စွမ်းအားရှင်တွေ ဘယ်ကလာသလဲ

ရန်ကုန် မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများအား ဖြိုခွဲမှုတွင် လက်ပတ်နီဝတ် လူရမ်းကားများနှင့် ၎င်းတို့ကို အသုံးချခဲ့သည့် အစိုးရအပေါ် ပြည်သူများက ဒေါသထွက်ခဲ့ကြသည်။

စွမ်းအားရှင်များ စုဆောင်းရာဒေသတစ်ခုဖြစ်သည့် စက်ဆန်းရွာ၏ လှေဆိပ် (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)

ရန်ကုန် - ကျွန်တော်စီးလာသည့် တရုတ်အင်ဂျင်တပ် သစ်သားသမ္ဗန်လေးက တငြိမ့်ငြိမ့်တအိအိ စီးနေသည့်လှိုင်မြစ်ကို ကန့်လန့်ဖြတ် ခုတ်မောင်းလာချိန်တွင် စင်ရော်ငှက် တစ်အုပ်က ဦးခေါင်းပေါ်မှ ပျံဝဲလျက်ရှိသည်။ ၁ဝ မိနစ်ခန့်အကြာတွင် ကျွန်တော်သည် စက်ဆန်းရွာ မြစ်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

မတ်လ ၁ဝ ရက်က ကျွန်တော်ရောက်ခဲ့သည့် အဆိုပါ စက်ဆန်းရွာလေးသည် ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် ရှိသည်။ စွမ်းအားရှင်ဟု ခေါ်နေကြ သူများနှင့် ပတ်သက်ပြီး လေ့လာရန် ထိုရွာလေးကို ကျွန်တော် ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မတိုင်မီ ရက်အနည်းငယ်က ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြကျောင်းသားတို့ကို ရဲများက အကြမ်းဖက်ဖြိုခွဲရာတွင် သူတို့ ပါဝင်ခဲ့ကြသည်ဟု သိထားကြသည်။

ယင်းဖြစ်စဉ်တွင် ရဲများကို ကူညီမည့်သူတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက စက်ဆန်းနှင့် အနီး ရွာနှစ်ရွာမှ စုစည်းပေးခဲ့ကြောင်း ကျွန်တော့်ကို လူတစ်ယောက်က ပြောထားသည်။
လူမိုက်ရုပ်ပေါက်နေသူများက ကျောင်းသားလူငယ်တို့ကို တိုက်ခိုက်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသည့် အခါ ပြည်သူများအကြား ဒေါသပေါက်ကွဲခဲ့သည်။ ပျက်စီးယိုယွင်းနေပြီ ဖြစ်သော ပညာရေးစနစ် ပြန်လည်တည်ဆောက်ရန် ဟန်ပြင်နေသော မြန်မာပြည်တွင် အဆိုပါ ကျောင်းသားများက ပညာရေးဥပဒေပြင်ဆင်ရေးအတွက် တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ဖြစ်ရပ်နှင့်ပတ်သက်၍ မကျေနပ်ချက်များ ထွက်ပေါ်လာပြီးနောက်တွင် ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် အလုပ်များကို ဘယ်လိုလူတွေက အစိုးရအတွက် လုပ်ပေးနေသနည်း၊ သူတို့က အစိုးရအာဏာပိုင်များနှင့် မည်သို့ဆက်နွယ်ပတ်သက်နေသနည်း ဆိုသည်များကို ကျွန်တော် သိချင်လာသည်။

စက်ဆန်းရွာလေးက ရန်ကုန်မြို့ကြီးနှင့် ကပ်နေသော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျပြီး သီးခြားလို ဖြစ်နေသည်။ ကျွန်တော် ရွာထဲကို ဝင်သွားချိန်တွင် စုတ်ပြဲနေသည့် အဝတ်အစား ဝတ်ထားပြီး ပိန်လှီနေသည့် လူတစ်ယောက်သည် ရွာလမ်းမဟုဆိုသော လေးပေအကျယ်ခန့် ကွန်ကရစ်လမ်းအတိုင်း လျှောက်လာသည်။ လမ်းထောင့်တစ်နေရာတွင် အပေါ်ပိုင်း ဗလာကျင်းထားသည့် ဗလတောင့်တောင့်လူတစ်စု ဖဲရိုက်နေပြီး၊ နောက်တစ်အုပ်စုကတော့ အနားတွင် ကြက်တိုက်နေကြသည်။ အိမ်တစ်အိမ်ရှေ့တွင် အမျိုးသမီးနှစ်ယောက်က ဆောင့်ကြောင့်ထိုင်ပြီး သန်းရှာနေကြသည်။

လူစိမ်းဖြစ်သည့် ကျွန်တော့်ကို မသင်္ကာသူတစ်ယောက်အဖြစ် လှမ်းကြည့်ကြသည်။ သို့သော်လည်း ရွာရှိ အမျိုးသမီးတစ်ယောက်နှင့် စကားပြောခွင့်ရခဲ့ပြီး သူ့ကို ဆန္ဒပြပွဲ ဖြိုခွဲပုံကို ရိုက်ထားသည့် ဓာတ်ပုံများကို ပြလိုက်ရာ သူက ဓာတ်ပုံထဲမှ အမျိုးသားငါးဦး၏ အမည်ကို ချက်ချင်း ပြောပြသည်။ ဆန္ဒပြပွဲ ဖြိုခွင်းရန် ရွာထဲတွင်လူစုခဲ့သူတစ်ဦး၏ အမည်အပါအဝင် ၎င်းတို့၏ လိပ်စာကိုပါ အတိအကျပြောပြသည်။

ဆန္ဒပြမှု ဖြိုခွင်းစဉ်ပါဝင်သူများမှာ လူဆိုးလူမိုက် ထောင်ထွက်များဖြစ်သဖြင့် ၎င်းတို့ကို ရွာကကြောက်ရကြောင်း၊ ၎င်းတို့ပုံများ အင်တာနက်တွင် ပလူပျံထွက်ပေါ်လာသော်လည်း ထိုကိစ္စကို တိုးတိုးတိတ်တိတ်သာ ပြောရဲကြောင်း သူကဆိုသည်။ ဆန္ဒပြမှုကို ဖြိုခွဲပုံများ မီဒီယာအသီးသီးတွင် ဖော်ပြကြရာ ထိုသတင်းစာ၊ ဂျာနယ်များ ရွာကိုရောက်လာသည့်အခါ လှေဆိပ်တွင်ပင် ၎င်းလူမိုက်များက ဆုတ်ဖြဲ ဖျက်ဆီးခဲ့ကြသည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။

သားဖြစ်သူ အပါအဝင် ရွာလူမိုက်များကို ခေါ်ယူစုစည်းပြီး ဆန္ဒပြမှုဖြိုခွင်းရာတွင် ပါဝင်ခဲ့သူဟု ဆိုကြသော အမျိုးသားတစ်ဦး ဖွင့်ထားသော စက်ဆန်းရွာ မြစ်ကမ်းနံဘေးမှ သက်ငယ်မိုး အရက်ဆိုင်သို့ ကျွန်တော်ရောက်ရှိချိန်တွင် ညအမှောင် ကျရောက်နေပြီဖြစ်သည်။ ထိုညတွင် အရက်ဆိုင်တွင်ရှိသူ လူတစ်စုက လွန်ခဲ့သည့် ၅ ရက်က ဖြစ်ရပ်ကို စားမြုံ့ပြန်နေကြသည်။
မြန်မာဆန်ဆန် လည်ကတုံးအင်္ကျီ ဝတ်ဆင်ထားသည့် အသက်လေးဆယ်ကျော်အရွယ် ဆိုင်ရှင်က အခြားလူသုံးယောက်နှင့် ကျယ်လောင်ကျယ်လောင် စကားပြောနေသည်။

ဆိုင်ပိုင်ရှင်က ဆန္ဒပြသူတစ်ဦး၏ မျက်နှာကို သူ မည်သို့ ရိုက်နှက်ခဲ့ကြောင်း၊ နောက်တစ်ယောက်၏ ပေါင်ကြားကို မည်သို့ ဆောင့်ကန်ခဲ့ကြောင်း ကြွားဝါပြောဆိုနေသည်။ ကျွန်တော့်ကို ကုတ်အချိုရည်ဘူး လာချပေးနေသူ ဆိုင်၏ တစ်ဦးတည်းသော စားပွဲထိုးကို ဆိုင်ရှင်က လက်ညှိုးထိုးပြပြီး သူ့သားကလည်း ဆန္ဒပြသူတစ်ယောက်၏ မျက်နှာကို မည်သို့ ရိုက်ခဲ့ကြောင်း ပြောနေသည်။ “နောက်တစ်ယောက်ရဲ့ ခေါင်းက သွေးတွေထွက်လာတာ မင်းတို့မြင်ခဲ့လား။ အဲဒီကောင်ကို ငါ့သားဆော်ခဲ့တာ” ဟု ဆိုင်ရှင်က ပြောသည်။ သူတို့ကို တစ်ချက်လှည့်ကြည့် သွားသည့် လမ်းသွားလမ်းလာတစ်ဦးကို “ဟေ့ကောင် မင်း ထောင်ထဲ ရောက်သွားချင်လို့လား” ဟုလည်း ၎င်းက အော်ပြောလိုက်သည်။

သူတို့ဝိုင်းတွင် ထိုင်စကားပြောနေသူတစ်ဦးက ဆန္ဒပြသူများသည် သူတို့လောက် သန်သန်မာမာ မရှိကြကြောင်း ပြောသည်။ သူပြောတာ မှန်သည်။ ဆင်းရဲနွမ်းပါးပြီး ရွာတွင် အာဟာရ ပြည့်ဝစွာ စားသောက်ရပုံ မပေါ်သော်လည်း အထမ်းသမားများ၊ သမ္ဗန်ခတ်သူများနှင့် တံငါသည်များအဖြစ် လုပ်ကိုင်စားသောက်နေကြသည့် ၎င်းတို့သည် ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်ကြသည်။

ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ပါဝင်ခဲ့သည့် အရက်ဆိုင်ရှင်၏သား၊ ခါးပိုက်နှိုက်မှုဖြင့် ထောင်ကျဖူးသည်ဆိုသော အခြားလူငယ်တစ်ဦးတို့၏ ဓာတ်ပုံများသည် ပြည်တွင်းသတင်းစာ အများအပြားတွင် ပါလာပြီး Facebook အသုံးပြုသူများအကြားတွင်လည်း ပျံ့နှံ့သွားသည်။ ရန်ကုန် မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများအား ဖြိုခွဲမှုတွင် လက်ပတ်နီဝတ် အဆိုပါ လူရမ်းကားများနှင့် ၎င်းတို့ကို အသုံးချခဲ့သည့် အစိုးရအပေါ် ပြည်သူများက ဒေါသ ထွက်ခဲ့ကြသည်။ ၎င်းတို့ကို လမ်းတွင်တွေ့ပါက မည်ကဲ့သို့ ပညာပေးလိုက်မည်ဖြစ်ကြောင်း မကျေမနပ်ဖြစ်နေသည့် Facebook အသုံးပြုသူများက မှတ်ချက်ပေး ရေးသားကြသည်။ စက်ဆန်းရွာတွင်တော့ အရက်ဆိုင်ပိုင်ရှင် သားအဖနှစ်ဦးက ဖြစ်ပြီးသည့် ကိစ္စမှာ သူတို့နှင့် မဆိုင်တော့သလိုပင်။ အဖေဖြစ်သူက ရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရာရှိသည်။

ဆရာတော် ဦးဝိသာရသည် စက်ဆန်းရွာ၏ တစ်ခုတည်းသော ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လာသည်မှာ ၂၆ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သည်။ စွမ်းအားရှင်ဆိုသူများအား ရွာမှ လာရောက်ခေါ်ယူသွားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာတော်က ဆွေးနွေးရန် ဆန္ဒ မရှိသော်လည်း ရွာသားများ စရိုက်ကြမ်းရခြင်းမှာ ဆင်းရဲမှု၊ ပညာရေးနိမ့်ကျမှု၊ ရန်ကုန်နှင့် သီးခြားစီ ဖြစ်နေမှုတို့ကြောင့် ဖြစ်ကြောင်း မိန့်ကြားသည်။

၁၉၉ဝ ဝန်းကျင် တစ်ရွာလုံး မီးအကြီးအကျယ် လောင်ပြီး နောက်ပိုင်းမှသာ လူသွားလမ်းများ အတည်တကျ ရှိလာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်မှစကာ ရွာတွင် လျှပ်စစ်မီး ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အနည်းငယ် ရှိလာခဲ့သည်။ သို့သော် လူနေမှုအခြေအနေ များစွာ တိုးတက်မလာသေးကြောင်း ဆရာတော်က ရှင်းပြသည်။

“မြစ်ကြီး ခြားနေလို့ အခုလို မဖွံ့ဖြိုးမှုတွေ ဖြစ်ရတာလို့ပဲ ပြောချင်ပါတယ်။ တံတားတစ်စင်းလောက် ဆောက်လိုက်မယ်ဆိုရင် အရာရာ တိုးတက်ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆရာတော်က ပြောသည်။

ရွာသားများ ငွေတိုးချသူတို့ထံမှ ငွေချေးထားကြပြီး အကြွေးနွံနစ်နေရပုံကို အဘွားအိုတစ်ဦးက ရွာ၏မြစ်ကမ်းဘေး လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ပြောပြသည်။ သူသည်ပင် လွန်ခဲ့သည့်နှစ်က အိမ်နီးချင်းတစ်ဦးထံမှ ကျပ် သုံးသောင်း ချေးယူခဲ့ကြောင်း၊ အကြွေးရင်းနှင့် အတိုးတို့ ပြန်မဆပ်နိုင်တော့သောအခါ အိမ်ရောင်းဆပ်ခဲ့ရကြောင်း ပြောသည်။
ထိုသို့ အဘွားအိုပြောနေစဉ်တွင် ပိန်လှီယိုင်ခွေနေသည့် အမျိုးသားတစ်ဦး ဆိုင်တွင်းသို့ လျှောက်လာပြီး သွေးပေါင် အလွန်ကျကာ နေမကောင်းဖြစ်နေကြောင်း၊ ဆေးကုရန်လည်း ငွေမရှိကြောင်း ညည်းတွားပြသည်။

ရွာရှိ နာရေးကူညီမှုအသင်းကို ဦးဆောင်နေသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူတို့အသင်းတွင် ငွေကြေးအခက်အခဲရှိနေပြီး မီးသဂြိုလ်မှုများကိုပင် မလုပ်နိုင်ဟု ခပ်ထေ့ထေ့ ပြောလိုက် သည်။ အစိုးရက အတိုက်အခံတို့အား နှိပ်ကွပ်ရန် စွမ်းအားရှင်များကို ငှားရမ်းအသုံးပြု၍ ရနေခြင်း၏ အဓိက အကြောင်းရင်းမှာ ၎င်းတို့၏ ဘဝဆင်းရဲမှု ဖြစ်သည်ဆိုပါက စက်ဆန်းရွာလေးသည် စွမ်းအားရှင်များကို လွယ်လင့်တကူ စုဆောင်းရရှိနိုင်သည့် နေရာတစ်ခုအဖြစ် နှစ်များစွာအထိ ရှိနေနိုင်သေးသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading