အာဏာဖီဆန်မှု ဦးဆောင်သူတချို့ ထိန်းသိမ်းခံရချိန်တွင် ရန်ကုန်မှ ဆရာ၀န်အများအပြား လမ်းပေါ်ထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်နေကြသည်
ပြည်သူ့အာဏာပြန်မရမချင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ဆက်လက် ပါ၀င်သွားမည်ဟု ရန်ကုန်မှ ဆန္ဒပြဆရာဝန်များက ပြောသည်။
ဖေဖော်ဝါရီ ၁၂ တွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ် ၁ ရှေ့မှစတင်၍ ဆရာဝန်ထောင်ချီကာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုကို ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ပထမဦးဆုံး စတင်ခဲ့ကြပြီး အဓမ္မ အာဏာသိမ်းထားသူများ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ဆန္ဒပြဆရာဝန်များကဆိုသည်။
"ပြည်သူ့အာဏာပြန်မရမချင်း ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့၊ ပြည်သူတွေရဲ့မဲနဲ့ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရ ပြန်မတက်မချင်းကျွန်တော်တို့ အဆုံးထိ ဆက်လုပ်သွားပါမယ်"ဟု ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒေါက်တာရှိန်းသူကျော်က Myanmar Now ကိုပြောသည်။


အစိုးရယန္တယားရပ်တန့်သွားရန် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးပူးပေါင်းကာ တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်သွားရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်းလိုက်သည်။
CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအများအပြားပါဝင်လာသော်လည်း ဆရာ၀န်တချို့ အပါအ၀င် ဦးစီးဦးဆောင်ပြုသည်ဟု ယူဆရသည့် ဝန်ထမ်းတချို့ကို စစ်ကောင်စီက ညအချိန်မတော်ဖမ်းဆီး၊ ဖိအားပေးနေခြင်းကြောင့် ပြည်သူလူထုက ဝန်းရံရပ်တည်ပေးရန် လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန် ဒေါက်တာလင်းလုဝေ က Myanmar Now ကိုပြောသည်။


"အဓမ္မ နည်းလမ်းနဲ့လုပ်နေတာတွေ အခုရှိတယ်။ ဒါတွေအတွက် ပြည်သူတွေက ရပ်တည်ပေးမှတော့ရမယ်။ နို့မဟုတ်ရင် CDM လုပ်နေတဲ့ ဆရာဝန်တွေပဲ စတေးခံရသလိုဖြစ်သွားနိုင်တယ်" ၎င်းက ဆိုသည်။
ညအချိန်မတော်ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်းမှာ ရန်ကုန်မြို့တွင် တာဝန်ကျသည့် ဆရာဝန်များအနေဖြင့် မသိသာသော်လည်း တိုက်နယ်ဆရာဝန်များ အဓိက ပစ်မှတ်ထားခံနေရခြင်းကြောင့် လူထုကစောင့်ရှောက်ပေးရန် လိုသည်ဟု ၎င်းကဆိုသည်။
ဖမ်းဆီးထားသည့် နိုင်ငံခေါင်းဆောင်များပြန်လည်လွှတ်ပေးရန်၊ တတိယအကြိမ်လွှတ်တော် အမြန်ဆုံးခေါ်ယူပေးရန် ဆရာဝန်များက တောင်းဆိုလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် အခြေခံမဲစာရင်းအမှားအယွင်း များသည်ဟုအကြောင်းပြကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ မှစတင်ကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် လူဦးရေသိန်းနှင့်ချီကာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။
ရန်ကုန်ဆေးတက္ကသိုလ်(၁) ရှေ့မှ ဆရာဝန်များစုစည်းကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









