သံချပ်ကာယာဉ်များ အင်အားပြသော်လည်း စစ်ကောင်စီဆန့်ကျင်ရေး အရှိန်တက်

ရန်ကုန်မြို့တွင်း သံချပ်ကာယာဉ်များဖြင့် စစ်အင်အားပြခဲ့သေည်လည်း လူထုက ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပိုမိုပါဝင်လာရေးကို ဦးတည်ပြီး ဆက်လက်ဆန္ဒပြနေကြသည်

Published on Feb 16, 2021
စစ်အာဏာရှင်ဆန့်ကျင်သည့် အမှတ်အသားဖြစ်သော လက်သုံးချောင်းထောင်ကာ လူအများအပြားက ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြသည်။ ( ဓာတ်ပုံ- Myanmar Now) 
စစ်အာဏာရှင်ဆန့်ကျင်သည့် အမှတ်အသားဖြစ်သော လက်သုံးချောင်းထောင်ကာ လူအများအပြားက ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြသည်။ ( ဓာတ်ပုံ- Myanmar Now) 

နိုင်ငံတော်အာဏာကို သိမ်းယူထားသော စစ်တပ်က ရန်ကုန်မြို့တွင်း သံချပ်ကာ ကားများဖြင့် လှည့်လည် အင်အားပြခဲ့သော်လည်း စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ ဆက်လက်အရှိန်မြင့်နေဆဲဖြစ်သည်။ 

ဖေဖော်ဝါရီ ၁၄ ညနေပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း၌ သံချပ်ကာကား လှည့်လှည်မောင်းနှင်ခဲ့ပြီး  ညပိုင်းတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးဟု ဆိုကာ စစ်ကား၊ ရဲကား၊ အချုပ်ကား၊ သံချပ်ကာယာဥ်များဖြင့် မြို့တွင်း အင်အားပြမောင်းနှင်ခဲ့သည်။ 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  နံနက် ၁ နာရီမှ ၉ နာရီအတွင်း အင်တာနက် ဖြတ်တောက်မှုကို နောက်တစ်နေ့တွင် အစပြုခဲ့ပြီး ဖောဖော်ဝါရီ ၁၆ နံနက်ပိုင်းအထိ ဖြတ်တောက်ခဲ့သည်။ 

ရုံးမတက်ရေး အာဏာဖီဆန်သည့်လှုပ်ရှားမှု ( Civil Disobdience Movement-CDM) တွင် ပါဝင်သည့် ဝန်ထမ်းများထဲမှ တချို့ကို ညအချိန်မတော် တပ်နှင့်ရဲက ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်သည့် ဗီဒီယိုဖိုင်များ အင်တာနက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက်  အင်တာနက် ယာယီဖြတ်တောက်ရန် ဆက်သွယ်ရေးအော်ပရေတာများကို ထပ်မံညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ မြို့ပေါ်တွင် စစ်အင်အားပြမှု၊ အင်တာနက် ယာယီဖြတ်တောက်မှုများ လုပ်ခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်ရနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို  တားဆီးနိုင်ခြင်း မရှိသေးပေ။

ယခင်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကို ဦးတည်ကာ ရန်ကုန်မြို့လှည်းတန်းနှင့် ဆူးလေတို့တွင် ဗဟိုပြုပြီး လူအင်အားသောင်းချီ ဆန္ဒပြခဲ့သော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဝန်ထမ်းများ ပိုမိုပူးပေါင်းပါဝင်လာရေးအတွက် အစိုးရရုံးများရှေ့ ဆန္ဒပြမှုများမှာ  ပိုမိုအားကောင်းလာသည်။

သာကေတမြို့နယ်မှ တတိယနှစ် ဥပဒေကျောင်းသားတစ်ဦးက “ စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ အလိုမရှိဘူး။ လက်ရှိ လုံခြုံရေးအခြေအနေက ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရဘူး။ ဒီစနစ် ဆိုးကို အမြစ်ပြတ် တော်လှန်မှသာ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ရောက်နိုင်မှာ။ ဝန်ထမ်းတွေအားလုံးလည်း CDM မှာ ပါဝင်ပေးစေချင်တယ်။ ဒါမှ မြန်မြန်ရနိုင်မှာ” ဟု ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဝန်ထမ်းများပိုမိုပါဝင်လာစေရေးအတွက် ရာနှင့်ချီသည့် လူငယ်များက မြန်မာ့စီးပွားရေးဘဏ်၊ အခွန်ရုံး အပါအဝင် ဗိုလ်အောင်ကျော်လမ်း၊ ကမ်းနားလမ်းတလျှောက်ရှိ အစိုးရရုံးများရှေ့တွင် နေ့စဥ် စုဝေးဆန္ဒပြကြသည်။ 

ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပိုမိုအရှိန်ရလာပြီး ယမန်နေ့ နံနက်ပိုင်းတွင် အကောက်ခွန်လုပ်ငန်း ကိုယ်စားလှယ်များ၊ အလုံမြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ EPC ရုံးချုပ်မှ လျှပ်စစ်ဝန်ထမ်းများက မြေနီကုန်းအထိ ချီတက်ဆန္ဒပြခဲ့ကြသည်။ မြေနီကုန်း ခုံးကျော်တံတားအောက်တွင် လေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ (ရန်ကုန်)၊ ကျောင်းသားသမဂ္ဂအသီးသီးမှ ကိုယ်စားလှယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စုရုံးဆန္ဒပြခဲ့သည်။ 

ဆန္ဒပြလူထုက CDM  ဘက် အာရုံပိုစိုက်လာသလို တပ်နှင့်ရဲတပ်ဖွဲ့ဝင်များကလည်း အစိုးရရုံးများနှင့် ဘဏ်များရှေ့ တွင် လုံခြုံရေး ပြောင်းလဲချထားလိုက်သည်။

ယခင်ရက်များက လူထုသောင်းချီစုဝေးခဲ့သည့် လှည်းတန်း၊ မြေနီကုန်းတို့တွင်  တပ်နှင့်ရဲ လုံခြုံရေးအင်အား အများအပြား လျော့နည်းသွားပြီး အရေးကြီးသည့်အစိုးရရုံးများရှေ့တွင် လုံခြုံရေးအင်အား ဖေဖော်ဝါရီ ၁၅ တွင် တိုးမြှင့်လိုက်သည်။

ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့တွင် သံချပ်ကာကားတစ်စီး၊ စစ်ကား ၄ စီး၊ ရေအမြှောက်ကား ၂ စီး၊ ရဲကား ၂ စီး နှင့် ရဲကား ၂ စီးတို့ဖြင့် လုံခြုံရေးယူထားသည်။

ငွေကြေးကဏ္ဍအတွက် အဓိကကျသည့် ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်ရှေ့တွင်လည်း  ရဲအင်အား သာမက  လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများပါဝင်သည့် စစ်ကား၄ စီး၊ သံချပ်ကာကား ၂ စီး နှင့် ရေအမြှောက်ယာဥ်တစ်စီးချပြီး လုံခြုံရေးယူထားသည်။ 

၎င်းတို့အနီးတွင် ရာနှင့်ချီသည့် ပြည်သူလူထုက ဗဟိုဘဏ်ဝန်ထမ်းများ CDM တွင် ပိုမိုပါဝင်လာရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ 

သဃ်န်းကျွန်းမြို့နယ်၊ ဘဏ်ရိပ်သာလမ်းတွင်မူ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ၌ ပါဝင်နေသည့် ဘဏ်ဝန်ထမ်း များကို ရဲအင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်၀ါရီ ၁၅ နံနက်ပိုင်း ၉ နာရီခန့်က လာရောက်ခေါ်ဆောင်ခဲ့သော်လည်း ရပ်ကွက်နေ ပြည်သူများက ဝန်းရံပိတ်ဆို့ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ လှည့်ပြန်သွားခဲ့ရသည်။ 

ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့်အတွက် စစ်တပ်ပိုင် မြဝတီဘဏ် မှအပ ပုဂ္ဂလိကဘဏ်အများစု ဖေဖော်ဝါရီ ၁၅ တွင် ပိတ်ထားသည်ကို တွေ့ရသည်။ 

စီဘီဘဏ်၊ ကမ္ဘောဇ၊ ဧရာဝတီဘဏ်များ အပါအဝင် ပုဂ္ဂလိကဘဏ်များ အားလုံး ပိတ်ထားပြီး ငွေထုတ်စက် (ATM) များ၌လည်း  ငွေထုတ်ယူ၍ မရတော့သည်ကို တွေ့မြင်ရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ မြဝတီဘဏ်လီမ်တက်တစ်ခုသာ ဖွင့်လှစ်လျက်ရှိပြီး ငွေထုတ်ယူလိုသူ အများအပြား ရှိနေသည်။ ဘဏ်အတွင်း လူဦးရေ ၅၀ နီးပါးကို ငွေထုတ်ပေးမည်ဖြစ်ပြီး ကျန်သူများအား နေ့စဥ် နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ်လုံခြုံရေးဝန်ထမ်းက ငွေထုတ်လိုသူများအား ရှင်းပြနေသည်ကို ယမန်နေ့က တွေ့မြင်ရသည်။ ထို့ပြင် မြဝတီဘဏ်အနီးရှိ ATM စက်မှ ငွေထုတ်ယူနိုင်သည်ကို တွေ့ရသည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ၊ အမေရိကန်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူငယ်အများအပြား က ယမန်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ 

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီတွင် စစ်အာဏာသိမ်းကောင်စီဘက်မှ ရပ်တည်သည့်အတွက် ကန့်ကွက် ကြောင်း လူငယ် ရာနှင့်ချီကာ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။ 

“ဒီမိုကရေစီ ရှင်သန်ရေး တို့အရေး၊ စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းဆီးထားသော ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ China Shame on you, We  want Democracy” စသည့် ကြွေးကြော်သံများဖြင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ဘူဂါး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် နေရာယူထားသည့် စစ်တပ်အား ဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆိုနေသည့် လူထုကို ဖေဖော်ဝါရီ ၁၄  ညနေပိုင်းက တပ်နှင့်ရဲတပ်ဖွဲ့ က အင်အားသုံး ဖြိုခွဲပြီး သတင်းရယူနေသည့် သတင်းသမား ၅ ဦးကို ဖမ်းဆီးခဲ့သည်။

မြစ်ကြီးနားတွင် သတင်းယူနေစဥ် ဖမ်းဆီးခံရသည့် သတင်းထောက်များ ပြန်လွှတ်ပေးရန်အပါအဝင် သတင်းသမားများနှင့် ပြည်သူလူထုက ကန်တော်ကြီးပတ်လမ်းရှိ ကုလသမဂ္ဂသံရုံးရှေ့ယမန်နေ့ နေ့လယ်ပိုင်း၌ ဆန္ဒပြခဲ့သည်။ ထို့နောက် အဆိုပါ ၅ ဦးကို ယင်းနေ့ နေ့လယ်ပိုင်းတွင် ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၁၅ မွန်းလွဲပိုင်းတွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ပါတီ၀င် ၁၆ ဦးခန့် ရောက်ရှိနေစဉ်  တပ်နှင့်ရဲတပ်ဖွဲ့များက အင်အားသုံးပြီး ပိတ်ဆို့ရန် ကြိုးစားရာ ထောင်နှင့်ချီသည့် လူထုက ပြန်ပိတ်ဆို့ထားပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့၀င်များ ပြန်လည် ဆုတ်ခွာသွားသည်။  

စစ်ကောင်စီက အာဏာရယူထားသည်မှာ ရက်သတ္တပတ် နှစ်ပတ်ရှိပြီဖြစ်သော်လည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မကွေး အပါအဝင် မြို့နယ်အများအပြားတွင်  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ များ နေ့စဥ်ရက်ဆက်ပြုလုပ်နေဆဲဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading