အကြောက်တရားကို အံတုလျက် ပြည်သူ့ဆန္ဒကို မလွန်ဆန်လိုသူ ရဲတပ်ဖွဲ့ဝင်များ 

'ပြည်သူ့ရဲ' ဆိုသော ဆန္ဒပြပြည်သူလူထု၏ အော်ဟစ်အားပေးမှုများနှင့်အတူ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်လာသော ရဲတပ်ဖွဲ့ဝင်များ ပိုမိုများပြားလာပြီး ယမန်နေ့တွင် နေပြည်တော်၊ မကွေးနှင့် မြိတ်တွင် ရဲတပ်ဖွဲ့ဝင်အချို့ ပူးပေါင်းခဲ့သည့်နည်းတူ ယနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ဆန္ဒပြလူထုနှင့် ပူးပေါင်းခဲ့ပြီး မော်လမြိုင်ဆန္ဒပြပွဲတွင်လည်း ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦး ပူးပေါင်းပါဝင်ခဲ့သည် 

ကယားပြည်နယ် လွိုင်ကော်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၀) နံနက်ပိုင်းက ဆန္ဒပြပြည်သူလူထုနှင့်အတူ ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ပူးပေါင်းပါဝင်ခဲ့သည်။ 

“ပြည်သူ့ရဲ၊ ပြည်သူ့ရဲ။” ဆန္ဒပြလူအုပ်ကြီးက အော်ဟစ်အားပေးနေခြင်းဖြစ်သည်။ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့လမ်းမကျယ်တွင် ရဲတပ်ဖွဲ့ဝင်များ အတန်းလိုက်နေရာယူထားသည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ရန်မူခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်း အလျဉ်းမရှိဘဲ ‘ပြည်သူ့ရဲ’ ဟုသာ ဂုဏ်တင်ဟစ်ကြွေးကာ အားပေးနေခြင်းဖြစ်သည်။  

ဆန္ဒပြစစ်ကြောင်းများ ချီတက်ရာလမ်းကြောင်းတွင်တွေ့တွေ့ရှိရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကိုလည်း ‘ပြည်သူ့ရဲ’ ဟုသာ အော်ဟစ်အားပေးကြသည်။ အမြို့မြို့အနယ်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော ဆန္ဒပြပွဲများတွင် လူထုနှင့် အစဦးဆုံး ထိပ်တိုက်ရင်ဆိုင်ရသူများမှာ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များပင်ဖြစ်သည်။ 

အထက်အမိန့်အရ ရဲတပ်ဖွဲ့ဝင်များမှာ မည်သည့်စကားမျှ ဆိုခွင့်မရှိ။ အမိန့်မရဘဲ မည်သို့သော တုံ့ပြန်မှုမျိုးကိုမျှ လုပ်ဆောင်ခွင့်မရှိပေ။ အသက် ၂၀ အောက် လူငယ်မျိုးဆက်များ အုံလိုက်ကျင်းလိုက်ပါဝင်လာသော ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးဆန္ဒပြပွဲများတွင် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအပေါ် ဆန္ဒပြပြည်သူလူထု၏ နှုတ်ဆက်စကားက အဓိပ္ပာယ်ပါလှသည်။

“ပြည်သူ့ရဲ၊ ပြည်သူ့ရဲ” ဟူ၍ပင်။

အမိန့်အာဏာနှင့် ပြည်သူ့ဆန္ဒကြား မလူးသာမလှုပ်သာ အခြေအနေတွင် အနေရအထိုင်ရ ခက်ခဲကျပ်တည်းလှမည်ကို စကားပြောခွင့်မရသော်လည်း ရဲတပ်ဖွဲ့ဝင်များမျက်နှာတွင် ပေါ်လွင်လျက်ရှိသည်။ ဖြစ်ပေါ်လာမည့် အန္တရာယ်နှင့် ဘေးဒုက္ခကို သိမြင်ပြီးဖြစ်သော်လည်း အကြောက်တရားကို အံတုလျက် ပြည်သူ့ဆန္ဒကို မလွန်ဆန်လိုသူ ရဲတပ်ဖွဲ့ဝင်များလည်း အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဆန္ဒပွဲများတွင် ပူးပေါင်းပါဝင်လာကြသည်။ 

အချစ်ဆုံးသမီးကိုပင် အဆုံးရှုံးခံနိုင်သည်ဆိုသော သူရဲကောင်း ရဲအုပ်ခွန်အောင်ကိုကို 

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အချက်အခြာနေရာဖြစ်သော သပြေကုန်းအဝိုင်းအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၉) က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သောင်းနှင့်ချီသောလူများ ဆန္ဒထုတ်ဖော်လျက်ရှိသည်။ ထိုစဉ် ယူနီဖောင်းဝတ်ရဲအရာရှိတစ်ဦး ရုတ်တရက်ပေါ်ထွက်လာကာ ဆန္ဒပြပြည်သူများနှင့်အတူ ပူးပေါင်းကြောင်း အာဏာရှင်ကျဆုံးရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆန္ဒပြလူထုကို ကိုယ်တိုင်ဟောပြောတော့သည်။

ရဲအုပ်အဆင့်ရှိ ထိုရဲအရာရှိ၏ အမည်မှာ ခွန်အောင်ကိုကိုဖြစ်ပြီး ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် ၆၂ ဆင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဆန္ဒပြပြည်သူလူထုနှင့်အတူ ပူးပေါင်းလာသူ ရဲအုပ်ခွန်အောင်ကိုကိုက အသင့်ယူဆောင်လာသော ကတိပြုသစ္စာနှင့် သံဓိဌာန်ဆိုသော အချက်များကို စကားပြောမိုက်ဖြင့် လူထုကို ဟောပြောကြေညာခဲ့သည်။

ဒီမိုကရေစီတိုက်ပွဲအတွက် အသက်သေမည်ကို သိသော်လည်း၊ နှစ်ရှည်ထောင်ဒဏ်ကျခံရမည်ကို သိသော်လည်း ပြည်သူသန်း ၅၀ ကျော်အတွက် ထိုသို့သေရမည်၊ ပြစ်ဒဏ်ကျခံရမည်ဆိုပါကလည်း ထိုက်တန်ပါသည်ဟု ဒုရဲအုပ်ခွန်အောင်ကိုကိုက ၎င်း၏ အချက် ၈ ချက်ပါ သံဓိဌာန်ပြုချက်တွင် ရေးသားထားသည်။ 

“ငါသည် ဒီမိုကရေစီတိုက်ပွဲကို အသက်ကို ပဓာနမထားဘဲ စစ်အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုပါသည်” ဟုလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူလူထုနှင့် ပူးပေါင်းခဲ့သူ ရဲအုပ်ခွန်အောင်ကိုကိုက ကြွေးကြော်ခဲ့ပြီး အနာဂတ်မျိုးဆက်အတွက် ၎င်း၏အချစ်ဆုံးသမီးလေးကို ဆုံးရှုံးရမည်ဆိုပါက ဆုံးရှုံးခံနိုင်သည်ဟုလည်း သံဓိဌာန်ပြုချက်တွင် ဖော်ပြထားသည်။

“နောက်နောင်တွင် စစ်အာဏာရှင်စနစ် လုံးဝ (လုံးဝ) မပေါ်ပေါက်ရေး”၊ “တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနှင့်အညီ ပြုမူနေထိုင်ပါမည်” ဟုလည်း ရဲအုပ်ခွန်အောင်ကိုကိုက ၎င်း၏ကတိပြုသစ္စာကို ဆန္ဒပြလူထုအား ဟောပြောခဲ့သည်။ 

စာမျက်နှာ ၅ မျက်နှာရှိ ဒုရဲအုပ်ခွန်အောင်ကိုကို၏ ကတိပြုသစ္စာနှင့် အဓိဌာန်ပြုချက်များတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ရေးသားထားသည်။ 

ထို့ပြင် အကြမ်းမဖက်သောနည်းလမ်းများဖြင့် ဆန္ဒထုတ်ဖော်မည်ဆိုပါက ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုကို ဖြိုခွင်းပိုင်ခွင့်မရှိကြောင်းနှင့် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသောနည်းဖြင့် အဆုံးသတ်အထိ တိုက်ပွဲဝင်သွားကြရန်လည်း ၎င်းက ဆန္ဒပြပြည်သူများကို ဟောပြောစည်းရုံးခဲ့သည်။ 

ဆန္ဒပြလူထုနှင့် ပူးပေါင်းခဲ့သူ ရဲအုပ်ခွန်အောင်ကိုကိုအား ထုတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များက တောင်းဆိုခဲ့သော်လည်း လူထုက ထုတ်မပေးခဲ့ပေ။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့သည်။ 

ရဲအုပ်ခွန်အောင်ကိုကိုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လူထုနှင့် အတိအလင်းပူးပေါင်းလာသည့် ပထမဆုံးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲအရာရှိပင်ဖြစ်သည်။ 

ရဲအုပ်ခွန်အောင်ကိုကိုနှင့် ၎င်း၏အမွာညီဖြစ်သူ ခွန်အောင်ဘိုဘိုတို့ နှစ်ယောက်လုံးသည် တစ်ပြိုင်နက်တည်း ရဲတပ်ဖွဲ့ဝင်ရောက်ခဲ့သူများဖြစ်ပြီး တိုင်းရင်းသားများဖြစ်ကြသည်ဟု ၎င်းတို့အမွှာညီအစ်ကိုနှစ်ဦးနှင့် ဒုရဲအုပ်လောင်းသင်တန်း အတူတက်ရောက်ခဲ့သူ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲအုပ်ခွန်အောင်ကိုကို၏ ညီဖြစ်သူ ခွန်အောင်ဘိုဘိုမှာ ဒုရဲအုပ်အဆင့်ဖြင့်ပင် ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး အပြင်တွင် နေထိုင်လျက်ရှိသည်ဟုလည်း အဆိုပါရဲအရာရှိက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘေးကြပ်နံကြပ်အနေအထားဖြစ်နေပြီး ပြည်သူများ၏ အထင်မြင်လွဲမှားမှုကို မခံလိုကြောင်းလည်း ထိုရဲအရာရှိက ဖွင့်ဟသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နောက်ထပ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းလာ

ယမန်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဆန္ဒပြလူထုအား ရဲတပ်ဖွဲ့က ရေအမြှောက်ကားဖြင့် ဖြိုခွင်းနေချိန်တွင် မခံမရပ်နိုင်ဖြစ်လာသော ရဲတပ်ဖွဲ့ဝင်သုံးဦးက ဆန္ဒပြလူထုအား ၎င်းတို့၏ လုံခြုံရေးအကာဖြင့် ဝင်ရောက်ခုခံကာကွယ်ပေးသည့် ရုပ်သံဗီဒီယိုတစ်ခု တွေ့ရသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်သုံးဦးကို ဆန္ဒပြလူထုက “ပြည်သူ့ရဲ ပြည်သူ့ရဲ” ဆိုသော ကြွေးကြော်သံများနှင့်အတူ အော်ဟစ်အားပေးနေသည်ကိုလည်း အဆိုပါရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။ 

ယမန်နေ့၌ပင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဆန္ဒပြပြည်သူများနှင့်အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပူးပေါင်းပါဝင်ခဲ့သည်။ 

မြိတ်မြို့ ဗဟိုလမ်းရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့တွင် အင်အား ၁၄၀,၀၀၀ ခန့်ရှိ ဆန္ဒပြသူများ လှည့်လည်လာရာတွင် မြိတ်မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ ၂၅၃၀၉၄ ရဲတပ်သား ထွန်းအောင်လင်းသည် ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်လျက် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်သား ထွန်းအောင်လင်းက ၎င်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ မြိတ်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ပြည်သူဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး လက်ရှိတွင် ၎င်းကို ဖမ်းဆီးချုပ်နှောင်ထားပြီးဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အမြို့မြို့အနယ်နယ်တွင် နေ့စဉ်ရက်ဆက်ဆန္ဒပြနေသော ပြည်သူလူထုနှင့် ထပ်မံပူးပေါင်းလာသော ရဲတပ်ဖွဲ့ဝင်များလည်း ရှိလာသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် ကယားပြည်နယ်မြို့တော် လွိုင်ကော်၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်နေစဉ် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမေများနှင့် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဟစ်ကြွေးခဲ့ကြသည်။ 

ထိုသို့ဆန္ဒထုတ်ဖော်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို အခြားရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာတွင် ဒေသခံလူထုက လုံခြုံရာသို့ ခေါ်ထုတ်သွားနိုင်ရန် လိုက်လံအကာအကွယ်ပေးနေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း တွေ့ရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးသည်လည်း ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းခဲ့ပြီး အားလုံးစွန့်လွှတ်ဖို့ ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း အဆိုပါရဲအရာရှိ က လူထုကို အသိပေး ဟောပြောခဲ့သည်။ 

ရဲတပ်ဖွဲ့အတွင်း တပ်မတော်မှ ကူးပြောင်းလာသူ ‘မိုးကျရွှေကိုယ်’ အရာရှိများ၏ အရပ်သား ရဲတပ်ဖွဲ့ဝင်များအပေါ် နိုင်ထက်စီးနင်းပြုကျင့်မှုများကြောင့် အာဏာသိမ်းမှုမဖြစ်ကပင် ရဲတပ်ဖွဲ့မှ နှုတ်ထွက်လိုသူ ရဲတပ်ဖွဲ့ဝင်အများအပြားရှိနေကြောင်း ရဲလုပ်သက် ၁၅ ရှိ ရဲအရာရှိဟောင်းတစ်ဦးက ပြောသည်။

“အာဏာမသိမ်းခင်ကတည်းက တချို့တွေ မလုပ်ချင်လို့ ထွက်စာတင်ထားတာကို ဆိုင်းငံ့ခံရသူတွေရှိတယ်။ အကြောင်းအမျိုးမျိုးပြပြီး ထွက်ခွင့်မပေးဘူးပေါ့။ စာချုပ်မှာ ငါးနှစ်ပြည့်ရင် ထွက်လို့ရတယ်ဆိုတာ ပါတယ်။ အင်အားနည်းနေတဲ့အခါကြတော့ ရဲလုပ်သက် ဘယ်လောက်ရှိမှ ပေးထွက်မှာတို့၊ ဘာသင်တန်းတက် ညာသင်တန်းတက်တို့နဲ့ ရာထူးမတက်ပေးဘူး။ ထွက်မရလို့ စိတ်ညစ်နေတဲ့သူတွေရှိတယ်” ဟု ထိုရဲအရာရှိ ဟောင်းက ဆိုသည်။ 

ရဲတပ်ဖွဲ့မှ မထွက်ချင်သူများအနေဖြင့် ဘယ်လိုအနေအထားဖြစ်ဖြစ် ပူးပေါင်းပါဝင်လာမည်မဟုတ်သော်လည်း ယခင်ကတည်းက ထွက်ချင်လို့ စိတ်ညစ်နေသူ ရဲတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းလာနိုင်ကြောင်းလည်း ထိုရဲအရာရှိဟောင်းက ပြောသည်။ 

“အာဏာသိမ်းပြီးဖြစ်သွားတာ၊ ပဲခူးတိုင်း ပြည်ရဲစခန်းမှာဖြစ်သွားတဲ့ကိစ္စ။ တပ်က ဗိုလ်မှူးနဲ့အဖွဲ့က ရဲစခန်းမှူးကို ဝင်ရိုက်သွားတာ။ တစ်နိုင်ငံလုံးက ရဲတွေ မကျေနပ်ကြဘူး။ သမ္မတဦးဝင်းမြင့်ပုံကို ဘာလို့ဖြုတ်မချသေးတာလဲဆိုပြီး နံပတ်တုတ်နဲ့ ရဲစခန်းမှူးနဲ့ ကင်းကျနေတဲ့ ရဲဘော်တွေကို အကုန်ရိုက်သွားတာ။ အဲဒါကို ရဲတော်တော်များများ မကျေနပ်ကြဘူး” ဟု ရဲရာရှိဟောင်းက ဆိုသည်။ 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading