ရေဘေးနောက်ဆက်တွဲ ကုန်စျေးနှုန်း နှင့် ရိက္ခာအခက်အခဲ

သြဂုတ် ၁ ရက်နေ့က ဝေဟင်မှ တွေ့ရသော စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေဘေး မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Sai Zaw / Myanmar Now)
သြဂုတ် ၁ ရက်နေ့က ဝေဟင်မှ တွေ့ရသော စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေဘေး မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Sai Zaw / Myanmar Now)

နိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာတွင် စိုက်ပျိုးမြေ ဧက ၁ သန်းကျော် ရေနစ်မြုပ်ရာတွင် စပါးစိုက်ခင်း အများအပြား ပါဝင်နေသဖြင့် ဆန်နှင့် အခြားစားသောက်ကုန်များ စျေးနှုန်း တည်ငြိမ်စေရန် အလို့ငှာ ပြည်ပသို့ ဆန်တင်ပို့ခြင်း ရပ်ဆိုင်းထားရန် ဆန်ကုန်သည်များက ဆုံးဖြတ်လိုက်သည်။ ယခုဖြစ်ပေါ်နေသော ရေဘေးမှာ လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးစေခဲ့သည့် ၂ဝဝ၈ ခုနှစ် နာဂစ်စ်မုန်တိုင်းပြီးလျှင် နိုင်ငံ၏ အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီးဖြစ်သည်။

နိုင်ငံအတွက်အရေးပါသည့် နိုဝင်ဘာလရွေးကောက်ပွဲများ မကျင်းပမီ သုံးလအလိုတွင် ဖြစ်ပေါ်လာသော ဤရေဘေးကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးမြေဧက စုစုပေါင်း ၄၄ဝ,ဝဝဝ ထက်မနည်း ထိခိုက်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။  ထိခိုက်ပျက်စီးသည့် စိုက်ပျိုးမြေအများစုမှာ  ပဲခူး၊ ရခိုင်၊ စစ်ကိုင်း၊ ဧရာဝတီ စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် တည်ရှိသည်။  

ရေမြုပ်နေသော သီးနှံမျိုးစုံ စိုက်ပျိုးမြေဧက ၁ ဒဿမ ၁ သန်း ရှိပြီး ၈ဝ ရာခိုင်နှုန်းမှာ စပါးခင်းများဖြစ်သည် ဟု လယ်/ဆည်ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးသီဟထွန်းက Myanmar Now သို့ ပြောသည်။  

ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုတွင်  စားနပ်ရိက္ခာအကူအညီချက်ချင်းလိုအပ်နေသူ အရေအတွက်  ၂ဝ၈,ဝဝဝ  ရှိသည်ဟု  ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က ဗုဒ္ဓဟူးနေ့တွင်  ပြောသည်။

“ရေကြီးတယ်ဆိုတော့ အရေးပေါ်အခြေအနေလည်း ဖြစ်နေပါတယ်။ အခုလုပ်လို့ရတာကတော့ Export တင်ပို့နေတဲ့ ဆန်တွေကို ရပ်ဖို့ပါပဲ။ စီးပွားကူးသန်းကိုလည်း စာတင်ထားပါတယ်။ စီးပွားကူးသန်းက သဘောတူတယ်ဆိုရင်တော့ တရားဝင်စာထုတ်ပြီး Export တင်ပို့မှု ခဏရပ်ဆိုင်းပါမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဘဏ္ဍာရေးမှူးလည်းဖြစ်၊ မြန်မာနိုင်ငံဆန်ကုန်သည်အသင်း အတွင်းရေးမှူးလည်းဖြစ်သော ဦးအောင်မြင့်က ဆိုပါသည်။

“ရေမြှုပ်ပြီး ပြန်ပေါ်တာတွေမှာ ပျက်စီးတဲ့လယ်တွေလည်း ရှိမယ်၊ မပျက်စီးတဲ့လယ်တွေလည်း ရှိပါမယ်။ သေချာတာက ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်း ဆန်အထွက်တော့ နောက်ကျသွားပါလိမ့်မယ်”

ပြီးခဲ့သော ၂ဝ၁၄−၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၁ ဒဿမ ၈ သန်း၊ ယခင် ဘဏ္ဍာနှစ်က ၁ ဒဿမ ၃ သန်း ပြည်ပ တင်ပို့ရောင်းချခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

နိုင်ငံ၏ နေရာအများအပြား  အဓိကအားဖြင့် ရေကြီးနေသောနေရာများတွင် ဆန်ဈေးတက်နေပြီဖြစ်သည်။

“မင်းတပ်မှာ ဆန်တစ်ပြည် အရင်က ၇၅ဝ၊ ၈ဝဝ၊ ၉ဝဝ ရှိပါတယ်။ အခု ၁,၂ဝဝ ပါ။ ဟားခါးမှာ လမ်းတွေအကုန်လုံး ပြိုတဲ့ အခါကျတော့ ဆန်လှောင်တဲ့ ကုန်သည်တွေက တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း အထိတောင် ရောင်းပါတယ်။ ဆန်ဒိုင်တွေကလည်း လမ်းပန်းဆက်သွယ်ရေးတွေ ခက်သွားတော့ ရှိတဲ့ဆန်ကို မရောင်းချင်တဲ့သဘောတောင် ရှိပါတယ်” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ မင်းတပ်မြို့နယ် သတင်းနှင့် ပြန်ကြားရေးမှူး ဦးဆလိုင်းအွမ်ဟာက ဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများက ဝင်ရောက်ကူညီခြင်း မရှိပါက  ရိက္ခာမဖူလုံမည့် ကပ်ဘေးကြီး ကျရောက်လာနိုင်ဖွယ်ရှိကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်အမျိုးသားရေးပါတီ ဗဟိုကော်မတီဝင် ဦးဦးလှစောက ဆိုသည်။

“ခု အဆိုးဆုံးခံရတဲ့ ရခိုင်ပြည်နယ်က မြို့တွေ အားလုံးက စပါးအဓိကစိုက်ပျိုးတဲ့နေရာတွေချည်းပဲ။ အဲဒီမှာရှိတဲ့ စပါးကျီတွေလည်း အကုန်ပျက်စီး၊ စိုက်ခင်းတွေလည်း အကုန် ကုန်ပြီ” ဟု သူက Myanmar Now ကို ပြောသည်။

“စပါးပေါ်မယ့် နိုဝင်ဘာ၊ အောက်တိုဘာဆို ဘာဆန်မှထွက်လာမှာ မဟုတ်ဘူး။ အစိုးရကနေ ဒီလို ဆန်ရေစပါးရှားလာမယ့်ပြဿနာကို ဖြေရှင်းဖို့ ခုကတည်းက ပြန်လည်တည်ထောင်ရေး လုပ်ငန်းကြီးတွေ စတင် လုပ်ဆောင်ရမယ်” ဟု သူက ဆိုသည်။

 အစိုးရက ဇူလိုင်လ ၃၁ ရက်နေ့တွင် ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာများအဖြစ် ကြေညာခဲ့သည်။
ပုံမှန်ထက်လွန်ကဲသည့် မုတ်သုန်မိုးများကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများသည် ဇူလိုင် ၃ဝ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် အိမ်နီးခြင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော မုန်းတိုင်းကြောင့် ပိုမို ဆိုးရွားခဲ့သည်။

 ရေဘေးဒဏ်သင့်သူ အရေအတွက် ၂၆ဝ,ဝဝဝ ကျော် ရှိပြီး သေဆုံးသူပေါင်း ၆၉ ဦး ရှိကြောင်း အစိုးရက ကြေညာထားရာ သေဆုံးသူအရေအတွက် ပိုမိုမြင့်မားလာနိုင်ဖွယ်ရှိသည်။  ၂ဝဝ၈ခုနှစ် တွင် နာဂစ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရာတွင် နှေးကွေးသည်၊ နိုင်ငံတကာ အကူအညီ လက်ခံရာတွင် ကြန့်ကြာသည်ဟု ယခင် စစ်အစိုးရအဖွဲ့ အဝေဖန်ခံခဲ့ရသည်။   
 ၂ဝ၁၁ တွင် အာဏာရလာသော လက်ရှိအစိုးရသည် ဤရေဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ကာ နိုင်ငံတကာကို အကူအညီတောင်းသော်လည်း သတင်းမီဒီယာများ၊ အင်တာနက်လူမှုကွန်ရက်များတွင် ဝေဖန်ခံရမှု မြင့်တက်နေသည်။

အစိုးရ အရာရှိကြီးများက ၎င်းတို့၏ Facebook စာမျက်နှာတွင် သြဂုတ်လ ၃ ရက်နေ့က သတိပေးချက် ရေးသားရာတွင်  "အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝ ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍  မဟုတ်မမှန် သတင်းလွှင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်" ထိုသူသည် ထောင်ဒဏ် ၁ နှစ် သို့မဟုတ်  ငွေဒဏ် ချမှတ်ခံရနိုင်သည်ဟု ဖော်ပြထားသည်။
 
စားနပ်ရိက္ခာ မဖူလုံမည်ကို စိုးရိမ်ရ

ရေဖုံးလွှမ်းခြင်းကြောင့် ဆန်စပါး  ရာခိုင်နှုန်းမည်မျှပျက်စီးဆုံးရှံးမည်ကို လက်ငင်းမသိနိုင်ကြောင်း ပညာရှင်များက ပြောသည်။

“ရေနက်စပါး စိုက်ထားတဲ့နေရာဆိုရင် ရေမြှုတ်တာကို အပင်တွေက အတိုင်းအတာ တစ်ခုလောက်အထိ ခံနိုင်ရည်ရှိတဲ့ အနေအထားရှိတယ်။ အဲဒါဆိုရင်တော့ ပြန်နာလန်ထတယ်။ ဒါပေမယ် ဒေသနဲ့ကိုက်တဲ့စပါးမဟုတ်၊ ထိုက်သင့်တဲ့ ကာလတခုကိုလည်း မကျော်ဖြတ်နိုင်ဘူး ဆိုရင်တော့ စပါးကို ပိုးမွှားနဲ့ ရောဂါတွေ ဝင်လာနိုင်တယ်။ ရေအောက်ရောက်သွားပြီး မသေခဲ့ရင်တောင်မှ လိုအပ်တဲ့ ဆေးနဲ့ အာဟာရဓာတ်ကို မဖြည့်ပေးနိုင်ရင် ဒါက ဆုံးရှုံးမယ်”  ဟု မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) မှ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာခိုင်ကဆိုသည်။  

“ဘယ်လောက်ရာခိုင်နှုန်း ဆိုတာတော့ လယ်ဧက အတိအကျသိရမှာပဲ။ အခု အနေအထားက တော်တော်စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတာ ကျိန်းသေတယ်”

 ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ၄၅ နှစ်အရွယ် လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ ဒေါ်အိက ဆန်ဈေးတက်သွားကြောင့် ဒုက္ခရောက်ရကြောင်း ပြောသည်။

 “သြဂုတ်လ ၃ ရက်နေ့က စျေးတွေ စတတ်တာပါ။ ဆန်တစ်ပြည် ၁၈ဝဝ က ၂၂ဝဝ စျေးတက်သွားတယ်။ အန်တီကလည်း ထမင်းရောင်းတဲ့အတွက် ထမင်းတစ်ပွဲ ၂ဝဝ ကနေ ၃ဝဝ တက်ပြီး ရောင်းရတာပေါ့။ စျေးတက်တော့ အခြေခံလူတန်းစားဖြစ်တဲ့အတွက် ဒုက္ခရောက်တာပေါ့ ။ နေ့စဉ် တစ်ပြည်ဝယ်တဲ့ သူက အိတ်လိုက်ဝယ်စားနိုင်တဲ့သူထက် ပိုဒုက္ခရောက်တာပေါ့”

FSWG မှ ဒေါ်ဥမ္မာခိုင်က အများစိုးရိမ်နေကြသည့် ရေဘေး နောက်ဆက်တွဲ ပြဿနာတစ်ခုအကြောင်းလည်း  ပြောပြသည်။

 “နိုင်ငံ အထက်ပိုင်း တစ်ခုလုံးက ကြီးခဲ့တဲ့ ရေတွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကို စုပြုံတိုးလာမယ့် အနေအထားမျိုးလို့ တချို့က သုံးသပ်ထားတယ်။ ဧရာဝတီက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ကို တင်စားထားတော့ ဧရာဝတီမှာ အခုချိန် မဆိုးသေးပေမယ့် စုပြုံတိုးလာမယ့် အနေအထားမျိုး ဆိုတော့ အစိုးရအနေနဲ့ စားနပ်ရိက္ခာဖူလုံရေးကို ဘယ်လောက်အထိ သတိထားဖို့လိုမလဲ။ အစကတည်းက တိုင်းပြည်က (ဆန်စပါး) ၆ဝ၊ ရဝ ရာခိုင်နှုန်းကျော်ကျော်က ဧရာဝတီကထုတ်တာ” ဒေါ်ဥမ္မာခိုင်က ရှင်းပြသည်။

 “အင်္ဂလိပ်ခေတ်တုန်းက ဧရာဝတီမှာ ရေပတ်လမ်းကြောင်းဆိုတာ ရှိတယ်။ အခုမှာ အင်းတွေပိတ်ပြီးတော့ ငါးလုပ်ငန်းတွေ လုပ်လိုက်တယ်၊ အဆောက်အဦတွေ ဆောက်လိုက်တဲ့ အခါကျတော့ ရေပတ်လမ်းကြောင်း မရှိတော့ဘူး။ ကျွန်မတို့ စိုးရိမ်ရတာက ရေထွက်လမ်းကြောင်းတွေ မရှိတော့ အဲဒီနေရာတွေအားလုံးက ရေအောက်ရောက်မှာပဲ။ ရေနက်စပါးကို ဘယ်လောက်ပဲ စိုက်ထား၊ စိုက်ထား၊ ရေအောက်မှာ ကြာပြီး စပါးက အသက်ရှူပေါက်မရှိတော့ရင် အားလုံးက သွားမှာပဲ”

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်နီနီသိန်းကမူ သစ်တောပြုန်းတီးမှုမြင့်မားခြင်းသည် ရေကြီးခြင်း၏ အကြောင်းခံတစ်ခုဖြစ်သည်ဟု ဆိုသည်။

 “သစ်တောအုပ်တွေ ခုတ်လိုက်တော့ မြေကြီးက ပြောင်သွားတဲ့ အခါကျတော့ အဲဒီမြေကြီးပေါ်ကို မိုးရေစက်တွေက ကျပြီးတော့ ရေကသယ်သွားတယ်။ အဲဒီအခါမှာ မြေဆီလွှာကို ရေတိုက်စားခြင်း အရမ်းများလာတယ်။ အဲဒီနှုံးတွေက မြစ်ထဲကို ရောက်သွားတယ်။ အဲဒါကြောင့် သောင်တွေထွန်းလာပြီး ရေစီးရေလာ မကောင်းတော့ဘူး။ အဲဒီလို မကောင်းလို့ရေတွေက လျှံတာပေါ့။ အခုက မိုးက ခါတိုင်းထက်ပိုကြီးတယ် ။ ဟိုဘက်လကဆို တစ်နေ့တည်းနဲ ၇လက်မ ရွာတယ်။ ဒီဘက်လမှာ ကျတော့ တစ်နေ့ထဲနဲ ၄ လက်မ၊ ၅ လက်မ ရွာတဲ့ ရက်တွေက စိတ်လာတယ်” ဟု ဒေါ်ခင်နီနီသိန်းက ပြောသည်။

 ရေဘေးဒုက္ခသယ်များ ရေသန့် မရရှိနိုင်တော့၍ ရေသန့်စင်ရာတွင် သုံးသောဆေးပြား အများအပြား အမြန်လိုအပ်သည်ဟုလည်း သူက ရှင်းပြသည်။

“ရေသန့်ဆေးပြားတွေ အများကြီး သွင်းရမယ်။ နာဂစ်တုန်းကဆို ရေသန့်ဆေးပြား ၆ သန်းလောက် သွင်းလိုက်တာပဲ။ အခုလည်း ရေသန့်ဆေးပြားတွေ မြန်မြန်သွင်းပါလို့ပြောချင်တယ်” ဟု ဒေါ်ခင်နီနီသိန်းက ပြောသည်။   

 “ရေကြီးတာတွေ ပြီးသွားတဲ့ အချိန်မှာ အစိုးရအနေနဲ ဆည်တွေရဲ ကြံ့ခိုင်မှုကို ချက်ခြင်း ဝင်စစ်သင့်တယ်။ ဆည်တွေရဲ့ ရေလှောင်နိုင်မှုပမာဏက လှောင်သင့်တာထက် ပိုနည်းနေပါပြီ။ ဆည်ထဲကို ရောက်ပြီးသား နုန်းကိစ္စကို ဘယ်လို စီစဉ်မလဲ။ ရေစီးရေလာကောင်းအောင် မြစ်ထဲမှာရှိတဲ့ သောင်တွေကို ဘယ်လိုဖောက်မလဲ”  

ရခိုင်ပြည်နယ်နှင့် အသေအပျောက်များပြားမှု

မိုးသည်းထန်မှုနှင့် မုန်တိုင်းဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်  ၇ ခု တွင် ရေကြီးရေလျှံနေကြောင်း ဒေသခံများ၊ တာဝန်ရှိသူများက ဆိုကြသည်။ သြဂုတ် ၃ ရက်နေ့အထိ အတည်ပြုချက်အရ လူပေါင်း ၃၅ ဦးသေဆုံးပြီး၊ လူပေါင်း ၁၉,ဝဝဝ နီးပါး ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက Myanmar Now အား ပြောကြားသည်။

သြဂုတ် ၅ ရက်နေ့ AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားချက်အရ သေဆုံးမှုမှာ ၄၁ ဦးအထိ ရှိသွားပြီဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခသည်ဖြစ်နေသူများသည်လည်း ရေဘေးဒဏ်ခံရသူများတွင် ပါဝင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသည်။ ၂ဝ၁၂ တွင် ဖြစ်ခဲ့သော အဓိကရုဏ်းများကြောင့်  လူပေါင်း ၁ သိန်း ၃ သောင်းကျော် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရပြီး ၎င်းတို့ အများစုမှာ မြန်မာအစိုးရက ဘင်ဂါလီဟုခေါ်သော နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စလင်များဖြစ်သည်။  

ရခိုင်ပြည်နယ်ရှိ ဒေသအများအပြားတွင် လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပြီး၊   မြို့နယ်အုပ်ချုပ်ရေးဌာနများနှင့် မိုင် ၂ဝ ခန့် အလှမ်းဝေးသော ယာယီစခန်းတစ်ခုသို့ သွားရောက်ရန်မှာ “လုံးဝ မဖြစ်နိုင်ကြောင်း” ဦးလှသိန်းက ဆိုသည်။

“အဲဒီလို လှမ်းတဲ့နေရာတွေဆို ကားနဲ့လည်းမရဘူး၊ စက်လှေနဲ့လည်းမရဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး အဲ့ဒီဒေသတွေကို လေယာဉ်နဲ့ အစားအသောက်တွေ သွားချပေးနေပါတယ်” ဟု သူက ရှင်းပြသည်။

“ရေကလည်းသိပ်ကြီး လေကလည်း တအားတိုက်တော့ လှေနဲ့သွားဖို့ဆိုတာလည်း လမ်းမှာ ရေလမ်းကြောင်း ပျောက်တယ်။ ကုန်းလမ်းဆိုတာလည်း ရေကသုံးပေလောက် မြင့်နေတော့ ဘယ်လိုမှသွားမရဘူး”  ဟု သူက ဆက်ပြောသည်။

 ရေဘေးဒဏ်အဆိုးဆုံး ခံစားရသည့် ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦး၊ ကမ်းရိုးတန်းမြို့နယ်များဖြစ်သော မင်းပြား၊ မြေပုံတို့တွင် အိမ်ခေါင်မိုးများပေါ်အထိရေမြှုပ်ခဲ့ပြီး၊ ထိုမြို့များနှင့် ဆက်သွယ်ထားသည့် လမ်းတံတားများ ပျက်စီးကုန်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားရေးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးဦးလှစောက ဆိုသည်။

 “မြောက်ဦးမြို့လယ်မှာရှိတဲ့စျေးလည်း ရေအောက်ရောက်သွားတယ်။ လူတွေလည်း အမြင့်ပိုင်း ဘုရားကုန်းတို့ဘာတို့ကို ထွက်ပြေးကြတယ်။ အခု ဒီရေဘေးသင့်တဲ့ဒေသမှာရှိတဲ့လူတွေ လိုတာက အစားအသောက်နဲ့ ရေ။ အဓိက အရေးအကြီးဆုံးကတော့ ဆန်ရယ်၊ ရေရယ်၊ ထင်းရယ်ပဲ။ ဒါပေမယ့် ဖြစ်နေတဲ့အခြေအနေက သိပ်ကျယ်ပြန့်လွန်းတော့ အစိုးရက ကယ်ဆယ်ထောက်ပံ့ရေးလုပ်ပေမယ့် အားလုံးကို မကာမိနိုင်ဘူးဗျ၊ မထိရောက်ဘူးဗျ” ဟု သူက ဆိုသည်။

(ဤသတင်းဆောင်းပါးကို အိချယ်ရီအောင်၊ ထက်ခေါင်လင်း၊ ဆွေဝင်း၊ အယ်ဆားဝါ၊ သင်းလဲ့ဝင်းတို့ ပူးပေါင်းရေးသားပြီး ပေါလ်ဗရီးဇ် တည်းဖြတ်သည်။ )

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading