှာရှိတဲ့ လူပေါင်း ၃,၆ဝဝ စာအတွက် မိုးရေခံရေပုံးတွေ ကျွန်တော်တို့ တပ်ဆင်ပြီးပါပြီ။ နောက်ပြီး မြောက်ဦးမြို့တစ်ဝိုက်က ရွာတွေမှာရှိတဲ့ ရေကန်တွေက ရေတွေစုပ်ထုတ်ဖို့လည်း ဓာတ်ဆီဖိုးတွေ ကျွန်တော်တို့ လှူဒါန်းခဲ့ပါတယ်” လို့ သူကဆက်ပြီးပြောပါတယ်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနရဲ့ အဆိုအရ အာဏာပိုင်တို့က အကူအညီပေးရေးအဖွဲ့ကြီးတွေနဲ့ ချိတ်ဆက်ပြီး ရေသန့်စက်တွေ ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရေဘေးသင့်ဒေသတွေမှာရှိတဲ့ တွင်းတွေ ကန်တွေကနေ ရေပြန်စုပ်ထုတ်ရေးကို စီမံချက်ချ လုပ်ဆောင်နေတယ်လို့ ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

“အကုန်လုံးတော့လည်း မလုပ်နိုင်သေးဘူးပေါ့။ မလုပ်ရသေးလို့ သောက်သုံးဖို့ မသင့်တဲ့ဟာတွေကိုလည်း မသောက်ကြဖို့ ပိတ်ခိုင်းထားတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သဘာဝဘေး စီမံခန့်ခွဲရေး အရာရှိ ဦးဇော်ထူးဦးကတော့ နုန်းနစ်မြုပ်မှု အလွန်ကြီးမားခဲ့တဲ့ ကလေးမြို့နဲ့ ရခိုင်ပြည်နယ်က ရေတွင်းရေကန်တွေကို အချိန်မီ ပြန်မပြုပြင်နိုင်ရင် နောက်လာမယ့် နွေရာသီမှာ ရေ ရှားပါးမှု ပြဿနာမျိုး တွေ့ရနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ ပတ်သက်ပြီး နာဂစ်လို အတွေ့အကြုံမျိုး ရှိတယ်ဆိုပေမဲ့ အခုမြင်နေရတဲ့ အလှူတွေဟာ လတ်တလောအခြေအနေကို ဖြေရှင်းဖို့ အစားအစာ၊ အဝတ်အထည် စတာမျိုးတွေကို ဦးတည်နေတာ တွေ့ရတယ်။ လတ်တလော လိုတာကို လှူကြတာ တကယ့်ကိုကောင်းပေမဲ့ သူတို့ဘဝ ပြန်လည်ထူထောင်ရေး ကိစ္စတွေ ကိုလည်း ပြင်ဆင်ထားဖို့လိုတယ်” လို့ သူက အကြံပြုပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း ရေဘေးနောက်ဆက်တွဲ လူနေမှုဘဝများကို ရိုက်ခတ်တဲ့ အခြေအနေက ပိုမိုဆိုးရွားနေတဲ့ အကြောင်း သြတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ရေဘေးကျရောက်ရာဒေသတွေထဲက အလိုအပ်ဆုံးနေရာကို ကူညီဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေကြောင်း အသင်း ဥက္ကဋ္ဌ ဦးသာလှရွှေက ပြောပြပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ နေတဲ့သူတွေအတွက် အရေးပေါ်အထောက်အပံ့တွေ လိုနေသေးတယ်။ လာမယ့်လတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ရေဘေးသင့်ခဲ့သူတွေဟာ ရေရှည် အကူအညီတွေ လိုအပ်လိမ့်မယ် လို့ သူက ရှင်းပြပါတယ်။

ရေရှည်မှာဖြစ်လာမယ့် အခက်အခဲအတွက် စိတ်ပူရသလို လက်ရှိ ဖြစ်နေတဲ့ အခက်အခဲကြီးတစ်ခုကတော့ သန့်ရှင်းတဲ့ရေ ရရှိရေးပဲ ဖြစ်ပါတယ်။

“ရေကျလို့ အိမ်ပြန်ကြတဲ့သူတွေလည်း အိမ်ပြန်တော့ သူတို့အိမ်တွေ ပျက်စီးပါပြီ၊ ရေအရင်းအမြစ်တွေလည်း အကုန်ညစ်ညမ်းကုန်ပါပြီ” လို့ ဦးသာလှရွှေက ပြောပါတယ်။

(အိချယ်ရီအောင်နှင့် ဆွေဝင်းတို့ ပူးပေါင်းကူညီ ရေးသားသည်။)

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading