အလွှာစုံပါဝင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုကြီးဖြစ်လာ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒပြမှုများ မြို့အသီးသီးတွင် နေ့စဉ်ရက်ဆက် အရှိန်မြင့်တက်လာပြီး အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ၊ ရဲအရာရှိများ၊ ရဟန်းသံဃာများပါမကျန် ပါဝင်လာကာ အကြမ်းမဖက်သောနည်းဖြင့် ဆန္ဒထုတ်ဖော်မှုများကို အင်အားသုံးဖြိုခွင်းခံရသည့်အတွက် စိတ်ဆိုးဒေါသထွက်သူများလည်း ရှိလာသည် 

Published on Feb 9, 2021

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ စတင်ပြီး လေးရက်မြောက်နေ့တွင် ဌာနစုံမှ နိုင်ငံ့ဝန်ထမ်းများ၊ ရဲအရာရှိများ၊ ဘုန်းကြီးရဟန်းများ၊ တိုင်းရင်းသားများပါမကျန် အလွှာစုံမှ လူတန်းစားအသီးသီး ပါဝင်လာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအုံကြွမှုကြီးဖြစ်လာသည်။

အဓိကမြို့ကြီးများဖြစ်သော ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့အပြင် နိုင်ငံတဝန်းရှိ မြို့အသီးသီးတွင် ဒေသခံ ပြည်သူလူထုနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ကိုထောက်ခံကြောင်း ကြွေးကြော်ပြီး နေ့စဉ်ဆက်တိုက်ဆန္ဒပြနေကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးချိန်မှစတင်ကာ နိုင်ငံ့ဝန်ထမ်းအများအပြားက လုပ်ငန်းခွင်ဝင် ရုံးတက်ခြင်းမပြုဘဲ CDM လှုပ်ရှားမှုကို စတင်ခဲ့ကြခြင်းဖြစ်ကာ ဒေသအသီးသီးရှိ ပြည်သူလူထုကလည်း နိုင်ငံ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံပြီး လမ်းပေါ်ထွက်ဆန္ဒပြကြသည်။

“ရုံးမတက်နဲ့ ရုန်းထွက်” ဆိုသော ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု 

နေပြည်တော်ရှိ ဝန်ကြီးဌာနများအနက် CDM လှုပ်ရှားမှုတွင် ကျန်းမာရေးနှင့် အားကစား၊ နိုင်ငံခြားရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ပညာရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့မှ ဝန်ထမ်းများအထိ ပါဝင်ကြသည်။

ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ကြီးဌာနအသီးသီးမှ  အဆင့်မြင့်အရာရှိကြီးများ ပါဝင်ခြင်းရှိမရှိ လူသိရှင်ကြား မသိရသေးသော်လည်း အမှုထမ်း၊ အရာထမ်းအများစု ပါဝင်ကြောင်း သက်ဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းထုတ်ပြန်ကြေညာချက်များ၊ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများအရ သိရသည်။ 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အခြားပြည်သူ့ဝန်ထမ်းများနည်းတူ CDM လှုပ်ရှားမှု အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၏ သွေးထိုးလှုံဆော်ခြင်းကြောင့် မဟုတ်ဘဲ မိမိတို့၏ သဘောဆန္ဒအလျောက် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်းလည်း CDM လှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများက အတည်ပြုချက်များ ထုတ်ပြန်ထားကြသည်။

“စစ်အာဏာသိမ်းမှုကို လုံးဝ (လုံးဝ) ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ဆန္ဒဖြင့် ပွင့်လင်းမြင်သာစွာ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ပြည်သူ့ဝန်ထမ်းပီသစွာ တာဝန်ထမ်းဆောင်လိုကြောင်း” CDM တွင်ပါဝင်သော ပြည်တွင်းအခွန်ဦးစီးဌာနဝန်ထမ်းများ၏ ဖေဖော်၀ါရီ ၈ ရက်စွဲတပ် ကြေညာချက်က ဆိုသည်။

“မဲမသမာမှုကြောင့် အာဏာသိမ်းရပါသည်” ဆိုသော အကြောင်းပြချက်ကို လုံးဝလက်မခံနိုင်ကြောင်း ယခင်က ရွေးကောက်ပွဲကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်တွင်းအခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးတင်ထားသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီးဆုံးသော ဝန်ကြီးဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) အောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ ပြည်သူ့ဝန်ထမ်းများကလည်း CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ ၃၅၄ (က) ပါ ပြဌာန်းချက်များနှင့်အညီ မိမိ၏ထင်မြင်ယူဆချက်၊ မိမိ၏ယုံကြည်ချက်များကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်သော အထက်ပါ ဝန်ကြီးဌာနဝန်ထမ်းများ၏ ကြေညာချက်က ဆိုပြီး အခြားဝန်ကြီးဌာနများ၏ ဝန်ထမ်းများ ပူးပေါင်းပါဝင်ကြရန်လည်း နှိုးဆော်ထားသည်။ 

အာဏာသိမ်းယူမှုကို ကန့်ကွက်ရှုံ့ချကြောင်းနှင့် မိမိတို့၏ စိတ်ဆန္ဒမပါဘဲ ဖွဲ့စည်းထားသော အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်က ဆိုသည်။ 

ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့်  ဌာနဆိုင်ရာ အကြီးအကဲတို့က ဖိအားပေးခြင်း၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ဖြင့် ဟန့်တားကြသည် ဟု သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ ရှေ့တန်းမှပါဝင် 

မြို့အသီးသီးရှိ နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများတွင် ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ဆန္ဒပြသူများအနက် ရှေ့တန်းမှ ပါဝင်လာသူများမှာ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ ဖြစ်ကြသည်။ 

စစ်အာဏာသိမ်းမှု စတင်သည့်နေ့ကတည်းကပင် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆရာဝန်များနှင့် သူနာပြုများက တပြိုင်နက်တည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ 

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွင် အဖြူအစိမ်း ကျောင်းဝတ်စုံဝတ်ဆင်လျက် တက်တက်ကြွကြွပါဝင်ခဲ့သူ ဆရာမတစ်ဦးက “ကျွန်မ ဘယ်ပါတီဝင်မှ မဟုတ်ဘူး။ ကျွန်မတို့ဟာ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ဘာလို့ပါလဲဆို နိုင်ငံရဲ့အရေးမို့။ ကျွန်မတို့ဟာ မဲရုံ သေသေချာချာလုပ်လာတာ။ စနစ်တကျလုပ်လာတာ။ မဲမမှားဘူး။ မဲမှားတယ်ဆိုတဲ့အတွက် ကျွန်မတို့ မသမာမှုလုပ်တယ်လို့ ပြောတဲ့အတွက် ကျွန်မတို့ကို စော်ကားတဲ့အတွက် ကျွန်မတို့ပါတာ” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ တွင် မဲရုံတာဝန်ကျ ဆရာဆရာမများ ဘက်လိုက်မှုရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စွပ်စွဲမှုကို ယင်းဆရာမက ရည်ညွှန်းပြောဆိုခြင်းဖြစ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခြင်းသည် တပ်မတော်ကို ဆန့်ကျင်နေခြင်း မဟုတ်ဘဲ ကလေးငယ်များအတွက် အတိတ်က ပညာရေးမျိုး ပြန်မရောက်စေရန် ဖြစ်သည်ဟုလည်း ရန်ကုန်မြို့လှည်းတန်းလမ်းဆုံအနီး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ထိုဆရာမက ဆိုသည်။ 

မြို့အသီးသီးတွင် ပြည်သူလူထုနှင့်အတူ လမ်းပေါ်ထွက်ဆန္ဒပြမှုများတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများနည်းတူ ဆရာဆရာမများ၊ တက္ကသိုလ်နှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများပင် ပါဝင်လာသည်ကို တွေ့ရှိရသည်။ 

“စစ်အာဏာသိမ်းတာကို အခုမတော်လှန်ရင် နောက် ၁၀ နှစ်လောက်နေလည်း တော်လှန်နိုင်တော့မှာ မဟုတ်ဘူး။ အမေ (ဒေါ်အောင်ဆန်းစုကြည်) က အရမ်းအသက်ကြီးနေပြီ။ လူငယ်တွေက အခုလို ဦးဆောင်လုပ်နေတာ အရမ်းဝမ်းသာတယ်။ တိုင်းပြည်ငြိမ်းချမ်းတဲ့အထိ ဆန္ဒပြသွားမယ်” ဟု ရန်ကုန်မြို့ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူ အသက် ၂၁ နှစ်အရွယ် ဥပဒေပညာကျောင်းသူ မမြင့်မြတ်စုက ပြောသည်။ 

စစ်အာဏာရှင် ဖြုတ်ချရေးနှင့် ဒီမိုကရေစီရရှိရေး ကြွေးကြော်သံများနှင့် ဒေသအသီးသီးမှ ဆန္ဒပြပွဲကြီးများတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများနည်းတူ အခြားဌာနစုံမှ ဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ကြသည်ကို တွေ့ရသည်။ 

ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ကြသည့် အထွေထွေဝန်ထမ်းများတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးကဲ့သို့သော ဝန်ထမ်းများအပါအဝင် မီးရထားဝန်ထမ်းများလည်း ပါဝင်လျက်ရှိသည်ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တွေ့ရှိရ သည်။ 

ရှမ်းပြည်နယ် မဘိမ်းမြို့တွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာရေး၊ မြို့နယ်လျှပ်စစ်၊ ဆောက်လုပ်ရေးနှင့် ဆေးရုံဝန်ထမ်းများ ယနေ့ လမ်းပေါ်ထွက်လာကာ  ဒေသခံ ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းအုပ်ချုပ်မှုကို ဆန့်ကျင်ကြသည်။ 

မဲစာရင်းမှားယွင်းနေသည်ဟု အကြောင်းပြကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းယူခဲ့ခြင်းမှာ လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဒေါက်တာရင်မင်းပိုက်က ပြောသည်။ 

“အတင်းအဓမ္မပဲ ပြည်သူကို သိသိနဲ့အနိုင်ကျင့်တာ။ အနိုင်ကျင့်တယ်ဆိုတာကို အကုန်လုံးလည်း သိနေတာပဲ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ယမန်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲများအတွင်း လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBTQ) ကလည်း ၎င်းတို့၏ Rainbow အမှတ်အသားအလံများ ကိုင်ဆောင်လျက် ပူးပေါင်းပါဝင်ဆန္ဒပြကြသည်ကို တွေ့ရသည်။

ယနေ့တွင်လည်း ရန်ကုန်မြို့၌ တပ်မတော်က အာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် မသန်စွမ်းအဖွဲ့အစည်းများမှ လူဦးရေ ၇၀ ကျော်က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှ လှိုင်မြို့နယ် လှည်းတမ်းလမ်းဆုံအထိ ချီတက်ဆန္ဒပြကြသည်။ 

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်သူ ဒေါ်ယုကသူက “နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီတဲ့ မဲရလဒ်ဖြစ်နေရင် နိုင်ငံသားတွေက အခုလို ဆန္ဒပြတဲ့အရေးအခင်းတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလေ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ တက်လာတဲ့ အစိုးရလား၊ နိုင်ငံသားတွေရဲ့ သဘောဆန္ဒမပါဘဲ မဲလိမ်မဲခိုးပြီး တက်လာတဲ့အစိုးရလားဆိုတာ အခု ဒီတစ်ပတ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေကို ကြည့်တာနဲ့ သိသာတယ်” ဟု ပြောသည်။ 
 

‘ပြည်သူ့ရဲ’ ဆိုသော ဆန္ဒပြကြွေးကြော်သံများအကြား ရဲအရာရှိတချို့လည်း ပူးပေါင်းပါဝင်လာ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲအရာရှိများကိုယ်တိုင် ဆန္ဒပြပြည်သူလူထုနှင့် ပူးပေါင်းပါဝင်လာသည်ကို ယနေ့ (ဖေဖော်ဝါရီ ၉) တွင် တွေ့ရှိရသည်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌ ယနေ့ဆန္ဒပြပွဲတွင် တာဝန်ထမ်းဆောင်နေဆဲ ရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုအတွက် ကိုယ်တိုင်ပါဝင်ခဲ့ပြီး စာစီစာရိုက်ကာ အဆင်သင့်ယူဆောင်လာသော ‘အနာဂတ်အတွက် တောင်းဆိုမှု’၊ ‘ကတိပြုသစ္စာ’ နှင့် ‘ကြွေးကြော်သံ’ ဆိုသော စာရွက်စာတမ်းများနှင့် ကိုယ်တိုင်စည်းရုံးဟောပြောခဲ့သည်။ 

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် ၆၂ ဆင်း ကိုယ်ပိုင်အမှတ် လ/ ၂၂၈၅၈ ကိုင်ဆောင်သူ ရဲအုပ်ခွန်အောင်ကိုကိုဆိုသူ အဆိုပါ ရဲအရာရှိက ဆန္ဒပြပြည်သူများနှင့်အတူ ပူးပေါင်းပြီးနောက် ၎င်းကို ထုတ်ပေးရန် ရဲတပ်ဖွဲ့က တောင်းဆိုခဲ့သော်လည်း ဆန္ဒပြပြည်သူများက အဆိုပါ ရဲအရာရှိကို ထုတ်ပေးခြင်း မပြုခဲ့ပေ။ 

ထို့အတူ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်လည်း ယနေ့နံနက်ပိုင်း ဆန္ဒပြပွဲတွင် တာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆန္ဒပြပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း Magway Post သတင်းဌာန ၏ Facebook စာမျက်နှာတွင် တင်ထားသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း ဆန္ဒပြပြည်သူလူထုနှင့်အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပူးပေါင်းပါဝင်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တွေ့ရှိရသည်။ 

တိုင်းရင်းသားများနှင့် ရဟန်းသံဃာများလည်း ပါဝင်ဆန္ဒပြ 

 

အရှိန်မြင့်တက်လာသော နိုင်ငံတဝန်းရှိ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲများအတွင်း တိုင်းရင်းသားလူနည်းစုများလည်း ပါဝင်လာသည်ကို တွေ့ရှိရသည်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်၊ ကရင်နှင့် ကယားပြည်နယ်တို့ရှိ မြို့ကြီးများတွင် ဒေသခံတိုင်းရင်းသား များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့်နည်းတူ ရန်ကုန်နှင့် မန္တလေးရှိ တိုင်းရင်းသားများကလည်း ဆန္ဒပြပွဲများတွင် ပါဝင်နေကြသည်ကို တွေ့ရသည်။ 

ယမန်နေ့မှ စတင်ကာ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့အချို့တွင် ဆန္ဒပြပြည်သူလူထုနှင့် ရဟန်းသံဃာအချို့လည်း ပူးပေါင်းပါဝင်ကာ ဆန္ဒပြခဲ့သည်ကို တွေ့ရှိရသည်။ ယနေ့တွင် ရန်ကုန်မြို့လယ် ဆူးလေးဘုရားအနီး သံဃာတော်အချို့ ချီဆက်ဆန္ဒပြကြသည်။ 

ကိုဗစ်နိုင်တင်းကြောင့် သံဃာတော်အချို့ နေရပ်ဇာတိ၌ ပြန်လည်သီတင်းသုံးနေသဖြင့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကဲ့သို့ သံဃာတော်အများအပြား ပါဝင်နိုင်ခြင်းမရှိကြောင်း ရန်ကုန်မြို့လယ် ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ သံဃာတော်တစ်ပါးက မိန့်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီးမြို့တော် မုံရွာတွင်လည်း စစ်အာဏာရှင်အလိုမရှိကြောင်း ယနေ့ ချီတက်ဆန္ဒပြပွဲ၌ ရဟန်းသံဃာများ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ 

ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဖြိုခွင်းခံရ 

ဆန္ဒပြမှု  လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ (ဖေဖော်ဝါရီ ၉) တွင် နေပြည်တော်၊ မန္တလေးနှင့် ပဲခူးမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူလူထုကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခြင်းများ ရှိခဲ့သည်။ 

ယနေ့ နေ့လယ်ပိုင်းတွင် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အချက်အခြာနေရာဖြစ်သော သပြေကုန်းအဝိုင်းအနီး ဆန္ဒပြ ပြည်သူလူထုကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ရေပိုက်အမြှောက်ဖြင့် ထိုးခွင်းခြင်းအပြင် သေနတ်ဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ဆန္ဒပြသူများကို ဆေးဘက်ဆိုင်ရာ အကူအညီပေးနေသောအဖွဲ့၏ အဆိုအရ သေနတ်ထိမှန်ခဲ့သော ပရဟိတအသင်းမှ အသက် ၂၀ အရွယ် အမျိုးသမီးမှာ စိုးရိမ်ရသည်အထိ ဒဏ်ရာပြင်းထန်ခဲ့သည်။ 

အဆိုပါ အမျိုးသမီးမှာ ဦးခေါင်းကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး “အသက်လုနေရပါတယ်။ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေပါ။ ရင်ဘတ်ထိတဲ့အမျိုးသားကလည်း ထုတ်ချင်းပေါက်ပါ။ ကျည်အစစ်လို့ မှတ်ချတ်ချထားပါတယ်” ဟု ဒဏ်ရာရရှိခဲ့သူများကို ကုသပေးနေသည့် ဆရာဝန်က ပြောသည်။ 

နေပြည်တော် သပြေကုန်းအဝိုင်းအနီးတွင် ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုအတွင် သေနတ်ကျည်ဆန်ထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ အသက် ၂၀ အရွယ် မသွယ်သွယ်ခိုင်နှင့် အသက် ၂၃ နှစ်အရွယ် ကိုဆိုဝေဆိုသူတို့ဖြစ်ကြသည်။ 

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ထိုဒဏ်ရာရရှိသူနှစ်ဦးကို ကျန်းမာရေးဝန်ကြီးဌာနအမိန့်ဖြင့် စစ်ဆေးရုံသို့ ပြောင်းရွှေ့ပေးရန် ဖိအားပေးခံနေရသည်ဟုလည်း နီးစပ်သည့်ဆရာဝန်တစ်ဦးက ပြောသည်။ 

“အရေးပေါ်ရောက်ရောက်ခြင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ဆိုပြီး စစ်ဆေးရုံဘက်ကို ပြောင်းပေးဖို့ ဆေးရုံအုပ်က ပြောပါတယ်။ ဒါပေမဲ့ ကုတင် ၁၀၀၀ မှာရှိတဲ့ ဆရာဝန်တွေက ဒီလူနာတွေက ဒီအနေအထားမှာ အသက်အန္တရာယ်ရှိတဲ့အတွက် ပြောင်းပေးဖို့ မဖြစ်နိုင်ဘူးဆိုပြီး ဒီမှာပဲ အတင်းခေါ်ထားပြီး ကုနေပါတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။ 

နေပြည်တော်တွင် ဆန္ဒပြပြည်သူလူထုကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့သည့်နည်းတူ မန္တလေးမြို့၌လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ဖောက်ဖြိုခွင်းခဲ့သည့်အပြင် မျက်ရည်ယိုဗုံးများ၊ ရေပိုက်အမြှောက်များ အသုံးပြုကာ ဖြိုခွင်းခဲ့သည်။ 

ဆန္ဒပြသူ အနည်းဆုံး ၃၈ ဦးကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေးအတွက် ညနေ ၄ နာရီကျော်အချိန်အထိ မန္တလေးမြို့တွင် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အခြေအတင်ဖြစ်နေကြောင်း သိရသည်။ 

ထို့အတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ကြောင်း သိရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading