ရန်ကုန် - အငြင်းပွားဖွယ် ပညာရေးဥပဒေမူကြမ်း ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းကြောင်း စိတ်ပျက်ဖွယ်ရာ သတင်းများမှာ မြန်မာပြည်အရှေ့ပိုင်းဒေသဘက် ခရီးလွန်နေသူ မသန်း၏ မိုဘိုင်းဖုန်းသို့ မတ်လ ၁ဝ ရက်နေ့တွင် ဝင်လာသည်။
ရန်ကုန်နှင့်ကပ်လျက်တည်ရှိရာ ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့လေးတွင် နှိမ်နင်းမှု အစပြုချိန်၌ တက်ကြွ လှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် မသန်းက အလုပ်ကိစ္စတစ်ခုကြော

ကီလိုမီတာ ၅ဝဝ ခန့် ခရီးသွားနေချိန်ဖြစ်သည်။
ထိုအချိန်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ သတင်းအချက်အလက်များကို Viber အုပ်စုသုံးစုအတွင်းမှ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဘက်များက မျှဝေပေးပို့နေကြသောကြောင့် မသန်းက ဖြစ်ပျက်နေသည်များကို မပြတ် သိရှိနေသည်။


“ကြားကြားချင်းကတော့ အရမ်း စိတ်ပူသွားတာ။ မောင်နှမတွေလို နေနေကြတဲ့သူ တော်တော်များများက အပြင်စည်းထဲမှာ ရောက်နေတာလေ။ ဖုန်းတွေ လိုက်ဆက်တော့လည်း ဆက်လို့ မရ၊ လိုင်းတွေက မကောင်း၊ သိပ်ပြီး စိတ်မချရတော့ဘူးလို့ ထင်တယ်” ဟု ၂၈ နှစ်အရွယ် မသန်းက ရန်ကုန်မြို့ရှိ ကဖေးဆိုင်တစ်ခုတွင် ပြောပြခဲ့သည်။
“အဲဒီတချိန်လုံး Viber နဲ့ပဲ လှမ်းပြီး စကားပြောလို့ရတာ။ Viber က ဖုန်းထက်စာရင် အလုပ်ဖြစ်တယ်။ တက်လာသမျှ အခြေအနေပေါ် မူတည်ပြီး အကြံ ပေးတဲ့သူတွေကလည်း ဘယ်လိုလုပ်၊ ဘယ်လိုမလုပ်နဲ့ ဆိုပြီးတော့ အကြံပေးလို့ရတယ်။ ဟိုမှာရောက်နေတဲ့သူတွေကလည်း သုံးလို့ရတယ်”


Viber ကို အစ္စရေးနိုင်ငံသား လေးဦးက ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ စာရေးသား ဆက်သွယ် ပေးပို့နိုင်သည့် စမတ်ဖုန်းသုံးအပလီကေးရှင်း Viber သည် Facebook, WhatsApp တို့နှင့် ယှဉ်လျှင် လူသိနည်းသော်လည်း မြန်မာနိုင်ငံတွင်မူ တက်ကြွလှုပ်ရှားသူများ၊ အကူအညီပေးရေး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာတို့အတွက် လွန်စွာ အသုံးဝင်နေသည်။
မြန်မာနိုင်ငံသည် ဆက်သွယ်ရေးကဏ္ဍကို ဆယ်စုနှစ်များစွာ ကန့်သတ် ထိန်းချုပ်ထားပြီး အတိုက်အခံလုပ်သူတို့ကို ကိုင်တွယ်ရာတွင် သုံးနိုင်သော ဖိနှိပ်သည့် ဥပဒေများစွာ ပြဋ္ဌာန်းခဲ့သည်။
ကမ္ဘာပေါ်တွင် Viber အသုံးပြုနေသူ တစ်လလျှင်၂၃၆ သန်း ရှိသည့်အနက် ၁၂ သန်းနီးပါးမှာ မြန်မာနိုင်ငံမှဖြစ်သည်ဟု ကုမ္ပဏီ၏ စျေးကွက်အရာရှိချုပ် မာ့ခ်ဟာဒီက Myanmar Now နှင့် အီးမေးလ်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထိုပမာဏသည် WhatsApp အသုံးပြုသူ သန်း ၈ဝဝ၊ Facebook ချက်တင် အသုံးပြုသူ သန်း ၆ဝဝ၊ WeChat သုံးသူ သန်း ၅ဝဝ၊ Skype သုံးသူ သန်း ၃ဝဝ တို့နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်။
သို့သော် သတင်းနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အဦးနည်းပညာ အားနည်းနေဆဲဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်အထိ ပုဂ္ဂလိက ဆက်သွယ်ရေးလုပ်ငန်းများ မရှိသေးသော မြန်မာနိုင်ငံတွင်မူ Viber ၏ ပျံ့နှံ့မှုက လွန်စွာ အားကောင်းနေသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅၇၇ ဦးကို ယမန်နှစ်က လေ့လာရာတွင် ၇၉ ရာခိုင်နှုန်းက Viber သုံးသူများဖြစ်ပြီး ၂၇ ရာခိုင်နှုန်းကသာ Facebook သုံးကြောင်း တွေ့ရသည်။
Viber ကို လူကြိုက်များခြင်းသည် အသုံးပြုရ လွယ်ကူခြင်းဟူသော အချက်လည်း ပါဝင်ကြောင်း နည်းပညာနယ်ပယ်၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများကို ဆက်စပ်ပေးကာ နည်းပညာဖွံ့ဖြိုးရေး အကူအညီပေးနေသော ဖန်တီးရာ အဖွဲ့ ထူထောင်သူ ဒေးဗစ်မက်ဒင်က ပြောကြားသည်။
Facebook အကောင့်တစ်ခုဖွင့်ရန် အီးမေးလ်လိပ်စာ လိုအပ်သော်လည်း Viber အကောင့် ဖွင့်ရေးမှာ ဖုန်းနံပါတ် တစ်ခုသာ ရှိရန် လိုသည်ဟု သူက ထောက်ပြသည်။
“ဖုန်းတစ်လုံးရှိတယ် ဆိုတာနဲ့ ခင်ဗျား Viber သုံးလို့ရနေပြီ” ဟု ရန်ကုန်မြို့လယ် အထပ်မြင့်တိုက်ပေါ်ရှိ Phandeeyar ရုံးတွင် ဒေးဗစ်မက်ဒင်က Myanmar Now ကို ပြောသည်။
“မြန်မာနိုင်ငံလို အင်တာနက်လိုင်းအား မကောင်းတဲ့ နေရာမျိုးမှာတောင် Viber က အလုပ်ဖြစ်နေတာပါ။ ဒါ့ကြောင့် တခြားပြိုင်ဘက်လုပ်ငန်းတွေထက်စာရင် ဆက်သွယ်တာတို့၊ ဖိုင်ပို့တို့မှာ ပိုပြီး သွက်လက် ထိရောက်ပုံ ရပါတယ်”
လွန်ခဲ့သည့် သုံးနှစ်ခန့်က Viber စတင် အသုံးပြုခဲ့သည့် မသန်းက “ချင်းပြည်နယ်လိုမျိုး Facebook ဖွင့်လို့မရတဲ့ နေရာတွေမှာတောင် Viber ကို သုံးလို့ရတယ်” ဟု ပြောကြားသည်။
သို့သော်လည်း မသန်းကဲ့သို့ တက်ကြွလှုပ်ရှားသူများကို နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်သော ဥပဒေတို့က ဘေးအန္တရာယ်ပေးနိုင်သည်ဟု အိုင်တီ ကျွမ်းကျင်သူများက သတိပေးထားသည်။ ချက်တင် ဆော့ဖ်ဝဲအများစုသည် လုံခြုံရေး စိတ်မချရဘဲ အသုံးပြုသည့်အခါတွင်လည်း အစိုးရအဖွဲ့အစည်းများက ထိုးဖောက်ကြည့်ရှုခြင်း၊ ဟက်ကာများ၏ တိုက်ခိုက်ခြင်း စသည်တို့ကို ခံရနိုင်သည်ဟု ၎င်းတို့က ဆိုသည်။
ဇူလိုင် ၈ ရက်နေ့တွင် ဝီကီလိခ်က ထုတ်ပြန်သော အီးမေးလ်များကြောင့် ဤစိုးရိမ်ပူပန်မှုတို့ ပိုမိုမြင့်တက်လာသည်။ ထိုအီးမေးလ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနကို ကိုယ်စားပြုသည် ဟုဆိုကာ မြန်မာကုမ္ပဏီတစ်ခုသည် အီတလီအခြေစိုက် လျှို့ဝှက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုကို ဆက်သွယ်ခဲ့သည်ဟု ဧရာဝတီသတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မိုဘိုင်းပစ္စည်းများ အသုံးပြုမှု မြင့်တက်လာခြင်း
မြန်မာပြည်တွင် Viber ခေတ်စားလာခြင်းက မိုဘိုင်းဖုန်းသုံးစွဲမှု အဆမတန်များပြားလာခြင်းကို ရောင်ပြန်ဟပ်နေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတဝန်း မိုဘိုင်းဖုန်းလစဉ်သုံးသူ အရေအတွက် တိုးတက်မှု တတိယအဆင့်တွင် ရှိသည်ဟု Ericsson ကုမ္ပဏီ၏ အစီရင်ခံစာတစ်စောင်က ဆိုသည်။ ၂ဝ၁၅ ၏ ပထမ လေးလတွင် ယခင်လေးလထက် မိုဘိုင်းဖုန်းလစဉ်သုံးသူ အရေအတွက် ၅ သန်း ထပ်တိုးလာသည်။
ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာနှင့်မိုဘိုင်းဖုန်း သုံးသူတို့မှာ အဓိက အားဖြင့် လူငယ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်း ရှိရာ ထက်ဝက်မှာ အသက် ၂၇နှစ်ထက် ငယ်သူများဖြစ်နေသည်။
အသုံးပြုနေသော တယ်လီဖုန်း ဆင်းမ်ကတ် အရေအတွက်က အနည်းဆုံး ၁၈.၁ သန်း ရှိသည်ဟု Reuters သတင်းဌာနက စုဆောင်း ရရှိသည့် အချက်အလက်တို့က ဆိုသည်။ နှိုင်းယှဉ်မည်ဆိုပါက ၂ဝ၁၁ ခုနှစ်တွင် မိုဘိုင်းဖုန်းသုံးသူ အရေအတွက်က ၁.၃ သန်းသာ ရှိသည်ဟု ဆက်သွယ်ရေးလုပ်ငန်းကို လေ့လာနေသော နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေး သမဂ္ဂက ဆိုသည်။
အစိုးရချုပ်ကိုင်ထားသော ဆက်သွယ်ရေးလုပ်ငန်း MPT သည် နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းတွင် အဓိက အသာစီးရထားသော်လည်း ယမန်နှစ်ကစ၍ လုပ်ငန်းလိုင်စင်များရရှိ လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီနှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောတို့ကြောင့် အသုံးပြုသူ များပြားလာခဲ့သည်ဟု စောင့်ကြည့်သူများက ဆိုသည်။
၂ဝဝဝ ပြည့်နှစ်တွင် MPT က မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းများ စတင်ခဲ့စဉ် ဆင်းမ်ကတ်တစ်ခု၏ မှောင်ခိုစျေးကွက်တန်ဖိုးမှာ သိန်း ၅ဝ ကျော် ပေါက်စျေးရှိခဲ့ရာ ဖွံ့ဖြိုးမှုနိမ့်ကျသော မြန်မာနိုင်ငံအတွက် စျေးအလွန်ကြီးခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် နှစ်သိန်းခွဲအထိ စျေးကျဆင်းသွားသည်။ တွေ့ဆုံမေးမြန်းခဲ့သူအများစုက ထိုစဉ်က စပြီး Viber ကို သုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ ယမန်နှစ် သြဂုတ်လတွင် ကာတာနိုင်ငံအခြေစိုက် အူရီဒူးက ဆင်းကဒ်တစ်ခုလျှင် ကျပ် ၁,၅ဝဝ ဖြင့် စတင် ရောင်းချခဲ့သည်။
“ကျပ်တစ်သိန်းအောက် တန်ဖိုးနည်း Android ဖုန်းတွေ ပေါ်လာပြီးနောက်မှာ လမ်းဘေးစျေးသည်တွေ၊ ဘတ်စကားစပယ်ယာတွေနဲ့ ဆိုက်ကားသမားတွေဟာ သူတို့ရဲ့ ဖောက်သည်တွေနဲ့ ဆက်သွယ်လို့ရဖို့ မိုဘိုင်းဖုန်းတွေကို အသုံးပြုနေကြပါပြီ။ ဒီဖုန်းတွေကနေ ဝင်ငွေ ရလာနိုင်ကြပါပြီ။ မိုဘိုင်းဖုန်း ဆိုတာ အထက်တန်းလွှာတွေရဲ့ အသုံးအဆောင်ကနေ အခြေခံလူတန်းစားတွေ သုံးနိုင်တဲ့ ပစ္စည်းအဖြစ်ကို ရောက်ရှိလာပါပြီ” ဟု ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် NEX မှ အိုင်တီကျွမ်းကျင်သူ အသက် ၂၃ နှစ်အရွယ် ကိုအာကာက ပြောသည်။ NEX သည် ကိုယ့်အမည် ဖော်ပြရန် မလိုဘဲ ရင်ဖွင့်ရေးသားနိုင်သော Hush အပလီကေးရှင်းကို တီထွင်ခဲ့သည်။
“အစ်မ ထိုင်နေတဲ့ ခုံကို ကျွန်တော် Viber ကနေ မှာလိုက်တာပါ။ ရောင်းတဲ့သူကို မတွေ့ဖူးဘူး” ဟု NEX ၏ အသက် ၂၄ နှစ်အရွယ် စီအီးအို ရဲမြတ်မင်းက ဝင်ပြောသည်။ သူကလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်က စင်ကာပူတွင် ကျောင်းသွားတက်စဉ် Viber ကို စသုံးခဲ့သည်။ မိခင်ဖြစ်သူက သူ့ကို Viber မှ တဆင့် ဖုန်းခေါ်တတ်သည်။
Viber ကြောင့် အများဆုံး အကျိုးဖြစ်ထွန်းခဲ့သူတို့မှာ ယခင်က တစ်ဦးနှင့် တစ်ဦး အဆက်အသွယ် မပြတ်စေရေးအတွက် ကြိုးစားရုန်းကန်ခဲ့ရသော အကူအညီပေးရေးဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ ဖြစ်နိုင်သည်။ ယခုတော့ Viber သုံးပြီး အလုပ်ဖြစ်နေကြသည်ဟု ဆက်သွယ်စကားပြောခဲ့သော တက်ကြွလှုပ်ရှားသူ တစ်ဒါဇင်ခန့်က ဆိုကြသည်။ Facebook နှင့် အီးမေးလ်တို့ကိုလည်း သုံးသည်ဟု ဆိုသည်။
“ကိုယ့်ကွန်ရက်ထဲမှာ ရန်ကုန်မှာ မနေတဲ့လူတွေ ရှိရင်၊ ရန်ကုန်ကို အစည်းအဝေး လာမတက်နိုင်ရင် Viber က ပိုပြီးတော့ အသုံးဝင်တယ်” ဟု လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ မြန်မာကွန်ရက်အဖွဲ့မှ မဟန်နီလွင်က ပြောပြသည်။
လူထုအခြေပြုပညာရေးသင်တန်းများပေးနေသော လူငယ်ဖွံ့ဖြိုးရေးကွန်ရက်မှ ကိုသိန်းမင်းစိုးက ယနေ့ကာလနှင့် ၎င်းတို့လှုပ်ရှားမှုများ စတင်သော ၂ဝဝ၈ ခုနှစ်တို့ကြား အဓိက ကွာခြားချက်မှာ အဆိုပါ အိုင်တီဆိုင်ရာနည်းပညာများဖြစ်သည်ဟု ဆိုသည်။
ထိုအချိန်က ၎င်းတို့အတွက် ဆက်သွယ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ ကြိုးဖုန်း သို့မဟုတ် စာဖြင့် ဆက်သွယ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံအနှံ့အပြားရှိ အယူအဆ တူညီသူများကြား ချိတ်ဆက် ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ၂ဝ၁၂ တွင် သူ Viber ကို စသုံးခဲ့သည်။
“ကျွန်တော်တို့ တွေ့မြင်တာကတော့ ဟန်းဖုန်းထက် စာရင် Viber (နဲ့ခေါ်ရတာ) က စျေးနှုန်း ပိုသက်သာတယ်။ အီးမေးလ်နဲ့ ပို့လို့မရတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ ပို့တဲ့ အခါမှာလည်း ပိုလွယ်ကူပြီး မြန်တယ်လို့ ထင်တယ်” ဟု ကိုသိန်းမင်းစိုးက ပြောသည်။
ကောင်းတဲ့ ခံစားချက်လား?
အစ္စရေးစစ်တပ်မှ နည်းပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တာဝန်ယူထားသူ တယ်လ်မွန်မာကိုသည် အလွန်ဝေးလံသော အရပ်တွင် ရောက်နေသည့် ချစ်သူနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရာမှ Viber စတင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ စျေးကွက်ဆိုင်ရာ အရာရှိချုပ် ဟာဒီက ပြောပြသည်။
ထိုအချိန်က မာကိုသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ရောက်ရှိနေပြီး သူ၏ ဇနီးဖြစ်လာမည့် ချစ်သူက ဟောင်ကောင်တွင် ရောက်နေခဲ့သည်။
သူလိုချင်သည့်အရာကို ရှိနှင့်ပြီးသား အပလီကေးရှင်းများထဲမှ မတွေ့သည့်အတွက် မာကိုနှင့်အခြားသုံးဦးတို့ Viber ကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ Viber သည် “sending good Vibes” (ကောင်းတဲ့ခံစားချက်တွေ ပို့လိုက်ပါတယ်) ကို ဆိုလိုကြောင်း ဟာဒီက ရှင်းပြသည်။ ဆိုက်ပရပ်နိုင်ငံတွင် မှတ်ပုံတင်ထားခဲ့သည့် Viber ကုမ္ပဏီကို ၂ဝ၁၄ ဖေဖော်ဝါရီတွင် ဂျပန်နိုင်ငံမှ ရာကူတန်ကုမ္ပဏီကြီးက ဒေါ်လာ သန်း ၉ဝဝ ဖြင့် ဝယ်ယူလိုက်သည်။
Viber က ၂ဝ၁၄ တွင် အသစ်ထုတ်ပြန်လိုက်သည့် Public Chats မှာ သုံးစွဲသူများကို ၎င်းတို့နှစ်သက်ရာ အထင်ကရ ပုဂ္ဂိုလ်များ၊ ကုန်အမှတ်တံဆိပ်များနှင့် ချိတ်ဆက်နိုင်သည့် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဇန်နဝါရီလတွင် Viber စတင်အသုံးပြုခဲ့ရာ ယခုအခါ သူ့ကို ချိတ်ဆက်ထားသူပေါင်း ၈၅ဝ,ဝဝဝ ရှိသွားပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမားများ ထိုသို့ လုပ်ဆောင်ခြင်း မရှိကြသေးပေ။
Viber တွင် ဆွဲဆောင်မှုများ ရှိနေသော်လည်း ကျွမ်းကျင်သူများကတော့ လုံခြုံစိတ်ချသော ဆက်သွယ်ရေးနည်း မဟုတ်ကြောင်း သတိပေးနေကြသည်။
အမေရိကန်အခြေစိုက် Electronic Frontier Foundation အဖွဲ့က ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံ၏ လုံခြုံစိတ်ချရမှု အခြေအနေကို လေ့လာပြီး အဆင့် ၁ မှ ၇ အထိ အမှတ်ပေး ထားသည်။ Viber နှင့် Skype တို့က ၁ မှတ်သာ ရကြပြီး Facebook Chat, Whatsapp တို့က ၂ မှတ် ရကြသည်။
“အစိုးရက ဘယ်လိုနည်းနဲ့ စောင့်ကြည့်နိုင်သလဲဆိုတာ တက်ကြွလှုပ်ရှားသူတွေ မသိကြဘူး” ဟု ဝါရှင်တန်တက္ကသိုလ်၏ အကြီးတန်းသုတေသနအရာရှိတစ်ဦး ဖြစ်သူ ဒန်နီရယ်အာနော်ဒိုက Myanmar Now သို့ အီးမေးမှတစ်ဆင့် ပြောကြားသည်။
“Viber ဖြစ်ဖြစ်၊ Facebook ဖြစ်ဖြစ် အချက်အလက်မျှဝေတာဟာ လုံခြုံတဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ မြန်မာအစိုးရ သို့မဟုတ် အခြား တတိယအဖွဲ့အစည်းများက ကြားဖြတ် ထောက်လှမ်းတာတွေ လုပ်ဆောင်နိုင်ပါတယ်” ဟု အင်တာနက်စီမံကွပ်ကဲမှု၊ ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ကျွမ်းကျင်သူ အာနော်ဒိုက ပြောကြားခဲ့သည်။
Viber ကုမ္ပဏီမှ ဟာဒီကမူ ၎င်းတို့အနေဖြင့် လုံခြုံရေးကို အလွန် အလေးအနက်ထားပါကြောင်း၊ စာများကို ဆာဗာတွင် သိမ်းဆည်းမထားဘဲ ပေးပို့ပြီးလျှင် ဖျက်ပစ်ကြောင်း ပြောကြားသည်။
“ပေးပို့လိုက်တဲ့ စာကို လက်ခံတဲ့သူက အဆင်သင့် မဖြစ်သေးဘူး ဆိုမှ သိမ်းပါတယ်။ စာပို့လိုက်တဲ့အချိန်အထိ စိတ်ချရတဲ့ အနေအထားဖြစ်အောင် သိမ်းတာပါ” ဟု Myanmar Now သို့ ပြောကြားသည်။
လန်ဒန်အခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေးသိပ္ပံမှ အချက်အလက်နည်းပညာအစီအစဉ် မန်နေဂျာ လူစီပါဒန်က ‘မြန်မာနိုင်ငံသည် "အလွန်အရေးကြီးသော လမ်းဆုံတစ်ခု"သို့ ရောက်ရှိနေသည်ဟု ဆိုသည်။
“တက်ကြွလှုပ်ရှားသူတွေက မိုဘိုင်းဖုန်း၊ အင်တာနက် သုံးကြတဲ့အခါ ဒီဝန်ဆောင်မှုတွေက ဘာတွေလုပ်သလဲ၊ ကုမ္ပဏီတွေက ဘယ်လိုအချက်အလက်တွေကို သိမ်းဆည်းထားသလဲ၊ ကုမ္ပဏီတွေက ဘယ်အချက်တွေကို ပေးပစ်သလဲ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်” ဟု ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် သူက ပြောကြားခဲ့သည်။
ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ
ယခင်စစ်အစိုးရလက်ထက်တွင် ဝေဖန်သူများကို နှိပ်ကွပ်ရန် မကြာခဏအသုံးပြုခဲ့သည့့် ဥပဒေတို့ကလည်း ယခုထက်ထိ ရှိသေးသည်။
၂ဝဝရ ရွှေဝါရောင် အရေးအခင်းအကြောင်း ပြင်ပကမ္ဘာမှ သိရှိစေရန် ရေးသားခဲ့သော ဘလော့ဂါ နေဘုန်းလတ်သည် ထောင်ဒဏ် အနှစ် ၂ဝ နှင့် ၆ လ ပေးခံရသည်။ ထိုစီရင်ချက်တွင် ၂ဝဝ၄ ခုနှစ် အီလက်ထရောနစ် ဥပဒေနှင့် ဆိုင်သည့် ထောင်ဒဏ် ၁၅ နှစ်လည်း ပါဝင်သည်။
လူရွှင်တော်ဇာဂနာ၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါအဝင် အထင်ကရ တက်ကြွလှုပ်ရှားသူများလည်း ထိုဥပဒေဖြင့် စီရင်ခံခဲ့ရသည်။
ထိုဥပဒေအရ အစိုးရသည် ပြည်သူများကို “နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း” ဖြင့် တရားစွဲဆိုနိုင်ခွင့် ရှိနေသည်။
၁၉၉၆ခုနှစ် ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေတွင်လည်း "နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်း အချက်အလက် တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း” တို့ကို တားမြစ်ထားသည်။
“ဒီဥပဒေတွေက စာအုပ်ထဲမှာ အခုအချိန်ထိ ရှိနေသေးပြီး သူတို့ကို အဓိပ္ပာယ် သတ်မှတ်ချက် ပြန်ပြင်ဖို့၊ ပြစ်ဒဏ်ပြင်ဆင်ဖို့ လုပ်လို့ရတယ်ဆိုတာ သဘောပေါက်ဖို့ အရေးကြီးပါတယ်” ဟု အာနော်ဒိုက ပြောကြားသည်။
ဥရောပတက္ကသိုလ်အဖွဲ့အစည်းတစ်ခုမှ သုတေသီတစ်ဦးဖြစ်သော အန်ဒရီယာ ကယ်လ်ဒါရာရိုကလည်း အလားတူ သတိပေးထားသည်။
“ကွန်ပြူတာရာဇဝတ်မှုဆိုတာဘာလဲ ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က သိပ်ပြီး ကျယ်ပြန့်နေပါသေးတယ်။ အချိန်မှာ အရေးကြီးတာက အီလက်ထရွန်နစ် ဥပဒေသစ်ကို ဘယ်လို မူကြမ်း ရေးဆွဲမလဲ ဆိုတာပါပဲ။ ဒါပေမယ့် ဒါကို ဘယ်သူမှ မသိပါဘူး”ဟု ကယ်လ်ဒါရာရိုက တယ်လီဖုန်းအင်တာဗျူးတွင် ပြောပြသည်။
၂၀၁၃ ဆက်သွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်တွင် "နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ လုံခြုံရေး ကိစ္စရပ်များအတွက်”ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ကွန်ရက် အထောက်အကူပြုပစ္စည်းများကို ကြီးကြပ်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းများအတွက် လုပ်ငန်းလိုင်စင် ရှိရမည်ဟု သတ်မှတ်ထားသည်။
“အွန်လိုင်းမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုလိုမျိုး လူအခွင့်အရေးကိစ္စတွေမှာ မိုဘိုင်းကဏ္ဍက ဘယ်လို လိုက်နာသင့်တယ်ဆိုတာ ဥပဒေမှာ ဖော်ပြမထားပါဘူး။ အဲဒါက အဓိက ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတွေ လူအခွင့်အရေး၊ လူမှုရေးတာဝန်ယူမှုပိုင်း ဆိုင်ရာတွေကို ထည့်တွက်လား မတွက်ဘူးလား ဆိုတာကို ကျွန်တော်တို့က ဆန်းစစ်ရမှာဖြစ်လို့ပါပဲ” ဟု သူက ပြောကြားသည်။
နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက လူ့အခွင့်အရေးနှင့်ပတ်သက်၍ လိုက်နာသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်ဟု ဆိုသည်။ အိုရီဒူးတွင် ယင်းကဲ့သို့ ကတိကဝတ် ပြုထားမှု မတွေ့ရှိရသေးသော်လည်း ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများဖြင့် ဆောင်ရွက်သော ဘဏ်လုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကဏ္ဍဆိုင်ရာ ဝန်ဆောင်မှုများကို လိုအပ်သော နေရာများတွင် ပြုလုပ်ပေးနေသည်ဟု ဆိုသည်။
တယ်လီနောသည် ထိုင်းနိုင်ငံရေး မငြိမ်မသက်မှုကာလအတွင်း သူ၏ ဝန်ဆောင်မှုများ ရပ်ဆိုင်းလိုက်သည့်တွက် ဝေဖန်ခံခဲ့ရသည်။ အူရီဒူးသည်လည်း ကာတာနိုင်ငံတွင် ပိတ်ဆို့ဖြတ်တောက်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
နိုဝင်ဘာတွင်ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ ရှိနေသည်။
“ရွေးကောက်ပွဲကာလမှာ စောင့်ကြည့်မှုတွေ တိုးမြှင့်လာမယ်ဆိုတာကတော့ လုံးဝ ဖြစ်နိုင်ပါတယ်၊ အထူးသဖြင့်တော့ အတိုက်အခံ ပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေကိုပေါ့” ဟု လူ့အခွင့်အရေးနှင့် စီးပွားရေးသိပ္ပံမှ လူစီပါဒန်က ပြောကြားသည်။
“အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ လျှို့ဝှက်နံပါတ်တွေ အားကောင်းရမယ်၊ ပြီးတော့ ဒီနံပါတ်တွေကို သူများတွေနဲ့ မျှဝေ မသုံးဖို့ လိုပါတယ်”
တက်ကြွလှုပ်ရှားသူများကလည်း အလားတူ စိုးရိမ်မှုများ ရှိနေသော်လည်း အခြား ရွေးချယ်စရာ နည်းလမ်းမရှိကြောင်း ပြောကြားသည်။
“စိတ်ပူတာတော့ ပူတယ်။ ဒါပေမယ့် အင်တာနက် သိပ်မကောင်းလို့၊ ဒီထက် (Viber ထက်) ပိုစိတ်ချရတဲ့ သုံးလို့ရမယ့်ဟာမှ မရှိသေးတာ။ ရှိတာလေး သုံးရတဲ့ ဘဝလေ။ ဒါက ပိုပြီး အသုံးဝင်နေတာ” ဟု မသန်းက ရယ်ရယ်မောမော ပြောပြသည်။
“အစိုးရကတော့ ဆွဲချင်ရင် ဆွဲမှာပဲ။ ဒါနဲ့ မဟုတ်လည်း တခြားဟာနဲ့ ဆွဲမှာပဲ”
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











