မေတ္တာဖြင့် အုပ်ချုပ်သူကိုသာ နှစ်သက်သည့် ထွေအုပ်ဝန်ထမ်း

စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းရန် ရုံးမတက်သည့်လှုပ်ရှားမှု (CDM) တွင် နိုင်ငံ့ဝန်ထမ်းအများအပြား ပါဝင်နေကြကာ စစ်ကောင်စီ၏ အမိန့်အာဏာကို ဖီဆန်နေကြသည်

Published on Feb 17, 2021
CDM လှုပ်ရှားမှုတွင် ထွေအုပ်ဝန်ထမ်းများ ပါဝင်ကာ ဆန္ဒပြနေသည်ကို ဖျာပုံမြို့တွင် ယနေ့ တွေ့ရစဉ်။ ( ဓာတ်ပုံ-ပေးပို့)
CDM လှုပ်ရှားမှုတွင် ထွေအုပ်ဝန်ထမ်းများ ပါဝင်ကာ ဆန္ဒပြနေသည်ကို ဖျာပုံမြို့တွင် ယနေ့ တွေ့ရစဉ်။ ( ဓာတ်ပုံ-ပေးပို့)

အသက် ၅၀ အရွယ် ဒေါ်စိန်စိန် (အမည်လွှဲ) သည် စစ်ကောင်စီက နိုင်ငံကို အုပ်ချုပ်ရန် ကြိုးစားလာခြင်းအား ဂုဏ်ယူဖွယ်ရာ နိုင်ငံ့ဝန်ထမ်းဘဝဖြင့် အလဲအထပ်ပြု၍ ရုံးမတက်သည့်လှုပ်ရှားမှုတိုက်ပွဲအတွင်း ဝင်ရောက်လာသည်။

လာမည့် လေးလအတွင်း အငြိမ်းစား (ပင်စင်) ယူရတော့မည့် ဒေါ်စိန်စိန်အတွက် ရုံးမတက်သည့် လှုပ်ရှားမှု (CDM- Civil Disobdience Movement)  တိုက်ပွဲက မလွယ်ကူလှပေ။ 

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးဖြစ်ပြီး လုပ်သက် ၂၈ နှစ်ကျော်အတွင်း ပြစ်ချက်ကင်းရှင်းပြီး ယခုနှစ်ဆန်းပိုင်းတွင် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ရရှိခဲ့သူ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ (နစအ) လက်ထက်အရောက် ဝန်ထမ်းတစ်ယောက်အနေဖြင့် အကြီးမားဆုံးပြစ်မှု ကျူးလွန်သူအဖြစ် ရုတ်ချည်းပြောင်းလဲသွားရသည်။ 

ဒေါ်စိန်စိန်သည် ၁၉၈၈ နောက်ပိုင်းမှ အစိုးရဝန်ထမ်းဖြစ်လာသူဖြစ်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အုပ်ချုပ်ရေးတို့နှင့် မစိမ်းသူ ဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်အထိ ထွေအုပ်ဝန်ထမ်း လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

မိဘများသည်လည်း အစိုးရဝန်ထမ်းများ ဖြစ်ပြီး စစ်အစိုးရလက်အောက်တွင် အနှစ် ၃၀ နီးပါး အမှုထမ်းခဲ့သူများ ဖြစ်သည်။ 

ထိုသို့ စစ်အစိုးရအုပ်ချုပ်ရေးယန္တရား၏ ဝန်ထမ်းမိသားစုဝင်တစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင် စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်သူ ဖြစ်လာခဲ့သည်။

ယခုနှစ်ဆန်းမှ စတင်ကာ အငြိမ်းစားယူနိုင်သော်လည်း မိတ်ဆွေတစ်ဦးနှင့်အတူ ဇူလိုင်လတွင်မှ အတူတကွ အလုပ်နားရန် တိုင်ပင်ထားကြရာမှ အေးဆေးသက်သာစွာ ပင်စင်ယူနိုင်သည့် အခွင့်အရေးကို လက်လွှတ်ကာ အာဏာရှင်ဆန့်ကျင်ရေးကို ပူးပေါင်းပါဝင်လာခဲ့သည်။ 

“ပြည်သူတွေ ခံစားနေရတာကို ကိုယ်လည်းထပ်တူ ခံစားပြီးတော့မှ ဒီဆန္ဒဖော်ထုတ်ပွဲမှာ ဝင်ပါလိုက်တာ”ဟု ကျိုက်လတ်မြို့နယ် ထွေအုပ်ဝန်ထမ်း ဒေါ်စိန်စိန်က ပြောသည်။ 

ရွေးကောက်ခံအစိုးရ (NLD) လက်အောက်တွင် ခဏတာခံစားခဲ့ရသည့် လွတ်လပ်ခြင်းအရသာကို အဆုံးရှုံးမခံနိုင်၍ ပြည်သူနှင့်အတူ တိုက်ပွဲခြင်းဟု ၎င်းက ဆိုသည်။

“ပြည်သူ့ရဲ့ အစိုးရအောက်မှာ ငါးနှစ်လောက် လုပ်ကိုင်ဖူးသွားပြီ။ ၈၈ နောက်ပိုင်းမှာ အလုပ်ဝင်တော့ စစ်အုပ်ချုပ်ရေးမှာလည်း ကြုံခဲ့ရဖူးတယ်။ အခု ပြည်သူ့အစိုးရ အုပ်ချုပ်မှုကိုပဲ ပိုပြီးတော့ သဘောကျတယ်။ အဲ့ဒါကြောင့်မို့လည်း ဒီစစ်အာဏာရှင်ကို လက်မခံချင်တာ”ဟု ဒေါ်စိန်စိန်က Myanmar Now ကို ပြောသည်။ 

ထို့ကြောင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ စစ်အာဏာသိမ်းပြီး ၁၄ ရက်အကြာတွင် စစ်ကောင်စီက ဒေါ်စိန်စိန်ကို အစိုးရဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းလိုက်သည်။

CDM တွင် ပါဝင်သော ကျိုက်လတ်မှ ဒေါ်စိန်စိန် အပါအဝင် ထွေအုပ်ဝန်ထမ်း ၄ ဦး ကို ဖေဖော်ဝါရီ ၁၄ တွင် တာဝန်ရပ်ဆိုင်းလိုက်ကာ “နိုင်ငံ့ဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများ၌ ပါဝင်ကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွယ်ပါဝင်ပတ်သက်ခြင်း စသည့်ကိစ္စရပ်များကြောင့်”ဟု သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်သည့်စာ၌ ပါရှိသည်။

“ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။ နောင်တလည်းမရပါဘူး။ မလုပ်ခင်က ပထမဆုံးစဉ်းစားခဲ့တယ်။ ဘာလို့လဲ ဆိုတော့ လုပ်သက်က ၂၈ နှစ်ရှိနေပြီ။ အသက်ကလည်း ၅၁ ကျော်သွားပြီ။ အခုဆိုရင် လျှော့ပေါ့ပင်စင်ယူလို့ရပြီ။ အဲ့ဒါတွေလည်း မမျှော်ကိုးတော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်အောက်တွင် ဝန်ထမ်းအဖြစ် နှစ်ရှည်လုပ်ကိုင်ခဲ့သူဖြစ်သောကြောင့် အာဏာဖြင့် ဖိနှိပ်၍ အမျိုးမျိုး အမိန့်ပေးအုပ်ချုပ်မှုများကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရဖူးသည်ဟု ဆိုသည်။

“သူတို့(အထက်လူကြီး) ခရီးတစ်ခုကို လာတာပဲဖြစ်ဖြစ်၊ အစ်မတို့တွေ ကြိုရတယ်။ ဧည့်ခံရတယ်။ မလုပ်ချင်လည်း လုပ်ရတယ်၊ လုပ်ချင်လည်း လုပ်ရတယ်။ နောက်ပြီးတော့ သူတို့လာမယ်ဆိုလို့ရှိရင် ပြည်သူလူထုက လှည်းကျင်းပြီး လမ်းမှာ တစ်ခါတည်း ခွေးတစ်ကောင်တောင် အမြင်မခံစေရဘူး။ အဲဒီလိုမျိုးတွေ ဖြစ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

သို့သော် ၂၀၁၅ တွင် ရွေးကောက်ပွဲအနိုင်ရသူက အစိုးရဖြစ်လာချိန်တွင် အာဏာမပါ မေတ္တာဖြင့် အုပ်ချုပ်လာ၍ ထိုအချိန်မှစ၍ လူသားတစ်ဦး၏ လွတ်လပ်ခွင့်ကို စတင်ခံစားမိလာရသည်ဟု ဆိုသည်။

“အမေစု လက်ထက်ရောက်တဲ့အခါကျတော့ အဲ့ဒီလိုမျိုးတွေ အဲ့ဒီလောက်ထိ လုပ်မပေးရဘူး။ ပြီးတော့ လွတ်လပ်မှုလည်း ကွာတယ်။ ပြောရရင်တော့ မေတ္တာနဲ့ အုပ်ချုပ်တာပဲ လိုချင်တာ”ဟု ဒေါ်စိန်စိန်က ပြောသည်။

အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသော်လည်း NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့လိုက်သည်။ 

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဖြစ်စဥ်၏ အရေးကြီးသည့်အပိုင်းများတွင် ထွေအုပ် ဝန်ထမ်းများလည်း ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ 

ဒေါ်စိန်စိန်ကဲ့သို့ စစ်ကောင်စီ အမိန့်ကို မနာခံဘဲ ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် အခြားမြို့နယ်များမှ ထွေအုပ်ဝန်ထမ်းများလည်း အများအပြား ပါဝင်ခဲ့သည်။ 

အနာဂတ်အတွက် အာမခံချက်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM (Civil Disobedience Movement) တွင် မော်ကျွန်းမြို့နယ်ထွေအုပ်ရုံးမှ ၂၆ ဦး ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ထွေအုပ်ဝန်ထမ်း ၉ ဦး၊ ဟားခါးမြို့ ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော်၊ တီးတိန်မြို့နယ် ထွေအုပ်ဝန်ထမ်း ၃၀ ကျော်အနက် သုံးပုံနှစ်ပုံ၊ မုံရွာမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦး၊ ကရင်ပြည်နယ်၊ ဖာပွန်မှ ထွေအုပ်ဝန်ထမ်းတစ်ဦး၊ ကယားပြည်နယ် ဖယ်ခုံမှ ထွေအုပ်ဝန်ထမ်းတစ်ဦး၊ မန္တလေးတိုင်းရှိ ထွေအုပ်ဝန်ထမ်းများ အပါအဝင် ဒေသအနှံ့အပြားရှိ ထွေအုပ်ဝန်ထမ်းများ ပူးပေါင်း ပါဝင်လာကြသည်။ 

CDM တွင် ပါဝင်သောကြောင့် ထွေအုပ်ဌာနမှ အချို့မှာ တာဝန်ရပ်ဆိုင်းခံရပြီး  တချို့မှာ တိမ်း‌ရှောင်နေရသည်။ 

ကရင်ပြည်နယ်၊ ခရိုင်ထွေအုပ်ဝန်ထမ်း ဦးကျော်ကျော်ထက်က “အခုက ပါတီနိုင်ငံရေး လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဝန်ထမ်း သစ္စာအဓိဋ္ဌာန်အရ အခုလို CDM လုပ်ငန်းမှာ ဝင်ပါတာ”ဟု Myanmar Now ကို ပြောသည်။

CDM တွင် ပါဝင်သဖြင့် ဖေဖော်ဝါရီ ၁၅ တွင် တာ၀န်မှ ရပ်နားခံရသည့် ဦးကျော်ကျော်ထက်  လတ်တလောတွင် တိမ်းရှောင်နေရသည်။

“နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သမ္မတက အဖမ်းခံနေရတဲ့အခါမှာ ကျွန်တော်တို့က သူ့ရဲ့ သစ္စာအဓိဋ္ဌာန်ကို စောင့်သိတဲ့အနေနဲ့ သမ္မတလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့က တစ်ဖက်တစ်လမ်းကနေ ကြိုးပမ်းနေတာဆိုတာ သက်သေပြနေတာ”ဟု ၎င်းက နိုင်ငံဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၁) ကို ပြောသည်။

  “နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သမ္မတက ပေးအပ်လာတဲ့ တာဝန်မှာပဲ ကျွန်တော်တို့က ဦးလှည်မသုန်  သက်စွန့်ကြိုးပမ်း ထမ်းရွက်သွားပါမည်ဟု သစ္စာပြုထားတာ။ သမ္မတ မဟုတ်တဲ့ လူတစ်ယောက်က ပေးအပ်လာတဲ့ အမိန့်ပေါ်မှာ ဦးလှည်မသုန် သက်စွန့်ကြိုးပမ်း ထမ်းရွက်သွားမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံတော်ကို ပုန်ကန်တဲ့သူ လို့ အဓိပ္ပါယ် ပေါက်သွားမယ်”ဟု  နိုင်ငံဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ကို ကိုးကား၍ ၎င်းက ပြောသည်။

ထို့ကြောင့် ၎င်းသည် ဖာပွန်ခရိုင်တစ်ခုလုံး၌ CDM အတွင်းပါဝင်သည့် ပထမဆုံး ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်များရှိ မြို့နယ်အချို့မှ ထွေအုပ် ဝန်ထမ်းအများအပြားသည်  CDM တွင် ပါဝင်ကာ အာဏာသိမ်း စစ်ကောင်စီကို အံတုရန် ကြိုးပမ်းနေကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CDM တွင် ပါဝင်သဖြင့် အရေးယူခံရသည့် ဝန်ထမ်းများကို ၎င်းတို့ အာဏာပြန်ရချိန်တွင် ဝန်ထမ်းများ၏ မူလတာဝန်များနှင့် ရာထူးများကို ဥပဒေပြဋ္ဌာန်း၍ အပြည့်အဝ ကာကွယ်ပေးမည်ဟု ဖေဖော်ဝါရီ ၁၁ က ကတိကဝတ်ပြုထားသည်။ 

ကော်မတီဝင် ဖြစ်သော ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “ဒီလှုပ်ရှားမှုကို နောက်ထပ် တစ်ပတ်၊ ၁၀ ရက်လောက် ဆက်ပြီးတော့ တောင့်ခံထားမယ်ဆိုရင် ကျွန်မတို့ ထူးခြားတဲ့ အပြောင်းအလဲ တစ်ခု၊ အရွေ့တစ်ခုကို တွေ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ဆက်ပြီးတော့ တောင့်ခံထားပေးကြပါ”ဟု တိုက်တွန်းထားသည်။ 

အစိုးရအဆက်ဆက်တွင် တပ်မတော်က တိုက်ရိုက်ခန့်အပ်သူသာ စီမံအုပ်ချုပ်ခွင့်ရရှိခဲ့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အုပ်ချုပ်ရေးယန္တရားတွင် အဓိက ကျပြီး လက်ရှိတွင် အရပ်သားအစိုးရ လက်အောက် တိုက်ရိုက်အုပ်ချုပ်ရသည့် ဌာန ဖြစ်လာခဲ့သည်။ 

ထို့သို့ အလုပ်ရပ်နားခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိနေသော်လည်း အာဏာရှင် ပြုတ်မကျမချင်း ကြံ့ကြံ့ခံ၍ ယုံကြည်မှုအပြည်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလုပ်နားခံရသည့် ထွေအုပ်ဝန်ထမ်းများက ပြောသည်။

အချို့ကလည်း စစ်ကောင်စီ လက်အောက်တွင် တာဝန် မထမ်းဆောင်လိုဟုဆိုကာ  နုတ်ထွက်ကြသည်။ 

 

အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်စသည့် ဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။

 

ဖေဖော်ဝါရီ ၆ မှ စတင်ကာ အာဏာဖီဆန်ရေး ရုံးမတက်နဲ့ ရုန်းထွက် လှုပ်ရှားမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြင့်နေပြီး ဆန္ဒပြသူများသည်လည်း   CDM လှုပ်ရှားမှုဘက်သို့ ပြောင်းလဲလာနေသည်။ 

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading