သတင်း

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် ပြန်လည်လွတ်မြောက်လာ

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် ဟောပြောမှုတို့ဖြင့်  ထောင်အနှစ် ၂၀ ချမှတ်ခံထားရသည့် ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လွတ်ငြိမ်းသက်သာခွင့်နှင့် ယနေ့ (ဖေဖော်ဝါရီ ၁၂) တွင် ပြန်လည်လွတ်မြောက်လာသည်။

တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချအာဏာသိမ်းယူပြီးနောက် ပထမဆုံးအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည့် အကျဥ်းသားများနှင့် အချုပ်သား ၂၃,၀၀၀ ကျော်အနက် ၎င်းတို့နှစ်ဦး ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့တွင် ၂၀၁၈ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက်အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းတို့နှစ်ဦး၏ ဟောပြောချက်များသည် ဥပဒေနှင့် ငြိစွန်းသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည်။

နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် လှုံ့ဆော်မှု ၅၀၅ (ခ) တို့ဖြင့် ၎င်းတို့နှစ်ဦးသည် ၂၀၁၉ မတ်လတွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် အကျဉ်းကျခံနေခဲ့ရခြင်းဖြစ်သည်။  

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။

ANP ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် ဒေါက်တာအေးမောင်သည် ပါတီမှ ခွဲထွက်ကာ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၂၀၁၈ တွင် တည်ထောင်ခဲ့သည်။ ၂၀၁၉ တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၀ မေ တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်း ထပ်မံ ပယ်ဖျက်ခံခဲ့ရသည်။ 

တပ်မတော်ကအာဏာသိမ်းပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရာတွင် ဒေါက်တာအေးမောင်၏ ပါတီဟောင်း ANP မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် ANP ကို ရခိုင်ပြည်သူလူထုကြား  ပြစ်တင်ဝေဖန်မှုများ ရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုလည်း ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း ပါတီက ဖေဖော်ဝါရီ ၆ တွင် ထုတ်ပြန်ခဲ့သည်။

လတ်တလော နိုင်ငံရေးအခြေအနေ၊ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

သို့သော် စာရေးဆရာ ဝေဟင်အောင်ကမူ “လောလောဆယ်က ကျွန်တော်က ထောင်ထဲမှာ သုံးနှစ်လောက်အချိန် ကုန်ခဲ့တယ်ဆိုတော့ အပြင်မှာ ဖြစ်နေတဲ့အနေအထားကို ကျွန်တော့အနေနဲ့ ပြောဖို့အခက်အခဲ ရှိတယ်။ စောင့်ကြည့်ဖို့လိုသေးတယ်” ဟု မှတ်ချက်ပြုသည်။

Show More

Related Articles

Back to top button