ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိထားသည့် လူငယ်သည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် မျှော်လင့်ချက်မဲ့နေပြီဖြစ်သည်
ရဲတပ်ဖွဲ့ပစ်ခတ်သည့် ကျည်ဆန်ဦးခေါင်းသို့ထိမှန်ခဲ့သည့် အသက် ၂၀အရွယ် မသွဲ့သွဲ့ခိုင်ကို ဦးနှောက် သေဆုံးသွားပြီဟု ဆရာဝန်များကသတ်မှတ်လိုက်ပြီး နောက်တစ်ရက်တွင် အသက်ရှုပိုက်ဖြုတ် လိုက် တော့မည်ဟု မိသားစုကဆုံးဖြတ်လိုက်ပြီဖြစ်သည်။
“ဘယ်တော့ဖြုတ်မယ်တော့ မဆုံးဖြတ်ရသေးဘူး”ဟု မသွဲ့သွဲ့ခိုင်၏ ခဲအိုက ယနေ့(ဖေဖော်ဝါရီ ၁၃) နံနက် ၁၁ နာရီခန့်တွင် Myanmar Nowကို ပြောသည်။

မသွဲ့သွဲ့ခိုင်မှာ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်၏ အချက်အခြာ သပြေကုန်းအဝိုင်း စစ်အာဏာရှင်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းရာတွင် ဦးခေါင်း ကျည်ထိခဲ့ခြင်းဖြစ် သည်။
“ဆေးပညာအရတော့ ဦးနှောက်သေသွားပြီဖြစ်လို့ သေလူလို့သတ်မှတ်လိုက်ပြီ။ အသက်ရှု စက်တပ်ထား တာကို ဖြုတ်လိုက်ရင်တော့ အချိန်အနည်းငယ် အတွင်း ဆုံးပါးသွားမှာပါ”ဟု နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ အမည်မဖော်လိုသူဆရာဝန် တစ်ဦးက ပြောသည်။


မသွဲ့သွဲ့ခိုင်၏ မိသားစုက ဦးခေါင်းအတွင်းရှိနေသည့် သေနတ်ကျည်ဆန်ဓာတ်ပုံကို တောင်းခံထားသော်လည်း မှုခင်းဆရာဝန်ကြီး၏ ဆုံးဖြတ်ချက်သာဖြစ်သဖြင့် ၎င်းတို့ခွင့်ပြုပေး၍မရဟု အဆိုပါ ဆရာဝန်က ဆက်ပြောသည်။
“ကျွန်မဆီအမှုတွဲနဲ့အကြောင်းကြားချက်မရောက်သေးလို့”ဘာမှပြောလို့မရပါဘူးဟု နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ မှုခင်းဆရာဝန်ကြီး ဒေါ်တင်မိုးမိုးခိုင်က ယနေ့မွန်းတည့်ချိန်တွင် Myanmar Now ကို မှတ်ချက်ပြုသည်။


ဖေဖော်ဝါရီ ၉ရက် သပြေကုန်းအဝိုင်း၌ ရဲတပ်ဖွဲ့ဖြိုခွင်းမှုအတွင်း မသွဲ့သွဲ့ခိုင်အပြင် အသက် ၂၃နှစ်အရွယ် ကိုဆိုဝေမှာ ရင်ဘတ်ပေါက်ထွက်ဒဏ်ရာ၊ အသက် ၂၆နှစ်အရွယ် ကိုဝင်းထက်မိုးမှာ ဘယ်ဘက်လက်ဖျံ ထုတ်ချင်းပေါက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်ထိခိုက်ခဲ့ခြင်းမရှိဘဲ ဆေးရုံမှဆင်းသွားပြီဖြစ် သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်များချက်ခြင်းလွှတ်ပေးရေး လူသန်းချီ ဆန္ဒပြမှုများ၊ အစိုးရဝန်ထမ်းများက အလုပ်မဆင်းဘဲ ရုံးမတက်နဲ့ရုန်းထွက် လှုပ်ရှားမှုများ နိုင်ငံတဝှမ်း၌ အရှိန်မြင့်နေချိန်တွင် ရဲတပ်ဖွဲ့က ဒေသအချို့တွင် အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်နေပြီး အဆိုပါ ဖြစ်စဉ် များအတွင်း မသွဲ့သွဲ့ခိုင်မှာ လုံခြုံရေးတပ်ဖွဲ့၀င်တို့၏ လုပ်ရပ်ကြောင့် ပထမဆုံးသေဆုံးခဲ့ရသူဖြစ်လာသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









