အာဏာသိမ်းအစိုးရကို ဆန့်ကျင်၍ ပြည်သူ့ဝန်ထမ်းများ ရုံးမတက်ဘဲ ဆန္ဒထုတ်ဖော်ကြရာတွင် အငြင်းပွားဖွယ်ဖြစ်မည်စိုးသဖြင့် ရွေးကောက်ခံအစိုးရ တာဝန်ယူချိန်အထိ အလုပ်ပိတ်ကြောင်း ကြေညာသည်ဟု ကချင်ပြည်နယ်ရွေးကောက်ခံအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက ဆိုသည်
ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ရုံးများတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ ရွေးချယ်သည့် သမ္မတက အစိုးရသစ်ဖွဲ့စည်းသည့်အချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ရွေးကောက်ခံ ကချင်ပြည်နယ်အစိုးရက ယနေ့ (ဖေဖော်ဝါရီ ၉) တွင် ထုတ်ပြန်လိုက်သည်။
အာဏာသိမ်းတပ်မတော်က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်နယ်ဝန်ကြီး ဦးဒါရှီလဆိုင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၉ အရ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းဥပဒေပုဒ်မ ၂၉ တွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် ပြည်ထောင်စုအစိုးရကို ကူညီရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
အလားတူညွှန်ကြားချက်ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ရွေးကောက်ခံအစိုးရအဖွဲ့တို့ကလည်း ယနေ့တွင် ထုတ်ပြန်ထားသည်။


တပ်မတော်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်စေရေး ဦးတည်သည့် ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လျက်ရှိသည်။
“ကချင်ပြည်နယ်အတွင်းမှာ အစိုးရယန္တရားကို လည်ပတ်နေတဲ့ ဌာနအားလုံး၊ အစိုးရအောက်မှာရှိတဲ့ ဌာနဆိုင်ရာ အကုန်လုံးရဲ့ ရုံးတွေအားလုံး ပိတ်ထားကြောင်း ထုတ်ပေးခြင်းဖြစ်ပါတယ်။ အဲဒီလိုမထုတ်ရင် ဌာနဆိုင်ရာတွေက ရုံးသွားတက်နေရင် CDM နဲ့ပတ်သက်ပြီး သို့လောသို့လော ဖြစ်မှာစိုးလို့“ ဟု ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။


တပ်မတော်က အာဏာသိမ်းယူထားခြင်းသည် ဥပဒေမဲ့ပြုကျင့်ခြင်းဖြစ်၍ တရားမဝင်ဘဲ ရွေးကောက်ခံအစိုးရအဖွဲ့သည်သာ တရားဝင်အစိုးရဖြစ်သည့်အတွက် ယခုကြေညာချက်မှာလည်း တရားဝင်ဖြစ်သည်ဟု ဦးဒါရှီလဆိုင်းက ဆိုသည်။
စစ်အာဏာသိမ်းမှုကို ရဲဝံ့စွာ အာဏာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသည့် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ပြုကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









