CDM တွင် ရာနှုန်းပြည့်နီးပါး ပါ၀င်နေသော လေကြောင်းတက္ကသိုလ်ကို တပ်က ၀င်ရောက်ခြင်းမှာ ပါချုပ်ကို ဖမ်းဆီးလိုသောကြောင့် ဖြစ်နိုင်သည်ဟု ကျောင်းသားများက ပြောသည်
ယနေ့ (ဖေဖော်ဝါရီ ၁၄) နံနက် (၂)နာရီခွဲအချိန်တွင် စစ်ကားသုံးစီးက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ကျောင်းဝင်ပေါက်တံခါးကို သော့ရိုက်ဖွင့်လျက် ဝင်ရောက်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။
စစ်သားအင်အား (၂၀)ကျော်က တက္ကသိုလ်ဝင်းထဲ၌ ဆရာဆရာမများ ၊ ဝန်ထမ်းများပါဝင်သောလူအုပ်နှင့် နာရီ၀က်ကြာ ထိပ်တိုက်တွေ့ခဲ့ကြောင်း အဆိုပါကျောင်းသားကပြောသည်။
"အဓိကက ပါချုပ်ကိုလာဖမ်းတယ်လို့ ယူဆပါတယ်။ ဝန်ထမ်းလိုင်းခန်းမရောက်ခင် ဆရာတွေ၊ ကျောင်းကဝန်ထမ်းတွေနဲ့ တိုးသွားတာပါ" ဟု ၎င်းကပြောသည်။


စစ်တပ်ဂုဏ်သိက္ခာထိခိုက်စေနိုင်သည် မည်သည့် အပြုအမှုမျှ မပြုလုပ်ကြရန်၊ ဆရာ ဆရာမများ အနေဖြင့် ပညာတတ်များ ပီသစွာ ပြုမှုနေထိုင်ရန် လာရောက်စီးနင်းသည့်အဖွဲ့က သတိပေးခဲ့ကြောင်းလည်း ၎င်းကပြောသည်။
ကျောင်းအတွင်း စစ်တပ်၀င်ရောက်ခြင်းကို အလိုအလျောက် မှတ်တမ်းတင်ထားသော CCTV လုံခြုံရေးရုပ်သံ မှတ်တမ်းများမှာ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သဖြင့် ဖြန့်ဝေခြင်းမပြုရန်၊ ဖျက်ထားပေးရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။


ဤတက္ကသိုလ် သည် လက်ရှိအချိန်တွင် CDM ၉၅ % ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
ကျောင်းအတွင်း စစ်ကားများ ၀င်ရောက်မှုနှင့် ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရအရာရှိကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ညသန်းခေါင်တွင် CDM ကို ထောက်ခံသည့် မန္တလေးဆေးတက္ကသိုလ်ပါချုပ်ကိုဖမ်းရန် ကြိုးစားသော်လည်း အိမ်နီးချင်းများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။
စစ်အာဏာသိမ်းမှုအပြီး လူထုအုံကြွမှု တဖြည်းဖြည်း ကြီးမားလာသကဲ့သို့ ဌာနဆိုင်ရာ ၀န်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုကလည်း အရှိန်ရလာသည်။
အားလုံးပါ၀င်နိုင်သော လှုပ်ရှားမှုဖြစ်သည့် ည ၈ နာရီတိုင်း သံပုံးတီးကြသည့် အစီအစဉ်ကိုလည်း မြို့နယ်အသီးသီးတွင် တွေ့နိုင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












