ရခိုင်ဒေသတွင် တောင်ပိုင်းမြို့နယ်တချို့သာ အာဏာသိမ်းမှုကို ဆန့်ကျင်

သံတွဲ၊ ဂွ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များတွင် ဆန္ဒပြမှုများ ဆက်တိုက်လုပ်နေသော်လည်း စစ်ဒဏ်သင့် မြောက်ပိုင်းမြို့နယ်များတွင်မူ ဖြစ်ထွန်းမှုများကို စောင့်ကြည့်နေကြဆဲဖြစ်သည်

Published on Feb 13, 2021
ဂွမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ယနေ့ ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ-ပေးပို့)
ဂွမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ယနေ့ ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ-ပေးပို့)

တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူလိုက်မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်အချို့တွင် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ 

တောင်ကုတ်၊ သံတွဲ၊ ဂွစသည့် မြို့နယ်များမှ ဒေသခံပြည်သူများက ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်နေခြင်းဖြစ်ပြီး ၆ ရက်ခန့် ရှိပြီဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

“ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာနေမယ်။ ပြည်သူ့အစိုးရမဟုတ်တဲ့ အာဏာလုစစ်တပ်လက်အောက်မှာ မနေဘူး။ ပြည်သူ့လက်ဝယ်ရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြရာတွင် “လူငယ်တွေက လမ်းထွက်ပြီး မင်းတို့တွေက ရုံးတက်တုန်းလား။ အာဏာရှင်စနစ်ကျဆုံးရေး CDM မှာ ပါဝင်ပေး” စသည့် စာသားများဖြင့် အဓိက ကြွေးကြော်ခဲ့ကြကာ ယနေ့ ထိုင်သပိတ်မှောက်ခဲ့ကြသည်ဟု ဆန္ဒပြခဲ့သူ သံတွဲမြို့ခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြရာ၌ ယနေ့ ဖေဖော်ဝါရီ ၁၃ တွင် လမ်းမများကို ရဲက ပိတ်ဆို့ထားသောကြောင့် ထိုင်သပိတ်ဆင်နွှဲခဲ့ရကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ထိုင်သပိတ်ကို လူစုခွဲရန် ရဲတပ်ဖွဲ့က မကြာမကြာ လာပြောခဲ့ပြီးနောက် နေ့လယ် ၁၂ ခွဲခန့်တွင် လူစုခွဲခဲ့ရကြောင်း ၎င်းဒေသခံက ပြောသည်။ 

သံတွဲမြို့တွင် ဆန္ဒပြနေသည်မှာ ၄ ရက်မြောက်ဖြစ်ပြီး လူငယ်များဦးဆောင်ကာ ဒေသခံများနှင့်အတူ အခြားနယ်မှ လာရောက်နေထိုင်သူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်သည်။

အလားတူ ဂွမြို့တွင်လည်း စစ်အာဏာသိမ်းမှုအပေါ် လက်မခံနိုင်၊ အာဏာသိမ်းစစ်အုပ်စုအား အစိုးရအဖြစ် အသိအမှတ်မပြုနိုင်သောကြောင့် မြို့ပေါ်လှည့်လည်ပြီး ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဂွမြို့ခံတစ်ဦးက ဆိုသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobdience Movement - CDM) တွင် ၀န်ထမ်းများ ပါဝင်ရေးကို ဦးစားပေးလှုံ့ဆော်ခဲ့သည်ဟု သူက ဆက်ပြောသည်။ 

“အဓိက ကျွန်တော်တို့ ဆန္ဒပြတဲ့နေရာမှာ တောင်းဆိုမှုတွေနဲ့ စီတန်းလှည့်လည်ဆန္ဒပြတာတွေ ရှိတယ်။ နောက်တစ်ခု ရုံးတွေရှေ့မှာ CDM မှာ ပါဝင်ပေးဖို့နဲ့၊ နောက်တစ်ခုက CDM မှာ ပါဝင်နေတဲ့ဝန်ထမ်းတွေကို အထက်အရာရှိတွေက ဖိအားပေးခြိမ်းခြောက်တာတွေ မလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုတာတွေလုပ်တယ်” ဟု အဆိုပါ ဂွမြို့ခံက ပြောသည်။

ဂွမြို့တွင် ပညာရေးဝန်ထမ်းများအပါအဝင် ဒေသခံ လူသောင်းချီ ယနေ့ ဆန္ဒပြခဲ့ကြပြီး “မဲ”မသမာဟု စွပ်စွဲကာ အာဏာသိမ်းခြင်းသည် ဆရာ၊ ဆရာမများကို စော်ကားခြင်းဖြစ်သည်" ဟူ​သော ဗီနိုင်းများကိုင်ဆောင်ကာ မြို့ပတ်လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့အပြင် ကျောင်းသားသမဂ္ဂအဖွဲ့များ၊ သံဃာတော်များလည်း ပါဝင်ခဲ့ကြသည်။ 

ဂွမြို့နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဂွမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ ဦးညီပု၏ ကိုယ်ရေးအရာရှိ ဦးကြည်စိုးထွန်း၊ ဂွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီတို့ ထိန်းသိမ်းခံထားရသည်။ 

ဂွမြို့နယ်မှ ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ဒေသခံများက ဆိုသည်။ 

တောင်ကုတ်မြို့တွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်နေရာ ဦးဆောင်သူ  NLD ပါတီမှ စည်ပင်ဝန်ကြီးဟောင်း တောင်ကုတ်အမတ် ဦးမင်းအောင်နှင့် အခြားတစ်ဦး ထိန်းသိမ်းခံထားရသည်။ 

ရခိုင်အလယ်ပိုင်းမြို့တစ်မြို့ဖြစ်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင်လည်း ဆန္ဒပြခဲ့သော လူငယ် ၅ ဦး ပြီးခဲ့သည့်ရက်ပိုင်းက အဖမ်းခံထားရသည်။ 

သို့ရာတွင် ရခိုင်ပြည်နယ်၏ မြို့တော် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆန့်ကျင်ဆန္ဒပြမှုများ မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မြောက်ပိုင်းမြို့နယ်အများစုတွင် လုံခြုံရေးအရဆိုကာ ရွေးကောက်ပွဲ မကျင်းပခဲ့သော်လည်း တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ရခိုင်အမျိုးသားပါတီ (ANP) က အနိုင်ရထားသည်။ ANP မှ ကိုယ်စားလှယ်တစ်ဦး ဗဟိုစစ်ကောင်စီတွင် နေရာတစ်နေရာ ရယူထားသည်။

၂၀၁၈ မှ ၂၀၂၀ နိုဝင်ဘာ အစောပိုင်းအထိ နှစ်နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသည် စစ်ပွဲပဋိပက္ခများကို ထိခိုက်ခံစားခဲ့ရပြီး လူဦးရေ ၂ သိန်းကျော် နေရပ်စွန့်ခွာကာ တိမ်းရှောင်ခဲ့ရသည်။ ထို့ပြင် စစ်ပွဲများ ရပ်သွားသော်လည်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တို့ကြောင့်လည်း ရခိုင်ဒေသခံများ ထိခိုက်ခံစားခဲ့ကြရသည်။ 

မြောက်ပိုင်းတွင် ထိုသို့ ဆန္ဒပြပွဲများ မပြုလုပ်ခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) အပေါ် ဒေသခံများက နာကျည်းချက်များရှိသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသတွင် တိုက်ခိုက်ခဲ့သည့် စစ်သည်များကို ချီးကျူးခဲ့ခြင်းကလည်း ရခိုင်ဒေသခံတို့ သဘောမကျကြကြောင်း ဝံလက်ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ခိုင်ကောင်းစံက သုံးသပ်သည်။ 

" ရက္ခိုင့်တပ်တော်မှာ တိုက်ပွဲဝင်နေတဲ့သူတွေက ရခိုင်ပြည်သူတွေအတွက် အလုပ်လုပ်နေတဲ့ ရဲဘော်တွေဖြစ်တယ်။ ဆိုတော့ ရခိုင်ပြည်သူတွေရဲ့ သားသမီးတွေဖြစ်တယ်။ အဲဒီလို မြန်မာ့တပ်မတော်ဘက်က အတိုင်ပင်ခံပုဂ္ဂိုလ် NLD အစိုးရကိုယ်တိုင်ပါဝင်ပြီးတော့ အမိန့်ပေးတာမျိုး၊ ရှေ့တန်းပြန်ရဲဘော်တွေကို ချီးမွမ်းထောပနာပြုတာမျိုးကို တွေ့တော့ ပိုပြီးတော့ နာကျည်းကြတယ်" ဟု ၎င်းက ဆိုသည်။ 

ရခိုင်အမတ်များ၏ ဒေသအရေးတင်ပြမှုများ လျစ်လျူရှုခံရခြင်း၊ ကာလရှည် အင်တာနက်ဖြတ်တောက်မှုများလည်း ပါဝင်ကြောင်း ၎င်းက သုံးသပ်သည်။ 

သို့ရာတွင် ရခိုင်လူထုက စောင့်ကြည့်နေသည့် အနေအထားမျိုးရှိကြောင်း၊ ပြည်နယ်ပြင်ပတွင် ရခိုင်လူငယ်များ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည်ကို လူထုက အားရကျေနပ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

"ကျွန်တော်တို့က လူထုတွေကို ကြည့်တဲ့အခါမှာ လူထုတွေအနေနဲ့ ဒီဟာသည် စောင့်ဆိုင်းဖို့လိုတယ်။ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောနေကြတဲ့ အခြေအနေတစ်ခုမှာ ရှိတယ်။ ယင်းကြောင့် ဆန္ဒပြမှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေ ဆန္ဒပြမှုမှာ မပါဝင်ကြတာဖြစ်တယ်လို့ သုံးသပ်မိတယ်" ဟု ဦးခိုင်ကောင်းစံက ဆိုသည်။

ပါတီတစ်ခုတည်း၏ အရေးမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အရေးဖြစ်ကြောင်းကို ရခိုင်လူထုက နားလည်ကြောင်း ထည့်သွင်းပြောခဲ့သည်။ 

ဝံလက်ဖောင်ဒေးရှင်းသည် တိုက်ပွဲများကြောင့် ထိခိုက်ခံစားနေရသော ရခိုင်ပြည်သူလူထုကို ကူညီပေးနေသော စစ်တွေအခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ဖြစ်သည်။ 

ဆန္ဒမပြဖြစ်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကော်မတီဝင် ကိုတိုးတိုးအောင်က ရခိုင်လူထုနှင့် ကျောင်းသားများသည် အာဏာရှင်ကို အမြဲတော်လှန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့က အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ကတော့ တော်လှန်နေတာ ရှိတယ်။ ကျွန်တော်တို့ တော်လှန်နေလို့လည်း ကျွန်တော်တို့ရဲဘော်တချို့လည်း အခုအချိန်ထိ ထောင်ထဲမှာပဲ ရှိနေသေးတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ရရင်ရသလို တော်လှန်နေတာ။ ပြည်မမှာနေပြီးတော့ မတော်လှန်တဲ့ အချိန်ကနေစပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ခေတ်အဆက်ဆက် တော်လှန်နေကြတာပဲ လို့ ပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ်သည် စစ်ရှောင်ဒုက္ခသည်များအရေး ရင်ဆိုင်နေရပြီး စစ်ရှောင်များအတွက် ထောက်ပံ့မှုများ မရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ တွင် မဲစာရင်းမှားသည်ဟု ဆိုကာ နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်း၍ တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက် နိုင်ငံအနှံ့မြို့ကြီးများတွင် ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်နေသည်။

အရေးပေါ်ကာလကို ၁ နှစ် သတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို အာဏာအပ်မည်ဟု စစ်ကောင်စီအကြီးအကဲက ဆိုသည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကလည်း စစ်တပ်အကြီးအကဲက ရွေးကောက်ပွဲအပြီး စစ်တန်းလျားပြန်မည်ဟု ကတိပေးခဲ့သော်လည်း တပ်မတော်က ယခုအချိန်အထိ စစ်တန်းလျားမပြန်နိုင်သေးသည့်အပြင် နိုင်ငံရေး အုပ်ချုပ်ရေးတို့တွင် ထဲထဲဝင်ဝင် ပါ၀င်လျက်ရှိသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading