CDM ကြောင့် အလုပ်ထုတ်ခံရသူတို့ အာဏာ ဆက်လက်ဖီဆန်မည်

CDM ထွေအုပ်ဝန်ထမ်းများထဲမှ အလုပ်ရပ်ဆိုင်းခံရသူ ၃၀ ရှိနေပြီး NLD ၏ လွှတ်တော်ကိုယ်စားပြုကော်မတီက ယခု အာဏာဖီဆန်နေသူများ အနာဂတ်တွင် မူလအလုပ်တာဝန်ရာထူး ပြန်ရစေမည်ဟု ပြောသည်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ မုံရွာမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦးက CDM တွင် ပါဝင်နေသည်။ (ဓာတ်ပုံ-ထက်ဖြိုး) 

ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ဧရာဝတီတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃၀ ကို နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဆိုကာ တာဝန်မှ ရပ်ဆိုင်းလိုက်သည်။ 

၎င်းတို့သည် မော်ကျွန်းနှင့် ကျိုက်လတ်မြို့နယ်တို့မှ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ တွင် တာဝန်ရပ်ဆိုင်းခံရခြင်း ဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM (Civil Disobedience Movement) တွင် ပါဝင်ခဲ့သော မော်ကျွန်းမြို့နယ်ထွေအုပ်ရုံးမှ ၂၆ ဦး ၊ ကျိုက်လတ်မှ ထွေအုပ်ဝန်ထမ်း ၄ ဦး တို့ဖြစ်ပြီး အကြီးတန်းစာရေးမှ ရပ်/ကျေး အငယ်တန်းစာရေးအဆင့်ထိ ပါဝင်ကြသည်။ 

သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်သော အလုပ်ရပ်ဆိုင်းစာတွင် “နိုင်ငံ့ဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများ၌ ပါဝင်ကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ လုပ်ငန်းခွင့်သို့ လာရောက်ရန် ပျက်ကွက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွယ်ပါဝင်ပတ်သက်ခြင်း စသည့်ကိစ္စရပ်များကြောင့်”ဟု ပါရှိသည်။

အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသော်လည်း NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့သည်။ 

လိုက်လံဖမ်းဆီးမှုများရှိနေသောကြောင့် CDM တွင် ပါဝင်သော အဆိုပါဝန်ထမ်း ၃၀ ဦးမှာ တိမ်းရှောင်နေရပြီး ၎င်းတို့ နေထိုင်စားသောက်ရေးနှင့် လုံခြုံရေးအတွက် ကူညီပေးရန် စီစဉ်နေကြောင်း ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင် မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ပြောသည်။

ကျိုက်လတ်မြို့နယ် ထွေအုပ်ဝန်ထမ်း ၄ ဦးလည်း ဖေဖော်ဝါရီ ၁၄ တွင် အလုပ်ရပ်ဆိုင်းခံရပြီး ၎င်းတို့အနက် အကြီးတန်းစာရေးတစ်ဦးသည် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ရရှိထားသူ ဖြစ်သည်။ 

“ပြည်သူတွေ ခံစားနေရတာကို ကိုယ်လည်းထပ်တူ ခံစားပြီးတော့မှ ဒီဆန္ဒဖော်ထုတ်ပွဲမှာ ဝင်ပါလိုက်တာ”ဟု အလုပ်ရပ်ဆိုင်းခံရသည့် လုပ်သက် ၂၈ နှစ်ရှိ ကျိုက်လတ်မြို့နယ် ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။ 

“ကိုယ့်ကိုကိုယ် ဂုဏ်ယူပါတယ်။ နောင်တလည်းမရပါဘူး။ မလုပ်ခင်က ပထမဆုံးစဉ်းစားခဲ့တယ်။ ဘာလို့လည်းဆိုတော့ လုပ်သက်က ၂၈ နှစ်ရှိနေပြီ။ အသက်ကလည်း ၅၁ ကျော်သွားပြီ။ အခုဆိုရင် လျှော့ပေါ့ပင်စင်ယူလို့ရပြီ။ အဲ့ဒါတွေလည်း မမျှော်ကိုးတော့ဘူး” 

သက်ဆိုင်ရာမြို့နယ်များ၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဝန်ထမ်းတချို့ အလုပ်နားခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိကြပေ။

CDM တွင် ပါဝင်သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးက ထိုသို့ အလုပ်ရပ်ဆိုင်းမှုများရှိနေသော်လည်း ပါတီအရေးမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သောကြောင့် ဆက်လက်ဆန္ဒပြမည်ဟု ဆိုသည်။ 

"ဒါက ပါတီအရေးကိစ္စတွေလည်း မဟုတ်ဘူး။ ဒါက နိုင်ငံ့အရေးဆိုတော့လေ။ ကိုယ်က လယ်သမားသားသမီးဆိုတော့ အရင်ခေတ်က စနစ်ကို မကြိုက်ဘူး။ ကိုယ့်လယ်က ထွက်တဲ့စပါးလည်း ကိုယ် ကောင်းကောင်းမသုံးရဘူး။ တာဝန်ကျေ မဖြစ်မနေဘယ်လောက်ဆိုပြီး ရောင်းရတယ်၊ နေကြာတွေ စိုက်ရတယ်။ အဲ့လိုမျိုးဖိနှိပ်မှုတွေ၊ အတန်းအစားခွဲခြားမှုတွေက ကိုယ့်မိဘတွေကြုံခဲ့ရတော့ အဲ့ဒီခေတ်ကို ပြန်မရောက်ချင်ဘူး”ဟု ပြောသည်။ 

၎င်းတို့ရုံးမှ ဝန်ထမ်း ၉ ဦးသည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ဒေသအနှံ့တွင် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြမှုများ ပျံ့နှံ့နေရာ ကျန်းမာရေးဌာနဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြပြီး ထွေအုပ်နှင့် အခြားဌာနများမှ ဝန်ထမ်းများလည်း ပါဝင်လာခြင်း ဖြစ်သည်။ 

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော်သည် ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေပြီး တီးတိန်မြို့နယ် ထွေအုပ်ဝန်ထမ်း ၃၀ ကျော်အနက် သုံးပုံနှစ်ပုံက အာဏာဖီဆန်ကြောင်း လှုပ်ရှားမှုတွင်ပါဝင်နေသူများထံမှ သိရသည်။ 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများကလည်း ဖေဖော်ဝါရီ ၁၀ က  ဆိုင်ကယ်များဖြင့် မြို့တွင်း စီတန်းလှည့်ဆန္ဒပြခဲ့သည်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ မုံရွာမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦးက CDM တွင် ပါဝင်ခဲ့သည်။ 

အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ဌာနဆိုင်ရာများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်စသည့် ဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။

CDM တွင် ပါဝင်သော ကရင်ပြည်နယ်၊ ဖာပွန်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ယမန်နေ့က အလုပ်မှ ရပ်ဆိုင်းခံထားရသည်။

“ထောင်ချပစ်မယ်တို့၊ အလုပ်ဖြုတ်ပစ်မယ်တို့ ဒါမျိုးတွေတော့ ခြိမ်းခြောက်မှုတွေ ရှိနေတယ် ”ဟု ၎င်းထွေအုပ်ဝန်ထမ်းက Myanmar Now ကို ပြောသည်။

၎င်းနှင့်အတူ CDM တွင် ပါဝင်လိုသည့် ထွေအုပ်ရုံးဝန်ထမ်းများရှိနေသော်လည်း အထက်အရာရှိများ၏ ခြိမ်းခြောက်မှုအချို့ ရှိနေသဖြင့် မဝံ့မရဲဖြစ်နေကြသည်ဟု ၎င်းကပြောသည်။

အချို့ထွေအုပ်ဝန်ထမ်းအချို့မှာလည်း စစ်ကောင်စီအောက်တွင် တာဝန်မထမ်းဆောင်လိုဟု ဆိုကာ နုတ်ထွက်နေကြသည်။  

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ ရပ်ကွက်မှ  အုပ်ချုပ်ရေးမှူး ၁၃ ဦး ဖေဖော်ဝါရီ ၁၀ မှစတင်ကာ နုတ်ထွက်ခဲ့ကြသည်။ 

 ဖေဖော်ဝါရီ ဒုတိယအပတ်အထိ CDM  တွင် ပါဝင်သော ဝန်ထမ်း နှစ်သိန်းကျော်ထိ ရှိနေပြီဖြစ်ကြောင်း 7Day သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစိုးရ အဖမ်းဆီးခံ၊ အာဏာသိမ်းခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရအမတ်များဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကမူ အာဏာဖီဆန်သူများကို အားပေးလိုက်ပြီး အနာဂတ်အတွက် အလုပ်အကိုင်ဆိုင်ရာ အာမခံချက်အတွက်လည်း ကတိပေးလိုက်သည်။ 

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့်သူများ မူလအလုပ်တာဝန် ရာထူးတည်မြဲရေးအတွက် အာမခံချက် အပြည့်အဝပေးနိုင်စေရန် ဥပဒေပြဌာန်းမည်ဟု ကော်မတီ၏ ဖေဖော်ဝါရီ ၁၁ ကြေညာချက်က ဆိုသည်။

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading