စစ်ကောင်စီကို အံတုနေသည့် အလွှာစုံလူတန်းစားတို့၏ သန္နိဋ္ဌာန်

မတရားသည့်အမိန့်မှန်သမျှကို ဖီဆန်ရမည်ဖြစ်ပြီး ပြည်သူ့အာဏာ ပြန်လည်ရသည်အထိ အံတုသွားရမည်ဟု ဆန္ဒပြသူတို့က ဆိုသည်

ရန်ကုန်မြို့တွင်း ယနေ့ဖြတ်သန်းသွားလာနေသည့် တင့်ကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး တစ်ပတ်ခန့်အကြာတွင် စတင်ခဲ့သည့် မြန်မာနိုင်ငံတနံတလျားရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြမှုများသည် ဘယ်တော့မှ မရပ်တန့်တော့မည့်အသွင်ဖြင့် အရှိန်အဟုန် မြင့်မားလာနေသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အမှားအယွင်းများသည်ဟူသော အကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဘက် နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းလိုက်ပြီးနောက် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအနှံ့ သန်းနှင့်ချီသည့် ပြည်သူများက လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။

ဆန္ဒပြလူထုထဲတွင် ခေါင်းရွက်ဗျက်ထိုးဈေးသည်၊ ကျောင်းသား၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ ပုဂ္ဂလိကဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အနုပညာရှင်၊ နိုင်ငံရေးသမား၊ ရဟန်းသံဃာနှင့် တက်ကြွလှုပ်ရှားသူ စသည်ဖြင့် အလွှာစုံမှ လူတန်းစားအသီးသီး ပါဝင်ပြီး ဓမ္မဘက်က ရပ်တည်ကာ ပြည်သူ့အာဏာ ပြန်မရမချင်း စစ်ကောင်စီကို အံတုသွားမည်ဟု Myanmar Now က တွေ့ဆုံခဲ့သည့် ဆန္ဒထုတ်ဖော်သူ အသီးသီးက ပြောကြသည်။ 

“ပြည်သူ့ရဲ့အခွင့်အရေးကတော့ ပြန်ယူရမှာပဲ။ ဒီဟာက ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ” ဟု  တရားလွှတ်တော်ရှေ့နေ ဦးသန့်ဇော်တိုးက Myanmar Now ကို ပြောသည်။

ဖေဖော်ဝါရီ ၁ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ထုတ်ပြန်လိုက်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို သိမ်းယူလိုက်ခြင်းသည် ၂၀၀၈ အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ၎င်းက ဆိုသည်။

ဥပဒေပညာရှင်များသည် ဥပဒေနှင့် မညီသည့်လုပ်ရပ်များကို တည့်မတ်ပေးရန် တာဝန်ရှိပြီး စစ်ကောင်စီ၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်း ဖဲကြိုးနီတပ်ဆင်သည့်လှုပ်ရှားမှုကို ဗွေဆော်ဦး စတင်ခဲ့ပြီးနောက် ဖော်ဖော်ဝါရီ ၇ မှစတင်ကာ ဆက်တိုက်ချီတက်ဆန္ဒထုတ်ဖော်နေသည်ဟု ဦးသန့်ဇော်တိုးက ဆိုသည်။

လက်ရှိတွင် ရန်ကုန်ရှေ့နေများ ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်သောကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရနိုင်သော်လည်း ရှေ့နေများ၏ ဆန္ဒထုတ်ဖော်မှုသည် တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက်ပုံစံဖြင့် ဆက်လက်လှုပ်ရှားသွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

လူဦးရေအများဆုံးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စစ်ကောင်စီကို ဆန့်ကျင်အံတုသည့် ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၆ တွင် အလုပ်သမားများနှင့် ကျောင်းသားလူငယ်များက ဦးဆောင်ကာ လှည်းတန်းလမ်းဆုံတွင် လူဦးရေ ထောင်သောင်းချီ၍ စတင်လိုက်ပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြမှုများ ပျံ့နှံ့လာခဲ့သည်။

ဇန်န၀ါရီ ၁၄ တွင် စစ်တပ်က သံချပ်ကာကားများ၊ စစ်သားများ လမ်းမများပေါ်တွင် ချထားလိုက်သည်။ လူငယ်အများအပြားက အဆိုပါ သံချပ်ကာကားများ နောက်ခံထားပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန် တိုက်တွန်းသော လက်ကိုင်ပိုစတာများ ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်နေကြသည်။

၂၁ ရာစုတွင် လူလားမြောက်ခဲ့သော Generation Z ဟုခေါ်သည့် လူငယ်ထုက ဆန္ဒပြပွဲများကို ကိုယ်ထူကိုယ်ထ ဦးဆောင်ပြီး စစ်ကောင်စီကို အံတုနေခြင်းဖြစ်သည်။ ထိုအတူ အစိုးရဝန်ထမ်းအများအပြားကလည်း “ရုံးမတက်နဲ့ ရုန်းထွက်” ဟူသည့် ကြွေးကြော်သံများနှင့်အတူ ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Moment) တွင် အရှိန်မြင့်လှုပ်ရှားလာသည်။ 

ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှဦးဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များသည် စစ်ကောင်စီကို အံတုသည့် CDM လှုပ်ရှားမှုကို ပထမဦးဆုံးစတင်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းအများအပြား CDM တွင် ပူးပေါင်းပါဝင်ရန် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြလျက်ရှိသည်။

“အခု ကျွန်တော်တို့ ခဏတာ အပင်ပမ်းခံတာသည် ရေရှည်ကောင်းဖို့အတွက်ပါ။ ကျွန်တော်တို့ရဲ့ မျိုးဆက်၊ ကျွန်တော်တို့ တစ်နိုင်ငံလုံးကောင်းဖို့အတွက် လုပ်နေရခြင်းဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဘယ်သူမှ ပေါ်ပင်လုပ်နေတာမဟုတ်ပါဘူး။ တကယ်လိုအပ်လို့၊ တကယ်အရေးကြီးလို့ လုပ်နေရခြင်းဖြစ်ပါတယ်” ဟု လူငယ်ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာရှိန်းသူကျော်က ပြောသည်။

ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များပြန်လွှတ်ပေးရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး လူထုက မဲပေးရွေးချယ်ထားသည့် အစိုးရကို အာဏာအပ်နှင်းရန်တောင်းဆိုပြီး ပြည်သူ့အာဏာ ပြန်မရမချင်း အဆုံးထိ ဆန့်ကျင်အံတုသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့ရာတွင် CDM လှုပ်ရှားမှုတွင် မပါဝင်သေးသည့် နိုင်ငံ့၀န်ထမ်းများလည်း ရှိနေသေးသည်။

အစိုးရဝန်ကြီးဌာနများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဌာနပေါင်းစုံမှ ဝန်ထမ်းများ တစ်ညီတစ်ညွတ်တည်းပါဝင်လာပါက အစိုးရယန္တရား ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြည်သူက မဲပေးရွေးချယ်သည့် အစိုးရကို အာဏာ အပ်နှင်းနိုင်သည့် အစီအစဉ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများက ယုံကြည်နေသည်။

CDM လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်၊ အထွေထွေအုပ်ချုပ်ရေး စသည့် ဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။

“ပါဝင်တဲ့ရည်ရွယ်ချက်က ဒီအစိုးရ (စစ်ကောင်စီ) ကို လက်မခံဘူး။ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်လို့ပဲ။ ကျွန်တော်တို့ (ပြည်သူ့)အာဏာ မရမချင်း ဆက်တိုက်မှာပဲ” ဟု CDM တွင် ပါဝင်ပြီး ဖေဖော်ဝါရီ ၁၁ တွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီကလည်း  CDM လှုပ်ရှားမှု ပြုလုပ်နေသည့် ဝန်ထမ်းများနှင့် ဦးဆောင်သူဟု ယူဆရသူအချို့ကို ဖိအားပေးခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်သည့်နည်းတူ ဆန္ဒထုတ်ဖော်သူများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ရေအမြောက်ဖြင့်ဖြိုခွင်းခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီ ၉ က အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သပြေကုန်းအဝိုင်းတွင်  ဆန္ဒပြသူတို့ ပစ်ခတ်ခံရပြီး ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်း ကျည်ဆန်ထိမှန်သဖြင့် ဦးနှောက်အလုပ်လုပ်မှု ရပ်ဆိုင်းသွားရာ မိသားစုက အသက်ရှုစက်ကို ဖြုတ်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီ ဖြစ်သည်။ ဆေးပညာအရ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဓိကကျသော ဦးနှောက်သေဆုံးသွားသဖြင့် သေလူအဖြစ် သတ်မှတ်နိုင်ကြောင်း ဆရာဝန်များက ဆိုသည်။

ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့ဖြိုခွင်းလာမည်ကို စိုးရိမ်နေသူများရှိသော်လည်း စိုးစိမျှ ကြောက်ရွံ့မှုမရှိဘဲ အဆုံးထိ အံတုသွားမည့်သူများလည်းပါကြောင်း Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် ဆန္ဒပြသူများက ပြောဆိုကြသည်။

“ထွက်လာကတည်းက ကြောက်စိတ်ဆိုတာ အိမ်မှာ ထားခဲ့ပါတယ်။ ကျွန်တော်တို့ပြည်သူတွေအတွက် အကြမ်းဖက်ဖြိုခွင်းတယ်ဆိုတာကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့၊ ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်ကြီး တစ်ခုပါ” ဟု စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆူးလေဘုရားရှေ့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ဆန္ဒပြခဲ့သည့် ရွှေပြည်သာမြို့နယ်မှ ပန်းသည်တစ်ဦးက ပြောသည်။

မြန်မာပြည်သူလူထုသည် စစ်အုပ်ချုပ်ရေး၏ဆိုးမွေကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် စစ်အုပ်စုက တစ်ကျော့ပြန်အာဏာသိမ်းခြင်းမှာ အလွန်နစ်နာသည်ဟု ၎င်းက မှတ်ချက်ပြုသည်။ 

၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် စတင် ခြေဦးချလာခဲ့သော်လည်း တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အကာအကွယ်ပြုပြီး အာဏာကို ဆက်လက်ကိုင်ဆွဲခဲ့ကြောင်း၊ ယခုအခါ လူထုလက်မခံသည့် စစ်အာဏာရှင်စနစ်ကို အပြည့်အဝပုံဖော်လိုက်ခြင်းဖြစ်ကြောင်း ဆန္ဒပြနိုင်ငံရေးသမားများက ဆိုသည်။ 

“ယနေ့ဆိုရင် စစ်အာဏာရှင်စနစ် ဘွားဘွားကြီးပေါ်တာ လူတိုင်းသိတဲ့အခြေအနေဖြစ်တယ်။ တစ်ကမ္ဘာလုံးက သိတဲ့အခြေအနေဖြစ်တယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်စနစ်ကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အတူ ပြည်သူအားလုံး ဖျက်သိမ်းပစ်ကြရမှာဖြစ်တယ်” ဟု လူ့ဘောင်သစ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆူးလေမီးပွိုင့်အနီး ဆန္ဒပြပွဲတွင် လူထုကို တိုက်တွန်းပြောဆိုခဲ့သည်။

တိုင်းရင်းသားများအပါအဝင် တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထုက အလိုမရှိခြင်းကြောင့် စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်ဖြစ်ပြီး လူထုတစ်ရပ်လုံးက အဆုံးသတ်ရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

သို့သော် စစ်အာဏာသိမ်းကောင်စီအနေဖြင့် ဆန္ဒပြပွဲဦးဆောင်သူများနှင့် ထင်ရှားသည့်နိုင်ငံရေးသမားများကို ဖမ်းဆီးလျက်ရှိနေပြီး နိုင်ငံတော်တည်ငြိမ်မှုပျက်ကြားအောင် လှုံ့ဆော်ဟောပြောသည်ဟု စွပ်စွဲချက်များဖြင့် ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်အပါအဝင် ပြည်သူလူထုကြား ထင်ရှားသူ ၇ ဦးကို ဖေဖော်ဝါရီ ၁၃ တွင် ဖမ်းဝရမ်းထုတ်ထားသည်။ 

mya_2528.jpg

တင့်ကားနှင့် စစ်ကားများ ရန်ကုန်မြို့တွင်း ဖြတ်သန်းသွားလာနေသည်ကို ယနေ့တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

ထို့အတူ ညမထွက်ရအမိန့်နှင့် တစ်ခေတ်တစ်ခါက အယူအဆမတူသူများကို ပစ်မှတ်ထားရန် ပြဋ္ဌာန်းခဲ့သည့် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းသည့် အမိန့်များကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထုတ်ပြန်လာခဲ့သည့်။ လွတ်လပ်စွာပြောဆိုခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံခွင့်ကို အဟန့်အတားဖြစ်စေမည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းရန် ဥပဒေမူကြမ်းကိုလည်း အသင်းအဖွဲ့များထံမှ သဘောထားမှတ်ချက် တောင်းခံလျက်ရှိသည်။

စစ်အာဏာသိမ်းကောင်စီအနေဖြင့် ဥပဒေအရ ဖိနှိပ်ချုပ်ချယ်မှုများ၊ ဖိအားပေးဖမ်းဆီးမှုများရှိနေသည့်တိုင် မတရားသည့်အမိန့်မှန်သမျှကို ဖီဆန်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့အာဏာ ပြန်လည်ရသည်အထိ စစ်ကောင်စီကို အံတုသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူတို့က ဆိုသည်။ 

“ကိုယ့်အလုပ် ကိုယ်လုပ်မယ်ဆိုရင် မလိုအပ်တာတွေ လိုက်လုပ်စရာမလိုဘူး။ ဆရာဝန်က ဆေးကုမယ်။ စစ်သားက စစ်တိုက်မယ်။ အခုလိုမျိုး နိုင်ငံ့အာဏာကို မတရားသဖြင့်သိမ်းယူထားတဲ့ဟာကို ကျွန်တော်တို့ လက်မခံပါဘူး။ လက်ခံတဲ့အတွက် ကျွန်တော်တို့လုပ်နေရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာရှိန်းသူကျော်က ဆိုသည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading