အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် မိုင်ရတနာအောင်အပါအဝင် လူငယ်ငါးဦး အဖမ်းခံခဲ့ရသည်
ရခိုင်ပြည်နယ် အမ်းမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည့် အသက် ၂၂ နှစ်အရွယ် ကျောင်းသူ မိုင်ရတနာအောင်ကို ယမန်နေ့(ဖေဖော်ဝါရီ ၉) ည ၉ နာရီခွဲအချိန်တွင် အမ်းမြို့မရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
မိုင်ရတနာအောင်ကို ဖမ်းဝရမ်းမပါဘဲ နေအိမ်တွင် လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် ရုံးထုတ် ရမန်ယူမည်ဟု မိခင်ဖြစ်သူ ဒေါ်တင်တင်အောင်က ပြောသည်။

“စခန်းကို ခဏလိုက်ခဲ့ပါ၊ ဘာညာနဲ့ လာခေါ်တာပေါ့နော်။ စခန်းကို ခဏလိုက်ခဲ့ရအောင် ဘာအပြစ်ရှိလို့လဲ ၊ ဘာလုပ်ထားလို့လဲဆိုတော့ ဆန္ဒပြတဲ့အထဲမှာ ပါလို့တဲ့” ဟု ဒေါ်တင်တင်အောင်က ပြောသည်။
ယနေ့နံနက်တွင် မိုင်ရတနာအောင်၏ မိသားစုဝင်များက ရဲစခန်းတွင် သွားရောက်တွေ့ဆုံခဲ့သော်လည်း ကိုဗစ်ရောဂါအကြောင်းပြကာ ဝင်ခွင့်မပြုသဖြင့် တွေ့ခွင့်မရခဲ့ကြောင်း၊ အဆိုပါ ရဲစခန်းတွင် မိုင်ရတနာအောင်အပါအဝင် လူငယ်ငါးဦး ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း ၎င်းက ပြောသည်။
“အန်တီက မကျေနပ်ဘူး။ တစ်ညလုံးလည်း မအိပ်ရဘူး။ ပထမတော့ မထည့်ပေးဘဲ နေမလို့ပဲ။ ခဏနေရင် ရုန်းရင်းဆန်ခတ်ဖြစ်ရင် သူများအလွန်က ကိုယ့်အလွန်ဖြစ်မှာစိုးလို့ ထည့်လိုက်တာ။ ခံဝန်လက်မှတ်ထိုးပြီး အိမ်ကိုပို့မှာလိုလို၊ ဘာလိုလိုနဲ့ ဟိုကျတော့ မပို့တော့ဘူး” ဟု ဒေါ်တင်တင်အောင်က ဆိုသည်။
မိုင်ရတနာအောင်သည် ဓာတုဗေဒအထူးပြု တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး Chin University Students in Rakhine State (CUSR) ၏ အမ်းမြို့ အတွင်းရေးမှူးတစ်ဦးလည်းဖြစ်သည်။


အမ်းမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပထမဆုံးချီတက်ဆန္ဒပြသည့်နေ့တွင်ပင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ကြောင်း CUSR ဥက္ကဋ္ဌ မိုင်ခိုင်ဇင်မေသန်းက ပြောသည်။
“ဆန္ဒပြတဲ့သူတွေကို လှိမ့်ဖမ်းနေတယ်။ မနေ့ညက အသိအစ်မတွေလည်း ရှိသေးတယ်။ သူတို့ဆို တိမ်းရှောင်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ ဖမ်းဆီးမှုများကြောင့် ယနေ့ (ဆန္ဒပြမှု ဒုတိယနေ့)တွင် အချို့မိဘများက လူငယ်များကို ချီတက်ဆန္ဒပြရန် မလွှတ်တော့ကြောင်းလည်း မိုင်ခိုင်ဇင်မေသန်းက ပြောသည်။
“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အထဲမှာပါတယ်။ ပြီးတော့ အမ်းရဲ့အခြေအနေက ဒေသခံတွေ အကုန်လုံးပါတာ မဟုတ်ဘူးပေါ့ ။ ဆန္ဒပြတဲ့လူနည်းစုထဲမှာ ချင်းတိုင်းရင်းသူ တိုင်းရင်းသားတွေ များတယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ရခိုင်ပြည်နယ် အမ်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူ လူဦးရေ တစ်ထောင်ခန့် ရှိနိုင်ကြောင်း မိုင်ရတနာအောင်၏ မိခင်ဖြစ်သူထံမှ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












