စစ်ကောင်စီ၏ အီလက်ထရောနစ်ဥပဒေက အများကို ထိခိုက်နိုင်

အွန်လိုင်းတွင် လွတ်လပ်စွာ ရေးသားဖော်ပြမှုကို အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေက ပစ်မှတ်ထားဟန့်တားရန် ရည်ရွယ်ပုံရသည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်

Published on Feb 16, 2021
စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြမှုများကို ရန်ကုန်အပါအဝင် နိုင်ငံအနှံ့ရှိ မြို့များတွင် တွေ့နိုင်သည်။ ( ဓာတ်ပုံ- Myanmar Now) 
စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြမှုများကို ရန်ကုန်အပါအဝင် နိုင်ငံအနှံ့ရှိ မြို့များတွင် တွေ့နိုင်သည်။ ( ဓာတ်ပုံ- Myanmar Now) 

စစ်အာဏာသိမ်းကောင်စီက အတည်ပြုပြဋ္ဌာန်းလိုက်သည့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပြင်ဆင်ချက်ပုဒ်မများသည် အင်တာနက်ပေါ်တွင် မိမိယုံကြည်ချက်ကို ထုတ်ဖော်ရေးသားသူများအပေါ် ပစ်မှတ်ထားဖိနှိပ်လာနိုင်ကြောင်း အိုင်တီပညာရှင်အချို့က သုံးသပ်သည်။

အင်တာနက်ကို အသုံးပြု၍ စစ်အာဏာသိမ်းကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သူများကို ဖိနှိပ်အရေးယူရန် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပူတပြင်း ပြဋ္ဌာန်းရန်ပြင်ဆင်ခဲ့သော်လည်း ဝိုင်းဝန်းကန့်ကွက်ခံခဲ့ရသည်။

ထိုသို့ ကန့်ကွက်ခံရသဖြင့် အလားတူ အရေးယူနိုင်မည့်ပုဒ်မများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အိုင်တီပညာရှင်တစ်ဦးက ဆိုသည်။ 

“MCF (မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)တို့၊ ကုန်သည်လုပ်ငန်းရှင်အသင်းချုပ် UMFCCI တို့နဲ့ တယ်လီနောတို့က Cyber Law (ဆိုက်ဘာလုံခြုံရေးဥပဒေကို ) ကို ကန့်ကွက်ကြောင်း ထုတ်ပြန်တဲ့အခါကြတော့ နောက်တစ်နည်း အနေနဲ့ ဖိနှိပ်လို့ရမယ့်ဥပဒေတစ်ရပ်ကို အမြန်ပြင်လိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ၂၀၀၄ တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးကာ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ထပ်မံပြင်ဆင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုဥပဒေ၏ မူလရည်ရွယ်ချက်သည် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်မှတ်တမ်းနှင့် အချက်အလက်များ၊ အီလက်ထရောနစ်သတင်းလွှာများကို အတည်ပြုပေးရန် ဖြစ်ပြီး ဆိုက်ဘာမှုခင်းဆိုင်ရာ အရေးယူနိုင်သည့်ပုဒ်မများနှင့် မသက်ဆိုင်ကြောင်း ၎င်းအိုင်တီပညာရှင်က ဆိုသည်။

ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် ပုဒ်မများသည် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ထည့်သွင်းရမည့်ပုဒ်မများဖြစ်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်ရန် ရည်ရွက်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖြန့်ချိခြင်း၊ ကွန်ပျူတာ Malware များ ဖြန့်ချိခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည်ဟု ပါရှိသည်။

ထို့ကြောင့် Facebook အပါအဝင် အခြားအင်တာနက်လူမှုကွန်ရက် အသုံးပြုသူများ၏ ရေးသားမျှဝေမှုများသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်သည်ဟု ယူဆပါက သတင်းမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပုဒ်မတပ် အရေးယူလာနိုင်သည့်အခြေအနေဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက အသစ်ပြဋ္ဌာန်းလိုက်သော ယင်းဥပဒေသည် လွတ်လပ်စွာပြောရေးဆိုခွင့် (Freedom of Expression) ကို ထိခိုက်သည်ဟု ဆိုသည်။ 

"အဓိကကတော့ Freedom of Expression ပေါ့ဗျာ။ နောက် စီးပွားရေးလုပ်မယ့်သူအနေနဲ့ Facebook သုံးမရတာမျိုးဆိုရင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်မှာမျိုး မြင်တယ်" ဟု ၎င်းက သုံးသပ်သည်။ 

လတ်တလောတွင် Facebook, Twitter ကဲ့သို့ လူမှုကွန်ရက်အများကို အသုံးမပြုနိုင်ရန် စစ်ကောင်စီက ပိတ်ဆို့ ဟန့်တားနေသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁၅ က ထပ်မံပြင်ဆင် အတည်ပြုလိုက်သော အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ပြစ်ဒဏ်များတွင် ထောင်ဒဏ်နှင့် ငွေဒဏ်များပါ ဖော်ပြထားသည်။ 

အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ အယုံအကြည်ပျက်ပြားစေရန်၊ အသင်းအဖွဲ့ကွဲစေရန် သတင်းတု၊ သတင်းမှား ပြုလုပ်ဖန်တီးပါက ထောင်ဒဏ်တစ် ၁ နှစ်မှ ၃ နှစ်၊ ကျပ်သိန်း ၅၀ ထက်မပိုသော ဒဏ်ငွေအပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန် Malware များထည့်သွင်းပြီး ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ခွင့်ပြုထားသည်ထက် ပိုသုံးခြင်းပြုလုပ်ပါက ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်၊ ကျပ်သိန်း ၃၀၀ ထက်မပိုသော ဒဏ်ငွေနှင့် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်နှင့် အခြားနိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လုံခြုံရေးအရ လျှို့ဝှက်ထားသည့် ဆိုက်ဘာအရင်းအမြစ်များကို တိုက်ခိုက်ပါက ထောင် ၃ နှစ်မှ ၇ နှစ်၊ ကျပ်သိန်း ၅၀၀ထက်မပိုသော ဒဏ်ငွေအပြင် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူအများအပြားသည် ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီဆန့်ကျင်ရေးကို ဖေ့ဘွတ်အပါအဝင် လူမှုကွန်ရက်များတွင် ရှုတ်ချပြောဆိုခြင်းများ ပြုလုပ်နေပြီး နှစ်ပတ်ခန့်အကြာတွင် ယင်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ 

ပြည်သူ့က​ ရွေးချယ်တင်​မြှောက်သောသူများကို ဖမ်းဆီးခြင်း၊ ရွေး​ကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းခြင်း စသည့် လုပ်ရပ်များကို ဆောင်ရွက်သူတို့သည် ဥပ​ဒေပြဋ္ဌာန်းပိုင်ခွင့်မရှိဟု ဒီမိုကရေစီဘက်တော်သားတို့က ထောက်ပြပြီး ကန့်ကွက်နေကြသည်။

ဥပ​ဒေသည် ပြည်သူလူထုကို အကာအကွယ်​ပေးရမည်ဖြစ်ပြီး အုပ်ချုပ်သူ​တို့ကို ထင်သလို လုပ်ပိုင်ခွင့်ပေးရန် အခွင့်အရေးပေးခြင်းမဟုတ်ကြောင်း၊ ဥပ​ဒေပါအချက်​တချို့မှာ လူ့အခွင့်အ​ရေးစံနှုန်းနှင့် သွေဖည်နေကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးဥပဒေကို ပြင်သည့်နည်းဖြင့် ဒီမိုကရေစီနိုင်ငံများတွင် မရှိသည့် ဧည့်စာရင်းတိုင်ကြားသည့် စနစ်ဆိုးကို ပြန်အသက်သွင်းရန် ကြိုးစားလိုက်သည်။

နိုင်လွတ်လုံဥပဒေကိုလည်း ပြင်ဆင်လိုက်ရာ နိုင်ငံသားတစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုတို့ကို ထိခိုက်စေမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတို့က ပြောသည်။

နိုင်ငံသားတစ်ဦး၏နေအိမ်ကို ဥပဒေအရ ဝင်ရောက်ရှာဖွေမည်ဆိုပါက အုပ်ချုပ်ရေးဖက်က သက်သေအနည်းဆုံး နှစ်ဦးခေါ်ရမည်ဟူသော အချက်ကို ပယ်ဖျက်လိုက်သဖြင့် အာဏာသိမ်းစစ်ကောင်စီက ရဲ၊ စစ်သားတို့ကို ထင်သလို ဝင်ရောက်ရှာဖွေခွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြသည်။

ဥပဒေအရ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခွင့်ရရန် စီစဉ်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးသမားတို့က ထောက်ပြသော်လည်း အာဏာသိမ်းစစ်ကောင်စီကမူ ဒီမိုကရေစီအခွင့်အရေးများကို အာမခံမည်ဟု ဆိုနေသည်။ 

ရွေးကောက်ပွဲကျင်းပပြီး နိုင်သည့်ပါတီကို အာဏာအပ်မည်ဟုလည်း ဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်သူတို့ကမူ ၂၀၂၀ နိုဝင်ဘာတွင် ပြည်သူတို့ပေးခဲ့သည့်မဲကို လေးစားရန် နိုင်ငံအနှံ့တွင် နေ့စဉ်တောင်းဆိုနေကြသည်။   

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading