ရန်ကုန်၏ အံတုမှု ဆက်လက်အားကောင်း

အထင်ကရ နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ထွန်းရာ မြို့တော်ရန်ကုန်သည် စစ်အာဏာသိမ်းမှုကို လူအင်အားအလုံးအရင်းဖြင့် ဆက်လက်ဆန့်ကျင်နေဆဲဖြစ်သည်

Published on Feb 11, 2021
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)

စစ်အာဏာသိမ်းထားသည်မှာ ၁၀ ရက်ကျော်ကြာမြင့်လာသလို ရန်ကုန်မြို့ရှိ အလွှာပေါင်းစုံပါဝင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကြီးမှာလည်း ယနေ့(ဖေဖေါ်ဝါရီ ၁၁ ရက်)အထိ အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေဆဲဖြစ်သည်။

ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များနှင့် ရွေးကောက်ခံလွှတ်တော်အမတ်များကို ဖမ်းဆီးလိုက်ပြီး စစ်အာဏာသိမ်းယူလိုက်သည်။ 

မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းကောင်စီကို ဆန္ဒပြနေသည့် မြို့နယ်များအတွင်း ရန်ကုန်မြို့သည် အားအပြင်းဆုံးဆန္ဒပြပွဲများကို ဆင်နွှဲနေသည်။

ရန်ကုန်မြို့၏ ပထမဆုံးဆန္ဒပြပွဲများကို အာဏာသိမ်းအပြီး ၆ ရက်အကြာ ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် လှိုင်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်အပါအ၀င် ရန်ကုန်ရှိ မြို့နယ်တချို့တွင် စတင်ခဲ့သည်ကို တွေ့ရသည်။

လူထုအုံကြွမှုသည် ရန်ကုန်မြို့ရှိ မြို့နယ်အနှံ့အပြားသို့ အလျင်အမြန်ကူးစက်သွားသလို Civil Disobedience Movement - CDM ဟုခေါ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဌာနပေါင်းစုံဝန်ထမ်းများကြား တဖြည်းဖြည်းပျံ့နှံ့လာကာ အစိုးရဝန်ထမ်းများ ရုံးမတက်ကြရန် လှုံ့ဆော်လာကြသည်။  

ရန်ကုန်တစ်မြို့လုံးဆန္ဒပြမှု သီတင်းတစ်ပတ်ရှိလာသည့် ယနေ့တွင် တာမွေ၊ ကမာရွတ်၊  စမ်းချောင်း စသည့် မြို့နယ်များနှင့် ရန်ကုန်မြို့လယ်ကောင် ဆူးလေတို့တွင် သိန်းချီသည့် ပြည်သူများက လမ်းပေါ်ဆက်ထွက်လာသလို မြို့နယ်အလိုက် ဆန္ဒပြလှုပ်ရှားမှုများလည်း ရှိနေသည်။

ထိုနေရာများသည် ဦးနေဝင်း၊ ဦးသန်းရွှေ စသည့် စစ်ခေါင်းဆောင်များ အာဏာယူထားစဉ်က နိုင်ငံရေးလှုပ်ရှားအုံကြွမှုများ ပေါ်ပေါက်ခဲ့သည့် နေရာများလည်း ဖြစ်သည်။

ရန်ကုန်မြို့အနှံ့ ဖြန့်ခွဲဆန္ဒပြမှုများရှိလာသည့်အတွက် ဆူးလေအနီးတဝိုက်တွင် ယခင်ရက်များကဲ့သို့ လူအရေအတွက်မများသော်လည်း ဆန္ဒပြမှုများ ပုံမှန်အတိုင်းရှိနေဆဲဖြစ်သလို ဆန္ဒပြစစ်ကြောင်းများကလည်း လက်ယှက်ထိုး ချီတက်နေကြသည်။

ရန်ကုန်တစ်မြို့လုံး ဆန္ဒပြမှုကို စောင့်ကြည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာမှုက လျော့ကျလာသည်ကို တွေ့ရသည်။ 

အနော်ရထားလမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ ဆူးလေကုန်းကျော်တံတားအောက်တွင် ထောင်ချီသည့် ဆန္ဒပြသူများက ယခင်အတိုင်း ဆက်လက်ရှိနေပြီး ယခင်ရက်များထက် အဖွဲ့အစည်းပေါင်းစုံနှင့် အစိုးရဝန်ထမ်းများ ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

စွမ်းအင်ဝန်ထမ်းများ၊ မြန်မာစီးပွားရေးဘဏ်မှ ဝန်ထမ်းများလည်း ရာနှင့်ချီ ပါဝင်လာသည်။ အလုံလျှပ်စစ်ရုံးချုပ်မှ အင်အား ၂၀၀၀ ကျော်ရှိသည့် ဝန်ထမ်းများလည်း ဆန္ဒပြမှုတွင် ပူးပေါင်းပြီး မြို့လယ်သို့ ချီတက်လာကြသည်။ ကာတွန်းဆရာများအသင်းမှ အင်အားတစ်ရာကျော်ကလည်း ဆန္ဒပြသူများနှင့် ပူးပေါင်းလာကြသည်။ နာမည်ကျော်ကာတွန်းဇာတ်ကောင်များဖြစ်သည့် တွတ်ပီ၊ ပိုးဇာစသည့် ဇာတ်ကောင်များ လက်သုံးချောင်းထောင်သည့် ပုံများနှင့် ပွဲထွက်လာကြသည်။

ရှေ့နေများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖေဖေါ်ဝါရီ ၄ ရက်နေ့ကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရှေ့နေများထဲမှ တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်တိုးက အစိုးရကို ဥပဒေနှင့်အညီ တည့်မတ်ပေးရမည့် တာဝန်ရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုသည်။

“ပြည်သူ့ရဲ့အခွင့်အရေးကတော့ ပြန်ယူရမှာပဲ။ ဒီဟာက ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စ။ ဥပဒေပညာရှင်တွေရဲ့တာဝန်ဟာ ဥပဒေနဲ့ညီတယ် မညီဘူးကို ပြင်းပြင်းထန်ထန် ပြောပြပေးပြီးပြီ၊ ဒါသည်(စစ်အာဏာသိမ်းမှု) ဥပဒေနဲ့မညီဘူး” ဟု ဦးသန်းဇော်တိုးက ပြောသည်။

ရန်ကုန်မြို့၏ မြောက်ဘက်တွင်ရှိသည့် တာမွေမြို့တွင် ယနေ့မနက်က မြန်မာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာတပ်ပေါင်းစုက အင်အားပြဆန္ဒပြခဲ့ကြပြီး စုစုပေါင်းလူအင်အားမှာ တစ်သိန်းကျော်အထိပင်ရှိသည်။

အင်ဂျင်နီယာတပ်ပေါင်းစုကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သည့် ကိုမင်းပျိုကတော့ “ပြည်သူ့အာဏာဆိုတာ ပြည်သူ့ထံကပဲ သက်ဆင်းရပါတယ်။ ပြည်သူ့ထံက သက်ဆင်းလာတဲ့ အာဏာက ပြည်သူတင်မြှောက်ထားတဲ့ အစိုးရမှာပဲ ရှိရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို ပြန်လိုချင်ပါတယ်” ဟုဆိုသည်။

အင်ဂျင်နီယာတပ်ပေါင်းစုသပိတ်၏ စုရပ်အဖြစ် တာမွေမြို့နယ် Ocean Supermarket ရှေ့ကို သတ်မှတ်ခဲ့ပြီး မနက်အစောပိုင်း တာမွေမြို့တစ်ပတ်လှည့်လည်ကာ နေ့လည် ၁၂ နာရီခွဲခန့်တွင် လူစုခွဲခဲ့ကြသည်။

ရန်ကုန်သပိတ်ကြီးအတွင်းသို့ လိင်စိတ်ခံယူမှုကွဲပြားသူများကလည်း ဝင်ရောက်ပူးပေါင်းလာကြသည်ကို တွေ့ရသည်။ စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးတွင် ပြုလုပ်နေသည့် အထွေထွေသပိတ်ကြီးအတွင်း ဆန်းပြားသည့် ဝတ်စုံများနှင့် မိတ်ကပ်များခြယ်လိမ်းကာ ပါဝင်လာကြသည်။ 

ရန်ကုန်မြို့အနှံ့ဆန္ဒပြပွဲများအတွင်း ပါဖော့မန့်မျိုးစုံကို တွေ့ရသည်။ စကပ်ဝတ် အမျိုးသားငယ် ၂၀၀ ကျော်ကို မြေနီကုန်းအနီးတဝိုက်တွင် တွေ့ရသည်။ ကျောင်းသားများကလည်း မြေနီကုန်းကုန်းတံတားအောက်တွင် ရှိနေကြသည်။

ကချင်၊ ရခိုင်၊ ကရင်၊ မွန်၊ ကယား စသည့် တိုင်းရင်းသား ၁၉ မျိုးပါဝင်သည့် တိုင်းရင်းသားလူမျိုးများအထွေထွေသပိတ်ကို ယနေ့မနက် ၉ နာရီမှစတင်ကာ မြေနီကုန်းတွင် စုဖွဲ့ခဲ့ကြပြီး ထောင်နှင့်ချီသည့် တိုင်းရင်းသားများက ရွှေဂုံတိုင်သို့ ချီတက်ခဲ့ကြသည်။

ချီတက်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှက လက်ရှိအခက်အခဲများကို နည်းလမ်းရှာပြီး ရင်ဆိုင်သွားမည်ဟု ပြောသည်။

“ပြည်သူတွေကိုတော့ တပ်ကလုပ်တာမို့လို့ ကျွန်မတို့ ဝန်းရံပေးရမယ်၊ ပံ့ပိုးပေးရမယ်။ ဒါက ကျွန်မတို့အခွင့်အရေးဖြစ်တယ်၊ တိုင်းရင်းသားတွေအနေနဲ့လည်း ဒီအပေါ်မှာ ဝိုင်းဝန်းပူးပေါင်းကြသင့်တယ်” ဟု ဒေါ်နော်အုန်းလှက‌ ပြောသည်။

တရုတ်သံရုံးရှေ့ဆန္ဒပြမှုတွင် မြန်မာပြည်ဖွား တရုတ်လူမျိုးများအပြင် အနုပညာရှင်များလည်း ပါဝင်သည်။ လူဦးရေတစ်ထောင်ကျော်ရှိသည့် တရုတ်သံရုံးရှေ့ဆန့်ကျင်ကန့်ကွက်မှုအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုပ်သေးကြိုးဆွဲနေသည့် ပုံစံများဖြင့်လည်း ဆန္ဒပြကြသည်။

နတ်ကတော်ဝတ်စုံဝတ်ဆင်ထားသူ ၆၀ ခန့်ပါဝင်သည့် အုပ်စုက တာမွေမြို့နယ် ဦးချစ်မောင်လမ်းမှတဆင့် ဗဟိုဘဏ်သို့ ဦးတည်၍ ချီတက်သွားသည်ကို တွေ့ရသည်။ “နတ်တွေတောင်မနေနိုင်တော့လို့ ဆင်းပြေးရပြီ” ဟူ၍ ရေရွတ်သွားကြသည်။ 

ကျောက်တံတားမြို့နယ်အတွင်း လူတစ်ရာကျော်ပါသည့် ဆန္ဒပြသူများကလည်း ယမန်နေ့ကကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နာမည် ရေးထိုးထားသည့် ခေါင်းတလားတစ်ခုကို ထမ်းကာ လှည့်လည်ခဲ့ပြီး “မင်းအောင်လှိုင်ပြောတော့ မဲခိုးတယ်ဆို ပြည်သူတွေကို ထကြည့်ပါဦး” ဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ရန်ကုန်အထွေထွေသပိတ်ကြီး အင်အားကောင်းသည့် လှည်းတန်းအနီးတဝိုက်တွင် အစဉ်အလာမပျက် သောင်းနှင့်ချီသည့် ကန့်ကွက်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးကို အားကျိုးမာန်တက် ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

လှည်းတန်းအနီးတွင် ထူးခြားမှုအနေဖြင့် ယခင်ရက်များက အင်အားအလုံးအရင်းနှင့် နေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုံးဝမတွေ့ရတော့ခြင်းဖြစ်သည်။ 

လူငယ်အများအပြားက စစ်တပ်ပိုင်မီဒီယာဖြစ်သည့် “မြဝတီ လိမ်နေသည်”၊ MRTV လိမ်နေသည်” စသည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။

သစ်တောဝန်ထမ်းအယောက် ၁၀၀ ခန့် တက္ကသိုလ်ရိပ်သာလမ်းမှတဆင့် ချီတက်လာသည့်အခါတွင် ဆန္ဒပြပြည်သူများက လက်ခုပ်လက်ဝါးများတီးကာ အားပေးခဲ့ကြသည်။

ထို့အပြင် အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅၀ ခန့်ကလည်း လှည်းတန်းသို့ ချီတက်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ မနေခြည်လှိုင်က ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ အာဏာဖီဆန်ခဲ့သည်ဟု ပြောသည်။

“အာဏာရှင်စနစ်ကို မကြိုက်ဘူး။ မကြိုက်လို့ အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူတူ တွန်းလှန်ဖို့ ပါဝင်တာပါ” ဟု မနေခြည်လှိုင်က ပြောသည်။

လူဦးရေးသန်းချီရှိသည့် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒဖေါ်ထုတ်သူ သိန်းချီရှိနေဆဲဖြစ်သည်။ ရန်ကုန်ဆန္ဒပြပွဲများတွင် လုံခြုံရေးအင်အား အနည်းငယ်လျှော့ချလိုက်သော်လည်း အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် ဖမ်းဆီးမှုများရှိခဲ့သည်။

ယမန်နေ့ညက နေအိမ်အကျယ်ချုပ်ချထားသည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အချို့ကို စစ်တပ်က နေရာရွှေ့လိုက်သလို မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလည်း အများအပြားဖမ်းဆီးခံခဲ့ရသည်။

ဖေဖေါ်ဝါရီ ၁ ရက် မနက် ၂ နာရီခွဲခန့်မှစတင်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူလိုက်သည်။

အဆိုပါနေ့တွင်ပင် ဒုတိယသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်ပြီး ဦးမြင့်ဆွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးလိုက်ပြီး နိုင်ငံတဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာလိုက်ခြင်းဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading