ဆင်းရဲနွမ်းပါးမှုနှင့် ကလေးပြည့်တန်ဆာ

ရန်ကုန်မြို့မှ ပြည့်တန်ဆာတချို့ ကျက်စားရာနေရာတစ်ခုဖြစ်သည့် အင်းလျားကန်ဘောင်၏ ညဘက် မြင်ကွင်း။ (ဓာတ်ပုံ - ခွန်းလတ်/ Myanmar Now)

ရန်ကုန် - နေအိမ်တွင် မောင်ငယ်ဖြစ်သူကို ထိန်းကျောင်းနေရသည့်  အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည်  တစ်ပတ်ကြာပျောက်နေသည့် မိခင်ဖြစ်သူ အိမ်ပြန်ရောက်လာသဖြင့်  ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း ထိုအပျော်က ကြာကြာ မခံပါ။

သူ့မိခင်က တုန်လှုပ်ဖွယ် သတင်းဆိုးနှစ်ခု ယူလာသည်။ မိခင်ဖြစ်သူသည်  ပြည့်တန်ဆာအလုပ် လုပ်ကိုင်ကာ မိသားစုကို ရှာဖွေ ကျွေးမွေးနေသူဖြစ်ပြီး သူ၏ အပျိုစင်ကိုလည်း  အမျိုးသားတစ်ဦးထံ သိန်းဆယ်ဂဏန်းဖြင့် ရောင်းချရန် သဘောတူခဲ့ပြီးပြီဟူသော အချက်နှစ်ခု ဖြစ်သည်။

မဝတ်ရည် (အမည်လွှဲ) သည် ဖခင် နောက်အိမ်ထောင်ပြု၊ မိခင် အိမ်အပြင်ထွက် အလုပ်လုပ်သောကြောင့်  အိမ်မှုကိစ္စများနှင့် မောင်ငယ်ဖြစ်သူကို စောင့်ရှောက်ခြင်း တာဝန်များ ယူရန်  ၇ တန်း  တက်နေစဉ်မှာပင်  ကျောင်းထွက်လိုက်ရသည်။   ရန်ကုန်မြို့  ဆင်ခြေဖုံးရှိ သူတို့၏ ဓနိမိုးမလုံသည့်အိမ်ကို မိုးတွင်းအမီ ပြင်ရေး၊ ၅ တန်းကျောင်းသား မောင်ငယ်ကို ကျောင်းအပ်ရေး စသည့် စရိတ်စကများ၊ တင်နေသည့် အကြွေးတချို့တို့အတွက် သူ့အပျိုစင်ဘဝကို  ပွဲရုံပိုင်ရှင်တစ်ဦးထံ ရောင်းချရန် မိခင်က ဆုံးဖြတ်ခဲ့ကြောင်း မဝတ်ရည်က ပြောသည်။

“ရမှာက သိန်း ၃ဝ တောင် တဲ့။ ညည်းက တစ်ခါမှ မလုပ်ဖူးတော့ နာမှာစိုးလို့ မသွားခင်ကတည်းက လမ်းထိပ်က ဆေးခန်းမှာ ထုံဆေး ထိုးပေးဖို့လည်း ငွေကြိုပေးထားပြီးပြီ တဲ့။ ဟိုလူကြီးပေးတဲ့ငွေလည်း ကြိုယူထားပြီးပြီ တဲ့။ အဲဒီညက သမီး တစ်ညလုံး ငိုတယ်” ဟု သူက ဆက်ပြောသည်။

ထိုဖြစ်ရပ်နှင့် မိသားစု စားဝတ်နေရေး  အခြေအနေတို့က သူ့ကို ပြည့်တန်ဆာတစ်ဦးဖြစ်လာစေရန် တွန်းပို့ခဲ့ပြီး ဘုရင့်နောင်စျေးအနီးရှိ  အနှိပ်ခန်းတစ်ခုသို့ ရောက်သွားသည်။ အနှိပ်ခန်းပိုင်ရှင်က ခေါင်းပုံဖြတ်သော၊ ဘဝတူ လုပ်ဖော်ကိုင်ဖက်တို့နှင့် အဆင်မပြေသော ထိုနေရာတွင် ၂ လကြာ  လုပ်ကိုင်ခဲ့ပြီးနောက် မဝတ်ရည်သည်  လမ်းပေါ်တွင် ဖောက်သည် မျှော်သူတစ်ဦးဖြစ်လာသည်။ သူ့ဖောက်သည် အများစုက သူ့ထက် အသက် နှစ်ဆ ကြီးကြရာ မျက်နှာသေးသေးဝိုင်းဝိုင်း၊ အရပ် ၄ ပေ ကျော်ကျော် မဝတ်ရည်သည်  တည်းခိုခန်းများသို့  သူ့အဖေအရွယ်လူကြီးတစ်ဦးဦးနှင့် ရောက်သွားတတ်သည်။   

အပျိုစင်စျေးကွက်

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပြဿနာများကြောင့်  ပြည့်တန်ဆာလောကအတွင်း ရောက်သွားသည့် မိန်းကလေးများထဲတွင် မဝတ်ရည်ကဲ့သို့ အပျိုစင် ရောင်းစားခံရသူများလည်း ပါဝင်သည်ဟု ကျန်းမာရေး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း   Marie Stopes International Myanmar ၏ မြန်မာပြည်ဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောသည်။

အပျိုစင်မိန်းကလေးနှင့် လိင်ဆက်ဆံလျှင် နုပျိုသည်၊ ကျန်းမာသည်၊ အသက်ရှည်သည်၊ HIV ပိုး ပျောက်တတ်သည်ဟု  တလွဲယုံကြည်နေသူတချို့ကြောင့် အပျိုစင် စျေးကွက် ရှိနေမြဲဖြစ်သည်ဟု သူက သုံးသပ်သည်။

 “ကလေးတစ်ယောက်ကို အလုပ်ကြမ်းခိုင်းတာတောင် လုံးဝ မဖြစ်သင့်ဘူးလို့ အားလုံး လက်ခံနေကြချိန်မှာ လိင်ကိစ္စမှာ အသုံးချတာဟာ လုံးလုံး မဖြစ်သင့်ဘူး” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

အသက်မပြည့်သေးသူ  အများစုသည် ဝင်ငွေကောင်းသည့်အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့်  မိသားစု အခက်အခဲများကြောင့် မြို့ကြီးများသို့ ရောက်လာကြခြင်း ဖြစ်ကြောင်း  မြန်မာနိုင်ငံတဝန်း ပြည့်တန်ဆာများ ပါဝင်သော ကွန်ရက်အဖွဲ့တစ်ခုဖြစ်သည့် Sex Worker in Myanmar Network  မှ ဒေါ်သူဇာဝင်းက သုံးသပ်သည်။

“ကလေးပြည့်တန်ဆာတွေ အများစုက အပျိုစင်ကို တစ်နည်းနည်းနဲ့ အကြမ်းဖက်ခံရပြီးတော့မှ ဒီလောကထဲကို ရောက်လာ တဲ့သူတွေပါ။ သူတို့ရဲ့ အပျိုစင်ကိုလည်း မိဘသော် လည်းကောင်း၊ အုပ်ထိန်းသူသော်လည်းကောင်း အသုံးချပြီး ရောင်းကြတာတွေများတယ်” ဟု ဒေါ်သူဇာဝင်းက ပြောသည်။

အပျိုစင် ရောင်းဝယ်မှုတွင် ကာယကံရှင်မိန်းကလေးက ငွေကြေး အနည်းစုသာ ရကြသည်ဟု ဒေါ်သူဇာဝင်းက ဆက်ပြောသည်။

“ကြားထဲက ချိတ်ဆက်ပေးတဲ့ ပွဲစားတွေ၊ ပြည့်တန်ဆာခေါင်းတွေ၊ လုပ်ငန်းရှင်တွေကပဲ များများ ယူသွားကြတာ”  

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အကြား အမျိုးသမီးများထဲမှ ဝ.၄၅ ရာခိုင်နှုန်းသည် အခကြေးငွေကို တိုက်ရိုက် ယူပြီး လုပ်ကိုင်နေကြသည့် လိင်အလုပ်သမအဖြစ် ရှိနေသည်ဟု ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အစိုးရတို့ ၂ဝ၁၃ ခုနှစ်က ကောက်ခံထားသည့် ခန့်မှန်းခြေစာရင်းများအရ သိရသည်။ အရေအတွက်အားဖြင့် ၄ဝ,ဝဝဝ မှ ၈ဝ,ဝဝဝ ကြား ရှိမည်ဟု ခန့်မှန်းထားသည်။

သောင်းနှင့်ချီရှိသော ပြည့်တန်ဆာများထဲတွင် အသက်မပြည့်သေးသူ တချို့လည်း ပါဝင်သည်ဟု ဒေါက်တာစစ်နိုင်က ယူဆသည်။

အသက်မပြည့်သေးသူနှင့် လိင်ဆက်ဆံလျှင် အပေးအယူမျှတမှု မရှိနိုင်သဖြင့် စိတ်ကျေနပ်မှု ပြည့်ဝနိုင်မည် မဟုတ်သည့်အပြင် လူ့ဘောင်အသိုင်းအဝိုင်းတွင် မသင့်လျော်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရန်ကုန်၊ လှိုင်သာယာမြို့နယ်နေ အသက် ၂၁ နှစ်အရွယ်ရှိ ပြည်တန်ဆာတစ်ဦးဖြစ်သည့် မပို့ပို့ (အမည်လွှဲ) က ဆိုပါသည်။

အပျိုစင်စျေးကွက်သို့ ရောက်ရှိပြီး လိင်လုပ်ငန်းတွင် ဆက်လက် ပါဝင်လာကြသူတို့သည် ပြည့်တန်ဆာလောကမှ ရုန်းထွက်ရန် ခဲယဉ်းကြောင်း၊  အသက်ငယ်ရွယ်သူ ပြည့်တန်ဆာတို့သည် လမ်းပေါ်တွင်ဖောက်သည်ရှာရသည်ထက် ပိုမို လုံခြုံသော အလှပြင်ဆိုင်၊ အနှိပ်ခန်း အမည်တပ်ထားသည့် နေရာများကို ပိုမို အမှီပြုလုပ်ကိုင်ကြကြောင်း မပို့ပို့က  ပြောသည်။

“အဖမ်းခံရတဲ့ အတွေ့အကြုံ ရှိဖူးထားသူတွေကတော့ တစ်မျိုး ပေါ့။ ကျွန်မတို့အနေနဲ့ လမ်းပေါ်ကို ထွက်လုပ်ရမှာ ကြောက်တယ်” ဟု ယမန်နှစ်က အိမ်ထောင်ကွဲပြီး ပြည့်တန်ဆာလောကသို့ ရောက်လာသည့် ကလေးတစ်ယောက်မိခင် မပို့ပို့က ရှင်းပြသည်။

ပြည့်တန်ဆာနှင့် ဥပဒေ

ပြည့်တန်ဆာများကို ဖမ်းဆီးအရေးယူနေသော်လည်း  ပပျောက်သွားမည် မဟုတ်ကြောင်း ဒေါက်တာ စစ်နိုင်က ပြောသည်။

 “ဒီပြည့်တန်ဆာတွေကို တရားဝင်လုပ်တာ၊ မလုပ်တာ ကျွန်တော်ဘာမှမပြောလိုဘူး။ ကျွန်တော်တို့လုပ်နိုင်တာကတော့ ရှိနေတဲ့ ဟာကို အရှိအတိုင်း လက်ခံပြီးတော့ သူတို့အတွက် ဆိုးဝါးတဲ့ဒုက္ခတွေ မဖြစ်အောင် ကျွန်တော်တို့ဘက်ကတော့ လုပ်နေရဦးမှာပဲ” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု တန်းတူညီမျှ ရရှိရေး၊ ဥပဒေစိုးမိုးရေးဝန်ထမ်းတို့၏ အနိုင်ကျင့်မှုမှ ကင်းလွတ်ရေးတို့ အတွက် လက်ရှိ ပြည့်တန်ဆာဥပဒေက အာမခံထားခြင်းမရှိဟု လေ့လာသူတို့က ထောက်ပြကြသည်။

လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများကွန်ရက်ဖြစ်သည့် တော်ဝင်ခရေအဖွဲ့ကမူ ပြည့်တန်ဆာဥပဒေကို ပြန်လည်လေ့လာစိစစ်ပြီး အသစ် ပြန်လည်ရေးဆွဲပေးရန် တောင်းဆိုလျက် ရှိသည်။ ပြည်သူ့လွှတ်တော်တွင်လည်း လက်ရှိ ကျင့်သုံးနေသည့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြုပြင်ပြောင်းလဲရန်  ကြိုးပမ်းမှုတချို့ ရှိသော်လည်း အောင်မြင်မှုမရသေးပေ။  

ပြည့်တန်ဆာတို့ကို အရေးယူရာတွင် ၎င်းတို့၏ ဖောက်သည် အမျိုးသားတို့ကို ဖမ်းဆီးထိန်းသိမ်းရန် ဥပဒေက ခွင့်ပြုထားခြင်း မရှိဘဲ ပညာပေး ဆုံးမခြင်းသာ အများဆုံး ပြုလုပ်နိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊  မှုခင်းစာရင်းဌာနမှ ဒုတိယရဲမှူး ဒေါ်သီသီမြင့်က ပြောသည်။

ရန်ကုန်တွင် ပြီးခဲ့သည့်နှစ်အတွင်း အရေးယူခဲ့သည့်  ပြည့်တန်ဆာအမှုပေါင်း ၁,၇၇၂ ခုကို လေ့လာကြည့်ရာ  ၁၈ နှစ်အောက် ပြည့်တန်ဆာ အရေအတွက် အလွန်နည်းပါးသည်ဟု သူက ပြောသည်။

“အသက်မပြည့်သေးတဲ့သူတွေကို မိရင် အကျဉ်းထောင်ထဲကိုတော့ မပို့ဘူး။ လူငယ်ပြုပြင်ရေး ကျောင်းတွေမှာပဲ သူတို့ကို ပြန်ပြုစု ပျိုးထောင်ပေးတယ်။ အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးတယ်။ သူတို့ကို ဒီလောကထဲက ရုန်းထွက်နိုင်မယ့် အသိပညာတွေ သင်ပေးတယ်” ဟု ဒေါ်သီသီမြင့်က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂ဝဝ၂ ခုနှစ်က ဖွင့်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းကလည်း မန္တလေးတွင် တစ်ခု ထပ်ဖွင့်ထားသည်ဟု  ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော်သို့ သွားရောက် ရှင်းလင်းခဲ့သည်။  

လိုအပ်နေတဲ့လိင်ပညာပေး

အသက်မပြည့်လျှင် လိင်အင်္ဂါ ဖွံ့ဖြိုးမှု အားနည်းနေတတ်သဖြင့် ထိခိုက်ပွန်းပဲ့မှု ပိုဖြစ်လွယ်ပြီး ရောဂါကူးစက်ခံရနိုင်ခြေ ပိုများကြောင်း၊  လိင်နှင့် ပတ်သက်သည့် ဗဟုသုတ နည်းပါးနေ သေးသဖြင့် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်မှုလည်း အားနည်းကြကြောင်း  ဒေါက်တာ စစ်နိုင်က ပြောသည်။

ပြည့်တန်ဆာများအတွက် ကျန်းမာရေး အသိပညာ  နှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးနေသော  Sex Worker in Myanmar Network အဖွဲ့မှ ဒေါ်သူဇာဝင်းကလည်း  လူငယ်များအတွက်   လိင်ပညာပေးမှု မရှိသလောက်ပင် ဖြစ်သည်ဟု  သုံးသပ်သည်။

“အသက်မပြည့်သေးတဲ့ ပြည်တန်ဆာတွေမှ မဟုတ်ဘူး၊  အသက်မပြည့်သေးတဲ့ အမျိုးသားတွေကပါ လိင်မှုအသိပညာကို များများသိနေဖို့ လိုတယ်။ HIV ပိုးမှ မဟုတ်ဘူး။ တခြား ကာလသားရောဂါတို့က အစ ဖြန့်ဖြူးမှုတွေ မဖြစ်အောင်ကို အသိပညာဖွံ့ဖြိုးနေဖို့ လိုတယ်” ဟု ဒေါ်သူဇာဝင်းက   ဆိုသည်။

“ပြည့်တန်ဆာလောကထဲ  နည်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ ကလေးတွေကို မိဘ၊ လုပ်ငန်းရှင်တွေကအစ အားလုံးက အကာအကွယ်ပေးဖို့လို အပ်တယ်။ သူတို့တွေဟာ တကယ်တော့ အသုံးချခံလိုက်ကြရလို့ ရောက်လာကြတာ”

လိင်ပညာပေးအစီအစဉ်များကို မကြုံတွေ့ခဲ့ဖူးသည့် မဝတ်ရည်သည် လူစည်ကားရာ လမ်းမပေါ်တွင် ဖောက်သည်ရှာရင်း တစ်နေ့ သုံးသောင်းခန့် ရသည့် အနေအထားကို ကျေနပ်ခဲ့သော်လည်း သူ့အလုပ်အကိုင်ကို အကြောက်ကြီးကြောက်အောင် ဖြစ်စေခဲ့သည်ကတော့ သူ့မိခင်၏ ကျန်းမာရေး ဆိုးရွားလာသည့် အခြေအနေပင်  ဖြစ်သည်ဟု   ဆိုသည်။ သူ့မိခင်တွင် HIV ရောဂါပိုးရှိနေပြီဟူသော တွေ့ရှိချက်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထွက်လာသည်။

“အမေကလည်း ဒီအလုပ်ထဲကပဲဆိုတော့ တနေ့နေ့ သူထိနိုင်မှာကို သူသိထားပြီးသား။ ဒါပေမဲ့ တကယ်လည်းထိရော သမီးတော်တော်လေး ကြောက်တယ်”  ဟု မဝတ်ရည်က ရှင်းပြသည်။
သူ့ဇာတိ ရန်ကုန် ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်တွင် အလယ်တန်းအထိသာ ပညာသင်ခဲ့သည့် မဝတ်ရည်အတွက် ပြည့်တန်ဆာလုပ်ငန်းမှ ရသည့် ဝင်ငွေက မက်စရာ ဖြစ်သော်လည်း  တခြား  အလုပ်အကိုင်တစ်ခုသို့ ပြောင်းလိုက်သည်။  

ရုန်းထွက်ခြင်း

ယခုတော့ မဝတ်ရည်က ရန်ကုန်မြို့ ဖုန်းပစ္စည်းအရောင်းဆိုင်တစ်ခုအတွင်း ကောင်တာ နောက်ဘက်တွင် မတ်တပ်ရပ်နေသော အရောင်းဝန်ထမ်း  ဖြစ်နေပြီး ဖုန်းအမျိုးအစား၊ စျေးနှုန်းတို့အကြောင်း ကျွမ်းကျွမ်းကျင်ကျင် ရှင်းပြနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ လုပ်သက် ၂ လကျော်ပြီဖြစ် သော်လည်း ဖုန်းအမျိုးမျိုး၏ လုပ်ဆောင်ချက်ကွာခြားပုံ၊   အခေါ်အဝေါ်တို့က သူ့အတွက် ခက်ခဲလှသော်လည်း နောက်ပြန်မလှည့်တော့ဘူးဟု   ဆုံးဖြတ်ထားသောကြောင့် လက်ရှိအလုပ်တွင်  အဆင်ပြေလာစေရန် အာရုံစိုက် သင်ယူ လေ့လာနေသည်။   

“အခု ဝင်ငွေက တစ်လကို ကျပ် ၈ သောင်းဆိုပေမဲ့  ကျွန်မ  ပိုလုံခြုံမှုရှိတယ်” ဟု မဝတ်ရည်က ပြောသည်။

မိသားစုငွေကြေးအခက်အခဲ ရှိသဖြင့် ပြည့်တန်ဆာအဖြစ် ယာယီ ပြန်လည်လုပ်ကိုင်ရန် တစ်ခါတရံ စဉ်းစားမိသော်လည်း မိခင်ဖြစ်သူက စိုးရိမ်တကြီး တားမြစ်သည်။  လူမှုရေးအဖွဲ့တစ်ခု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနေသည့် မိခင်က ရပ်ကွက်အတွင်း စျေးလှည့်ရောင်းသည်။ မဝတ်ရည်၏မောင်လေးက ကျောင်းတက်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦး၏လက်ရှိဝင်ငွေအနည်းငယ်ကို ချွေတာသုံးစွဲနေရသည်ဟု ဆိုသည်။

မဝတ်ရည်က သူ၏ ခင်ပွန်းသည်ဖြစ်လာမည့်သူကို   အတိတ်ဘဝအကြောင်း လျှို့ဝှက်မထားလိုသော်လည်း လက်ရှိ အရောင်းဆိုင်တွင်မူ အလုပ်အကိုင်တည်မြဲရေးအတွက် သူ့ဘဝအကြောင်း ဖွင့်မပြောရန် သူဆုံးဖြတ်ထားသည်။

“ကျွန်မ ဒီလိုဖြစ်ခဲ့အောင် လုပ်ခဲ့တာလို့လည်း အမေ့ကို အပြစ် မတင်ဘူး။ ကျွန်မ  တစ်ချိန် အရွယ်ရောက်လို့ အိမ်ထောင်တွေဘာတွေ ကျဦးမှာပဲ။ အဲဒီအချိန်ကျမှ ကိုယ့်သမီးတွေကို ဒီလိုမဖြစ်အောင် ကြိုးစားဖို့ပဲ စဉ်းစားတယ်” ဟု မဝတ်ရည်က ပြောသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading