ရုံးမတက်ဘဲ ရုန်းထွက်သူ နိုင်ငံ့ဝန်ထမ်း ၃၀၀ ကျော်ကို အရပ်ဖက်အဖွဲ့များ ကူညီထား

အုပ်ချုပ်ရေးယန္တရားရပ်တန့်ရန်အတွက် အာဏာဖီဆန်သည့် “ရုံးမတက်နဲ့ ရုန်းထွက်” နှိုးဆော်မှု အရှိန်မြင့်တက်နေပြီး ရုံးမတက်သော ဝန်ထမ်းများ နေထိုင်စားသောက်ရေးကို ကူညီသူများရှိနေသည်

Published on Feb 12, 2021
အာဏာဖီဆန်ရေး "CDM “ လှုပ်ရှားမှုတွင် ပါဝင်သော ရေးမြို့မှ ပညာရေးဝန်ထမ်းများ။ (ဓာတ်ပုံ-ပေးပို့)
အာဏာဖီဆန်ရေး "CDM “ လှုပ်ရှားမှုတွင် ပါဝင်သော ရေးမြို့မှ ပညာရေးဝန်ထမ်းများ။ (ဓာတ်ပုံ-ပေးပို့)

အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် ရုံးမတက်သော နိုင်ငံ့ဝန်ထမ်းများအနက်မှ အကူအညီလိုသူ ၃၀၀ ကျော်ကို အဖွဲ့တချို့က ထောက်ပံ့နေပြီး ထိုအဖွဲ့များကို နေ့စဉ်ဆက်သွယ်သူ ရာနှင့်ချီ ရှိနေသည်ဟု သိရသည်။  

စစ်ကောင်စီအုပ်ချုပ်မှုလက်အောက်တွင် အလုပ်မလုပ်လိုဘဲ ရုန်းထွက်လာသည့် နိုင်ငံ့ဝန်ထမ်းများကို အကူအညီပေးရန် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း အကူအညီပေးရေးအဖွဲ့များ ပေါ်ပေါက်လာသည်။

Myanmar Now က မေးမြန်းထားသော အကူအညီပေးနေသည့် အဖွဲ့အချို့မှာ၂/၂၁ ခိုင်မြဲသောလက်များ၊ We Support Heros, Get Well Soon နှင့် Civil Disobedience Campaign - Myanmar Engineers တို့ ဖြစ်သည်။ 

“အာဏာဖီဆန်ဖို့၊ ရုံးမတက်ဖို့ ပြောကြတိုင်း ငါတို့ကို တင်ကျွေးထားမှာလားဆိုတဲ့စကားပေါ့။ အဲဒီအဖြေကို ကျွန်တော်တို့ စည်းလုံးခြင်းနဲ့ ဖြေကြမယ်ဆိုပြီး ဒီအဖွဲ့ကို ထောင်ဖြစ်တာပါ” ဟု Get Well Soon အဖွဲ့တွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေသူတစ်ဦးက ပြောသည်။ 

ထိုအဖွဲ့များက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူတို့ နေထိုင်စရာအခက်အခဲ၊ အစားအသောက်အခက်များကို မြန်ဆန်စွာ ဖြေရှင်းပေးနေပြီး လစာထုတ်ယူရန် ခဲယဉ်းသည့် ၀န်ထမ်းများကို ငွေကြေးအထောက်အပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ 

သို့သော်လည်း ငွေကြေးကူညီသည့်အဖွဲ့များအနေဖြင့် ခေါင်းခံငွေကိုင်ပေးမည့်သူ၊ ငွေကြေးထိန်းသိမ်းရေး၊ အလှူခံရေးနှင့် ၎င်းတို့ကိုယ်တိုင် လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ခက်ခဲနေသည်။ 

အဖွဲ့များထံမှ သိရှိရသည့် တူညီသောအချက်မှာ အကူအညီတောင်းခံသည့် ဝန်ထမ်းဦးရေ နေ့စဉ် ရာဂဏန်းခန့် ရှိပြီး အကူအညီပေးလိုကြောင်း ဆက်သွယ်လာသည့်သူများလည်း များပြားနေခြင်း ဖြစ်သည်။ 

နေထိုင်ရေးနှင့် အစားအသောက်အတွက် ကူညီပေးနေသော We Support Herosသည် နေရေးစားရေးကူညီပေးနေသည့်အဖွဲ့ဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၀၀ နီးပါးကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။ 

ရဲဝန်ထမ်းအိမ်ထောင်စု ၆ ခု၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ အခွန်ရုံးဝန်ထမ်းများ စသည့် အမျိုးစုံလင်သည့် နိုင်ငံ့ဝန်ထမ်းများက အကူအညီတောင်းခံခြင်းဖြစ်ပြီး ထိုအထဲတွင် သူနာပြုများမှာ အများဆုံးပါဝင်သည်ဟု ၎င်းက ဆိုသည်။ 

ရေတပ်မှ ရဲဘော်တစ်ဦးက ဆက်သွယ်အကူအညီတောင်းသော်လည်း ၎င်းအား လုံခြုံသည့်နေရာတွင် ထားပေးရန် ခက်ခဲသဖြင့် မကူညီလိုက်ရဟု ဆိုသည်။ 

၎င်းတို့အဖွဲ့အနေဖြင့် နေအိမ်လှူဒါန်းသည့် အလှူရှင်များနှင့် ဝန်ထမ်းများကို ချိတ်ဆက်ပေးသည့်နည်းဖြင့်  နေထိုင်စရာ၊ စားစရာကိုသာ ကူညီပေးနိုင်ပြီး ရန်ပုံငွေကောက်ခံခြင်းမရှိ၍ ငွေကြေးမကူညီနိုင်သေးပေ။

“အိမ်ခန်းလှူတဲ့သူတွေ ရှိတယ်။ တိုက်တစ်လုံးလုံး လှူတဲ့သူတွေ ရှိတယ်။ မန်းလေးမှာဆို ဟိုတယ်တစ်ခုလုံး ပေးလှူထားတာ ရှိတယ်၊ အမျိုးမျိုးပေးလှူထားတာ ရှိတယ်။ ဒီလူတွေလာနေရင် တစ်ခါတည်း ထမင်းပါကျွေးမယ်ဆိုတဲ့ အစားအသောက်ပါ ဝန်ဆောင်မှုပေးတဲ့သူတွေ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ငွေကြေးကူညီနေသည့် အင်ဂျင်နီယာအဖွဲ့ 

အင်ဂျင်နီယာများစုစည်း၍ ဖွဲ့စည်းထားသော Civil Disobedience Campaign - Myanmar Engineers သည် လစာမရနိုင်တော့မည့် ဝန်ထမ်း  ၂၀ ခန့်ကို ကူညီပေးထားပြီး အကူအညီတောင်းခံထားသည့် ဝန်ထမ်း ၆၀၀ ကျော် ရှိကြောင်း ဆိုသည်။ 

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ စသည်ဖြင့် ကချင်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး တို့မှ အများဆုံး အကူညီတောင်းခံကြကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။ 

CDM လှုပ်ရှားမှုတွင် ပါဝင်သည့်ဝန်ထမ်းများအနေဖြင့် လခမရခြင်း၊ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေးရခြင်းတို့ ကြုံတွေ့နိုင်ရပြီး အလုပ်ဖြုတ်ခံရပါက အလုပ်အကိုင်သစ် ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။ 

အင်ဂျင်နီယာများကိုယ်တိုင် ဦးစီးထားသောအဖွဲ့ဖြစ်၍ စီမံခန့်ခွဲမှု ကျွမ်းကျင်သည့်တိုင်အောင် လက်ရှိအနေအထားအရ တရားဝင်ကူ၍မရသေးကြောင်း ထိုအဖွဲ့က ဆိုသည်။

“ ကျွန်တော်တို့လို ကူနေတဲ့အဖွဲ့အစည်းတွေကို ရှေ့နေတွေ၊ Human Rights (လူ့အခွင့်အရေး) ကျွမ်းကျင်သူတွေ၊ နိုင်ငံရေးပညာရှင်တွေက ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ တရားဝင် CDM - Supporting (အာဏာဖီဆန်ရေးလှုပ်ရှားမှုအထောက်အပံ့ပေးခြင်း) အတွက် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။ 

ငွေထောက်ပံ့မည့် လူအင်အားရှိသော်လည်း တရားဝင်ငွေလက်ခံ၍ မရသည့်အပြင် ငွေအများအပြားလက်ခံပါက အဖမ်းခံရနိုင်သည့် အန္တရာယ်လည်းရှိ၍ သိုသိုဝှက်ဝှက်လက်ခံရကြောင်း ၎င်းတို့က ဆိုသည်။ 

အထူးသဖြင့် ပြည်ပမှလွှဲသော ကူငွေများကို လက်ခံရန် ခက်ခဲနေပြီး အာဆီယံနိုင်ငံများထက် ဂျပန်၊ အမေရိကန်နိုင်ငံတို့ဘက်မှ ငွေလွှဲရခက်ခဲနေသည်ဟု ဆိုသည်။ 

ကိုဗစ်နိုင်တင်း (Covid -19) ရောဂါ ဖြစ်ပွားမှု အရှိန်တက်နေစဉ်ကကဲ့သို့ ဦးဆောင်ပေးမည့် တစ်နိုင်ငံလုံးဝိုင်းလှူ၍ရမည့် ယုံကြည်ခိုင်မာသည့် ငွေကြေးအဖွဲ့ အရေးတကြီးလိုအပ်နေကြောင်း ပြောသည်။ 

၎င်းတို့အဖွဲ့အနေဖြင့်  လတ်တလောတွင် လူဦးရေ ၂၀၀ ခန့်ကိုသာ အကူအညီပေးနိုင်မည်ဟု ဆိုသည်။ 

“CDM ကသာ ပြည်သူတွေရဲ့ တစ်ခုတည်းသော အသံတိတ်လက်နက်ပါ။ ဒါကို ကူညီဖို့က လေအားထက် ငွေအားလိုအပ်လာမှာ သေချာပါတယ်... ပြည်သူတွေက CDM ဝန်ထမ်းတွေကို လုံခြုံမှုပေးနိုင်မှ ဒီအရေးတော်ပုံအောင်မြင်မှာပါ” ဟု ၎င်းတို့က ဆိုသည်။ 

စစ်အစိုးရက အသစ်ပြဋ္ဌာန်းမည့် ဆိုက်ဘာလုံခြုံရေးဥပဒေအရလည်းကောင်း၊ သတင်းမှားများနှင့် အင်တာနက်ပြတ်တောက်မှုများက CDM ကို ကူညီထောက်ပံ့မည့်အဖွဲ့အတွက် သတင်းအချက်အလက်စီးဆင်းမှု နှေးစေပြီး ပြည်တွင်းကအဖွဲ့ကိုလည်း ရိုက်ခတ်လာနိုင်ကြောင်း ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။ 

ရန်ပုံငွေထူထောင်နေသည့် ၂/၂၁ ခိုင်မြဲသောလက်များ 

ရန်ပုံငွေကောက်ခံလျက်ရှိသော “၂/၂၁ ခိုင်မြဲသောလက်များ” သည်  အနုပညာရှင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းထားသည့် အဖွဲ့ဖြစ်ပြီး ဦးဆောင်သူများတွင် ဆရာတော် ဦးသုမင်္ဂလ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မနီလာသိန်းနှင့် အဆိုတော်လင်းလင်းတို့ ပါဝင်ကြောင်း ဆိုသည်။ 

ထိုအဖွဲ့က လစာမရတော့မည့် ဝန်ထမ်းများကို ထောက်ပံ့နိုင်ရန် ရန်ပုံငွေထူထောင်နေပြီး မကြာမီရက်ပိုင်းတွင် ငွေကြေးထောက်ပံ့မည့်အစီအစဉ် စတင်တော့မည်ဟု ဆိုသည်။ 

ထို့ကြောင့် ၎င်းတို့က ရန်ပုံငွေကောက်ခံနေပြီး စေတနာရှင်များအနေဖြင့် ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူနှင့် ဇနီးသည် ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်သည့် ရန်ကုန်နာရေးကူညီမှုအသင်းတွင် လှူဒါန်းနိုင်ကြောင်း Myanmar Now ကို ပြောသည်။  

အထွေထွေကူညီသော Get Well Soon  

“Get Well Soon” အဖွဲ့က လတ်တလောတွင် နိုင်ငံ့ဝန်ထမ်း ၂၀၀ ဦးကို ငွေကြေးနှင့် နေထိုင်စရာများ ကူညီထားပြီး နောက်ထပ် ဝန်ထမ်းပေါင်း ၈၀၀ အထိကို တာဝန်ယူနိုင်မည်ဟု ဆိုသည်။

၎င်းတို့ထံ ဆက်သွယ်သော ဝန်ထမ်းအများစုမှာ CDM ပူးပေါင်း၍ ဝန်ထမ်းအိမ်ရာ နေအိမ်ဖယ်ပေးရခြင်းကို အဓိကရင်ဆိုင်နေရသည်ဟု ၎င်းက ပြောသည်။ 

“ပြည်သူအများစု လက်နက်ဆိုတာ ပြင်းပြတဲ့ စိတ်ဓာတ်ပဲ ရှိပါတယ်။ CDM မှာ ပါဝင်ပေးခြင်းအားဖြင့် ဘာလက်နက်မှ သုံးစရာမလိုဘူး။ ဘာဆို ဘာမှ လုပ်စရာမလိုပါဘူး။ CDM မှာ ပူးပေါင်းပါဝင်ပေးကြခြင်းအားဖြင့် ကျွန်တော်တို့ လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ပေးနိုင်မယ်ယုံကြည်သလို တကယ်လည်း ဖြစ်ရပ်မှန်ပါပဲ။ ပူးပေါင်းပါဝင်ပေးကြဖို့ အကူအညီတောင်းပါတယ်” ဟု ထိုအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။ 

၎င်းအဖွဲ့သည် နေရပ်ပြန်လိုသော ဝန်ထမ်းများ၊ ကျန်းမာရေးအကူအညီလိုအပ်နေပြီး စစ်ဆေးရုံက လက်မခံသည့် လူနာအချို့ကိုလည်း ကူညီပေးလျက်ရှိသည်။ 

CDM အရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ 

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အာဏာရှင်အမြစ်ဖြုတ်တော်လှန်ရေးလှုပ်ရှားမှုများ လူမှုကွန်ရက်တွင် တစ်စတစ်စ ပြင်းထန်လာသည်။ 

ညစဉ် ၈ နာရီတိုင်း သံပုံးတီးကြရန်လှုံ့ဆော်မှု တစ်နိုင်ငံလုံးတွင် အောင်မြင်လျက်ရှိသည်။ ထို့နောက်တွင်တော့ အာဏာသိမ်းအစိုးရသည် ဖေ့ဘွတ်လူမှုကွန်ယက်အသုံးပြုမှုကို ပိတ်ပင်လိုက်သည်။ 

ခဏတာပိတ်ပင်ခြင်းဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုခွင့် ပြန်ဖွင့်ပေးမည်ဟုဆိုသော်လည်း လူသုံးများလာသည့် နောက်ထပ်လူမှုကွန်ရက်တစ်ခုဖြစ်သည့် တွစ်တာကိုပါ ပိတ်လိုက်ပြီး ယနေ့တိုင် အသုံးပြုခွင့် မရရှိသေးပါ။ 

ဖေ့ဘွတ်အပြင် အင်တာနက်ကိုလည်း အကြောင်းတစ်စုံတစ်ရာမထုတ်ပြန်ဘဲ မကြာခဏ ဖြတ်တောက်ပစ်လေ့ရှိသည်။ အင်တာနက်ဖြတ်တောက်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီကဲ့သို့ သတင်းအမှားများ ပေါ်ထွက်လာပြီး လမ်းမပေါ်ထွက်၍ အောင်ပွဲခံသည့် လူစုလူဝေးများလည်း ဖြစ်ပေါ်ခဲ့သည်။ 

ထို့နောက် အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဆိုရှယ်လူမှုကွန်ရက်များဖြစ်သည့် ဖေ့ဘွတ်နှင့် တွစ်တာကို ဆက်ပိတ်ပင်ထားဆဲ ဖြစ်သည်။ 

ထို့ကြောင့် မြန်မာပြည်သူလူထုက VPN ဆိုသည့် တည်နေရာရွှေ့ပြောင်းသည့် အက်ပလီကေးရှင်းတစ်ခု ကြားခံ၍ အင်တာနက်လူမှုကွန်ရက်ကို အသုံးပြုနေရသည်။ 

ယခုအခါ လမ်းပေါ်ထွက် ဆန္ဒပြသူများမှာ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုသည့် ကြွေးကြော်သံကို ပိုမိုအရှိန်မြင့် ကြွေးကြော်သကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများကလည်း “ရုံးတက်နေတုန်းပဲလား” ဟု စာများရေးသား၍ အရှိန်မြင့် လှုံ့ဆော်လျက်ရှိသည်။ 

ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းနေသည့် ဓာတ်ပုံများ၊ ကျည်ဆန် ဦးခေါင်းကို ထိမှန်ခံရသော အသက် ၁၉ နှစ် အရွယ် “မြတ်သွဲ့သွဲ့ခိုင်” ၏ ဓာတ်ပုံကို တင်၍ ရုံးမတက်ရေး လှုံ့ဆော်နေကြသည်။ 

နာမည်ကြီးအနုပညာရှင်များဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး၊ မအေးသောင်းဟု လူသိများသည့် အေးဝတ်ရည်သောင်း၊ ခင်ဝင့်ဝါ ချစ်သုဝေ၊ ဒါရိုက်တာဏကြီး၊ ဇဏ်ခီ စသူတို့ကလည်း ရုံးမတက်ရေးလှုပ်ရှားမှု (CMD) ကို အရှိန်မြင့် လှုံ့ဆော်လျက် ရှိသည်။ ကြက်တောင်ချန်ပီယံ သက်ထားသူဇာ၊ အိမ်နီးချင်းနိုင်ငံတချို့အထိ ပရိသတ်ရှိသည့် ပိုင်တံခွန်တို့လည်း ဤလှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်နေသည်။

ဆန္ဒပြသူများက “ပြည်သူ့ရဲ ပြည်သူရဲ” ဟု အော်ဟစ်ဆန္ဒပြခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်အချို့ပင်လျှင် CDM တွင် ပူးပေါင်းလာကြသည်ကို တွေ့ရှိရသည်။ 

ယခုအခါ နိုင်ငံခြားရေး၊ သစ်တော၊ လျှပ်စစ်ဝန်ထမ်း၊ အခွန်ထမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၊ မီးရထားဝန်ထမ်း၊ ဘဏ်ဝန်ထမ်းများ အစရှိသည့် နိုင်ငံ့ဝန်ထမ်းများစွာက ရုံးမတက်ဘဲ လမ်းပေါ်ထွက် ဆန္ဒပြမှုများ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလျက်ရှိသည်။ 

ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားသူများကို အရေးမယူဘဲ မူလတာဝန်ပြန်ရရှိရေး ဥပဒေပြဋ္ဌာန်းပေးမည်ဟု ကတိကဝတ်ပေးသည့် ကြေညာချက်ကို ယမန်နေ့ ထုတ်ပြန်ထားသည်။ 

စစ်အစိုးရက ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ အုပ်ချုပ်ရေးယန္တရားသည် တရားမဝင်သဖြင့် ဝန်ထမ်းများ အာဏာဖီဆန်ရေး ပူးပေါင်းပါဝင်ကြရန်လည်း အဆိုပါကြေညာချက်တွင် ရေးသားထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading