သတင်း

စစ်ကောင်စီကို ဆန္ဒပြသည့် တောင်ကုတ်ဒေသခံ သုံးဦး ဖမ်းဆီးခံရ

တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

တောင်ကုတ်မြို့ ဒေသခံ ၂၀ ဦးခန့်သည် အာဏာရှင်စနစ်ကျဆုံးရေး အတွက် ယနေ့ ဆန္ဒပြပြီးနောက် မြို့ထဲသို့ သွားရောက်စဉ် တောင်ကုတ်မြို့၊ သိမ်တောင်ဘောလုံးကွင်းအနီး ရဲအင်အား ၂၀ ခန့် က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ကိုချစ်မောင်မောင်၊ ကိုဇော်ဝင်းနှင့် ဦးခင်သန်းတို့ သုံးဦး ဖြစ်သည်။ 

၎င်းတို့ နံနက်ပိုင်းက ဆန္ဒပြနေသည့် လမ်းတစ်လျှောက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ဓာတ်ပုံ အဆက်မပြတ် ရိုက်ကူးမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“မင်း ချစ်မောင်မောင် မဟုတ်ဘူးလားလို့ ပြောတယ်။ သူကလည်း ဟုတ်တယ်တဲ့။ ဆိုတော့ လိုက်ခဲ့ဆိုပြီး ဖမ်းခေါ်သွားတယ်။ နောက်နှစ်ယောက်ကလည်း သူ့ (ချစ်မောင်မောင်) နောက်က လိုက်သွားတယ်။ သူတို့ကိုလည်း ဖမ်းခေါ်သွားတယ်။ လူအင်အားနည်းတယ်ဆိုတော့ ကျွန်မတို့လည်း ခွဲထွက်လာခဲ့တယ်။ အဓိကတော့ လူအင်အားနည်းလို့ ဖြစ်သွားတာပေါ့ ”ဟု ၎င်းက ဆိုသည်။

တောင်ကုတ်မြို့တွင် ယခင်ရက်များကလည်း အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသောကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့လည်း ဖမ်းဆီးခံနေရသည်။ 

ထို့ကြောင့် ဆန္ဒပြပွဲများ ရက်အနည်းခန့်ကြာ ရပ်တန့်နေပြီးနောက် ယနေ့တွင် ဆက်လက်ဆန္ဒပြနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“အခု လက်ရှိ ရှိနေတဲ့ (စစ်ကောင်စီ) အစိုးရကို အလိုမရှိလို့ ဆန္ဒပြရတာ။ ကိုယ်ကြိုက်နှစ်သက်ရာကို လုပ်တဲ့အတွက် ကျွန်မတို့ ဂုဏ်ယူတယ်။ (ဖမ်းဆီးခံရမှုတွေရှိပေမယ့်) ကျွန်မတို့ စိတ်ထဲမှာ ဝမ်းမနည်းဘူး။ လူအင်အားထပ်ဖြည့်ပြီး ထပ်ပြီး ဆန္ဒပြဦးမယ် ။ နောက်မဆုတ်ဘူး ”ဟု ကိုချစ်မောင်မောင်၏ ဇနီးဖြစ်သူက ပြောသည်။

တောင်ကုတ်မြို့တွင် ဆန္ဒပြသူများကို ဆက်တိုက်ဖမ်းဆီးနေသောကြောင့် ‌ဒေသခံတို့ စိုးရိမ်နေသည်။

ဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိသော်လည်း ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လျှင် အာဏာရှင်စနစ်ဆန့်ကျင်ရေး ထိရောက်လိမ့်မည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“လူတွေက အကြောက်တရားတွေနဲ့ဖြစ်နေကြတော့ အာဏာရှင်စနစ်ပပျောက်ဖို့အတွက် ဖမ်းဆီးခံရပေမယ့် ရပ်တန့်မထားဘဲနဲ့ ပြည်သူတွေ အများကြီးပါဝင်လို့ရှိရင်တော့ အဆင်ပြေဖို့ ထင်ပါတယ်။ ကျွန်မကတော့ တက်တက်ကြွကြွနဲ့ ပိုပြီးတော့ အာဏာရှင်စနစ် ပပျောက်အောင် ဆက်လုပ်ချင်ပါတယ် ”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) ကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြသည့် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးကို ရဲက ဖမ်းဆီးလိုက်ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံတော် အာဏာကို တပ်မတော်က ရယူလိုက်ပြီးနောက် ဆန္ဒပြပွဲများသည် မြို့ကြီးများအနှံ့ ပေါ်ပေါက်နေရာ ရဲတပ်ဖွဲ့ဝင်များက မန္တလေး၊ နေပြည်တော်နှင့် မြောင်းမြတို့တွင် အင်အားသုံးဖြိုခွင်းခဲ့သည်။

ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိပြီး နေပြည်တော်တွင် ဆန္ဒပြနေသော အထက်တန်းကျောင်းသားများနှင့် ကျည်တောင်တန်ကျေးရွာ ဒေသခံ ၂၀ ဦး၊ မြောင်းမြမှ ကျောင်းဆရာတစ်ဦး ၊ အမ်းမှ လူငယ် ၅ ဦး ၊ သံတွဲမှ ၄ ဦး တို့ကို ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

သို့သော်လည်း အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူတချို့ ဖမ်းဆီးခံရသော်လည်း အများအပြားကို ပြန်လွှတ်ပေးနေသည်။

Show More

Related Articles

Back to top button