အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲ ရောက်သွားခြင်း

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းခုံးကျော်တံတားအနီး လိင်အလုပ်သမားများကျက်စားရာနေရာတစ်ခု၏ ညဘက် မြင်ကွင်း။ (ဓာတ်ပုံ - ခွန်းလတ်/ Myanmar Now)
ရန်ကုန်မြို့လယ် ပန်းဆိုးတန်းခုံးကျော်တံတားအနီး လိင်အလုပ်သမားများကျက်စားရာနေရာတစ်ခု၏ ညဘက် မြင်ကွင်း။ (ဓာတ်ပုံ - ခွန်းလတ်/ Myanmar Now)

ရန်ကုန် -  ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများ အားထားရာ ရန်ကုန်မြို့က အခမဲ့ ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်က တွေ့လိုက်ရပါတယ်။  သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင် အရွယ် အမျိုးသမီးဟာ သူ့မိခင်ဖြစ်ပြီး သူ့လိုပဲ ပြည့်တန်ဆာအလုပ် လုပ်ကိုင်သူပါ။  မိခင်အတွက် လိုအပ်တဲ့ ဆေးဝါး ထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ ဆိုပါတယ်။

ခန္ဓာကိုယ်နဲ့ရင်း အသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသား ညိုညို၊ ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က  ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံ ပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ် ရှိနေတတ်တဲ့ ဒီမိန်းကလေးကို တွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူး ဆိုတာကို    အလွယ်တကူ သတိထားမိကြပါလိမ့်မယ်။

ရန်ကုန်ရဲ့ စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက်  ဖောက်သည်တစ်ယောက်ယောက်နဲ့ ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။

“တည်းခိုခန်းထဲ ဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲ မေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ ပြောရင်လည်း မယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့ အကြိမ်လည်း မနည်းတော့ဘူး” လို့ သူက ဆိုတယ်။

လမ်းပေါ်မရောက်ခင် သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။   တကယ်တမ်းက အဲဒီနေရာဟာ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်တဲ့ နေရာပါ။  အဲဒီကို ရောက်ရောက်ချင်း သူ ပထမဦးဆုံး ဖျော်ဖြေပေးရတာကတော့  အဲဒီအနှိပ်ခန်းပိုင်ရှင်ကိုပါပဲ။

ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကို နိုင်ငံအများအပြားမှာ ဥပဒေနဲ့ တားမြစ်ထားတဲ့အတွက် တခြားလုပ်ငန်းတစ်ခု ဗန်းပြပြီး လုပ်ကိုင်ကြပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အတွက် ပေးကမ်းရမယ့်သူတွေကို ပုံမှန် ပေးကမ်းပြီး လုပ်ငန်းလည်ပတ်နေကြတယ် ဆိုတာ သူတို့ရဲ့ဖောက်သည်တွေရော၊ ဖောက်သည်မဟုတ်သူတွေပါ နားလည်ထားပြီးသားပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။   အနှိပ်ခန်း၊ ကာရာအိုကေ၊ KTV စတာတွေရဲ့နောက်မှာ တားမြစ်ထားတဲ့လုပ်ငန်း ရှိနေတတ်ပါတယ်။ တချို့ဆိုရင် အလှပြင်ဆိုင် ဗန်းပြဖွင့်တာတောင် ရှိနေပါပြီ။

ဖောက်သည်တွေ ပုံမှန်ရှိ၊ လုပ်ကိုင်သူတွေလည်းရှိ၊ တားမြစ်ပိတ်ပင်ဖို့လည်း အခက်အခဲရှိတဲ့  ဒီလုပ်ငန်းကို တရားဝင် ခွင့်ပြုပြီး စည်းကမ်းတကျ လုပ်ကိုင်ခွင့် မပေးသင့်ဘူးလားဆိုပြီး ဆွေးနွေးသူတချို့ ရှိပါတယ်။ တားမြစ်ထားတဲ့ ဒီလုပ်ငန်းထဲက အမျိုးသမီးတွေထဲမှာ တချို့က အသက် ၁၈ နှစ် မပြည့်သေးပါဘူး။ အမျိုးသမီးတွေ ပြည်တန်ဆာလောကထဲ ဝင်ရောက် လုပ်ကိုင်ကြခြင်းဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်နေတယ် လို့   Marie Stopes International Myanmar မှ မြန်မာပြည်ဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောပါတယ်။

ပြည့်တန်ဆာ လုပ်ငန်းထဲ အသက် ၁၈ နှစ်အောက် အမျိုးသမီးတွေ ရှိနေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးရေးဖို့ ကျွန်တော် မဝတ်ရည်ကို  အင်တာဗျူးဖြစ်တဲ့ အချိန်မှာတော့ သူဟာ သူ့မိခင်လို HIV ပိုး ကူးစက်ခံရမှာကို   ကြောက်ရွံ့ပြီး  ဒီ ပြည့်တန်ဆာလောကကို စွန့်ခွာဖို့ ပြင်ဆင်နေချိန်ဖြစ်နေပါတယ်။   ခန္ဓာကိုယ်ရင်းပြီး နေ့စဉ် ပုံမှန်ဝင်ငွေ သုံးသောင်းကနေ ငါးသောင်းလောက်အထိ ဝင်နေတဲ့ဘဝကနေ တစ်လမှ ကျပ် ၈ သောင်းသာရမယ့် ဖုန်း ပစ္စည်းရောင်းတဲ့ဆိုင်မှာ ဝင်လုပ်ဖို့ စီစဉ်နေတာပါ။

ကျွန်တော်တို့နိုင်ငံမှာ သူ့လို အသက် ၁၈ နှစ် မပြည့်ခင် အရွယ်ထဲက ကိုယ့်ရဲ့အပျိုစင်ကို  ရောင်းခံရ၊ အသုံးချ ခံရ၊ တချို့ဆိုရင် အကြမ်းဖက် ခံလိုက်ရပြီး ပြည့်တန်ဆာလောကထဲကို ရောက်သွားတဲ့သူ ဘယ်လောက်များ ရှိနေမလဲ၊  HIV ပိုး ကူးစက်ခံရသူ ဘယ်လောက် ရှိမလဲ။ မဝတ်ရည်နဲ့ စကားပြောနေရင်း ရှိုက်သံတွေ ကြားရပါတယ်။   ကိုယ့် သမီးလေးများ ဖြစ်ရင်တော့ … ဆိုတဲ့  ခံစားချက် ပေါ်လာတဲ့အတွက် စိတ်မကောင်းဖြစ်၊ ဆို့နင့်ခဲ့ရပါတယ်။   ကလေးအရွယ်မှာ ကတည်းက  ကြမ်းတမ်းခတ်ထန်တဲ့ဘဝကို ရောက်သွားရတဲ့သူကို  မြင်ရတော့ ဘာကိုသွားအပြစ်တင်ရမှန်း  မသိတော့ပါဘူး။

ပြည့်တန်ဆာ အလုပ်ကို  မကောင်းမှုလို့ မြင်ကြပြီး ပြည့်တန်ဆာ အမျိုးသမီးကို မကောင်းတဲ့မိန်းမ လို့ ဆိုတတ်ကြပါတယ်။  တချို့ အမျိုးသားတွေက  ကိုယ့်ဘာသာ အပျော်အပါး တိတ်တဆိတ် လိုက်စားချင်လိုက်စားမယ်၊ တိတ်တိတ်ပုန်း အငယ်အနှောင်း ထားချင်ထားမယ်၊  အများရှေ့မှာတော့ အာဘောင်အာရင်းသန်သန်နဲ့ "ဟာ …    ဒါ ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူး" လို့ ပြောကောင်း ပြောပါလိမ့်မယ်။

လိင်ပညာပေး အစီအစဉ်တွေ ရှိရမယ်၊   မဖြစ်သင့်တာကို မဖြစ်အောင် အသိပေးထားမှ   နည်းမှန်လမ်းမှန်ဖြစ်မယ်လို့ ပြောသူတွေလည်း ကဲ့ရဲ့ရှုတ်ချတာတွေနဲ့ ကြုံရနိုင်ပါတယ်။  
ပညာပေးသင့်တာပေး၊ ဆွေးနွေးသင့်တာ ဆွေးနွေးကြမယ် ဆိုရင်တော့ ရောဂါကူးစက်မှု၊ မတရားလုပ်မှုတွေ ပမာဏ အများအပြားကို လျှော့ချနိုင်ပါလိမ့်မယ်။ ပြည့်တန်ဆာနဲ့ ပတ်သက်ပြီး  ဥပဒေတွေကိုလည်း ပြင်ဆင်ရပါမယ်။ ပြင်ဆင်တဲ့အခါ လည်း  အသက် ၁၈ နှစ်အောက်တွေ ပြည့်တန်ဆာလောကထဲ ရောက်မသွားအောင် လုံလောက်တဲ့ အဟန့်အတားတွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်။

ဥပဒေတွေ ခေတ်နဲ့ လျော်ညီမယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း အရှိန်ရလာမယ် ဆိုရင် မဝတ်ရည်ကြုံတွေ့ခဲ့ရသလို ဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ လျော့နည်းသွားမှာဖြစ်ပါတယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading