သတင်း

ရထားမောင်းရန် ငြင်းဆန်မှုဖြင့် ဝန်ထမ်း လေးဦး ထိန်းသိမ်းခံရ

စက်ခေါင်းမောင်း နည်းပြ နှစ်ဦးအပါအဝင် လေးဦးကို တပ်က ဖမ်းဆီးထား၍ မန္တလေးတွင် လူထုက စုဝေးဆန္ဒပြခဲ့သော်လည်း ပြန်လွှတ်မပေးသေးကြောင်း မီးရထားဝန်ထမ်းများထံမှ သိရသည်။ 

မန္တလေး မီးရထားစက်ခေါင်းမောင်းများသည် ဖေဖော်ဝါရီ ၈ မှစ၍ ခရီးစဉ်ပြေးဆွဲခြင်းရပ်နားကာ စစ်ကောင်စီအား အာဏာဖီဆန်မှု (CDM) ပြုလုပ်ခဲ့သည့်အတွက် ရထားမောင်းနှင်နိုင်ရန် မိတ္ထီလာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ မီးရထားစက်ခေါင်းမောင်းအရာရှိနှစ်ဦးနှင့် စက်ပြင်နှစ်ဦးတို့ကို တပ်မတော်က ယနေ့ သွားရောက်ခေါ်ဆောင်ခဲ့သည်။

ထိုသို့ တပ်က အတင်းအဓမ္မခေါ်ဆောင်လာပြီး မန္တလေးတွင် ရထားခရီးစဉ်ပြေးဆွဲရန် ဖိအားပေးစေခိုင်းရာ မရသည့်အတွက် ဖမ်းဆီးထားသည်။ 

၎င်းတို့လေးဦးက အတင်းအဓမ္မခေါ်ဆောင်လာခံရခြင်းဖြစ်ကြောင်း မန္တလေးရှိ မီးရထားဝန်ထမ်းများအား ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းရာမှ သိရှိခဲ့ကြခြင်း ဖြစ်သည်။ 

ထို့ကြောင့် ၎င်းတို့ကို ပြန်လွှတ်ပေးရန် မန္တလေးပြည်သူလူထုက ၇၈ လမ်း နှင့် ၃၂ လမ်းထောင့်ရှိ မီးရထားစက်ခေါင်းဝင်းရှေ့တွင် ယနေ့ နေ့လယ်ပိုင်းမှစ၍ စုဝေးဆန္ဒပြခဲ့သည်။

မီးရထားဝန်ထမ်း ၁၅ ဦးခန့်က စတင်၍ အဆိုပါစက်ခေါင်းဝင်းရှေ့တွင် သွားရောက်တောင်းဆိုကြရာမှ  ညနေပိုင်းတွင် လူအင်အား ၄၀၀ ကျော် လာရောက်ပူးပေါင်းကာ တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု မန္တလေး-မတ္တရာ ရထားစက်ခေါင်းမောင်း (၅) အရာရှိ ကိုခန့်လူအောင်က Myanmar Now ကို ပြောသည်။

“လုံးဝ မလုပ်သင့်တဲ့အလုပ်။ သူတို့ (တပ်) ခေါ်မောင်းခိုင်းတဲ့ နှစ်ယောက်သည် မိတ္ထီလာက သင်တန်းနည်းပြ ပီအာတွေ ၊ တရားဝင်စက်ခေါင်းမောင်း မဟုတ်ဘူး၊ နည်းပြဆရာနှစ်ယောက်သည် မီးရထားဥပဒေအရ မောင်းခွင့် မရှိဘူး” ဟု CDMတွင် ပါဝင်သည့် မန္တလေး မြစ်ကြီးနား စက်ခေါင်းမောင်း ကိုဝင်းကိုဦးက ပြောသည်။

ဒီတော့ နံပါတ်တစ် မီးရထားဥပဒေကို ချိုးဖောက်တယ်။ နံပါတ်နှစ် အတင်းအဓမ္မ အာဏာနဲ့လုပ်တာ ဖြစ်တယ်။ ဦးဇော်ကိုကိုအောင်ဆိုတဲ့ စက်ဗိုလ်ကြီးကိုဆို မမောင်းနိုင်ပါဘူး၊ မလုပ်နိုင်ပါဘူးဆိုတော့ ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ ချိန်ထားတယ်လို့ အစ်ကိုတို့ကို အတွင်းကလူက ပြောပြတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါ မီးရထားစက်ခေါင်းဝင်းအတွင်း မွန်းလွဲ ၂ နာရီခန့်က စစ်ကား သုံး စီးနှင့် ရဲများ ဝင်ရောက်သွားသည်ကို တွေ့မြင်ရသည်ဟု ၎င်းက ဆိုသည်။

“ဟိုဘက်ရက်တွေကတည်းက မီးရထားဝင်းက အရာရှိတွေကို လာဖိအားပေးတယ်။ အရာရှိတွေက မလုပ်နိုင်ဘူးဆိုတော့ စက်ခေါင်းမောင်းတွေကို ဆက်သွယ်ဖို့တောင်းဆိုတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရထားဝန်ထမ်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။ 

မန္တလေးတိုင်းမီးရထားတစ်ဖွဲ့လုံး ဖေဖော်ဝါရီ ၈ မှစ၍ သပိတ်မှောက်ကာ CDM တွင် ပါဝင်နေခြင်းဖြစ်ပြီး မီးရထားဌာန တစ်နိုင်ငံလုံးနီးပါး ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

မန္တလေး၌ ယနေ့ ရထားထွက်မည့်သတင်းများ ထွက်ပေါ်လာရာ လူထုက ရထားသံလမ်းများပေါ်တွင် ပိတ်ဆို့၍  စောင့်ကြည့်နေခဲ့ကြသည်။ 

Show More

Related Articles

Back to top button