AA လက်နက်ကိုင်အဖွဲ့က ၃ လနီးပါး ဖမ်းဆီးထားရာမှ ပြန်လွတ်လာသော NLD အမတ် ယနေ့ ရခိုင်ပြည်နယ်တွင် လမ်းပေါ်ထွက် ဆန္ဒပြရာ ရဲက ဖမ်းလိုက်သည်
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တောင်ကုတ်မြို့နယ်လွှတ်တော်အမတ် ဦးမင်းအောင်ကို ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က ပြောသည်။
မနက်ပိုင်းဆန္ဒပြမှုကို ဦးဆောင်ပြီးနောက် တောင်ကုတ်မြို့နယ် NLD ရုံးအတွင်းရှိနေစဉ် ဦးမင်းအောင်နှင့် NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါ်မြဝတ်ရည်က ပြောသည်။

“အခုတောင်ကုတ်မြို့ပေါ်မှာပဲ ရဲစခန်းအချုပ်ခန်းထဲမှာပဲ ထည့်ထားတယ်လို့ သိရပါတယ်။ အခုလည်း ရဲစခန်းရှေ့မှာ လူ ၁၀၀ ကျော်ကျော်လောက် စုဝေးနေကြပါတယ်။ ကိုမင်းအောင်တို့ကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်” ဒေါ်မြဝတ်ရည်က ပြောသည်။
ခံဝန်လက်မှတ်ရေးထိုးလျှင် ဦးမင်းအောင်ကို ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့က တောင်ကုတ်မြို့နယ် NLD တာဝန်ရှိသူများကို ယနေ့ ညနေ ၄ နာရီခန့်က ပြောကြားခဲ့ကြောင်း၊ ဦးမင်းအောင်ကမူ ခံဝန်လက်မှတ်ထိုးရန် ငြင်းဆိုထားကြောင်း သူက ဆက်ပြောသည်။


ဦးမင်းအောင်သည် ရွေးကောက်ပွဲမတိုင်ခင်ကလည်း ရက္ခိုင့်တပ်တော် AA ၏ အကျဉ်းသားအဖြစ် တောထဲတွင် ၇၉ ရက်ကြာ အထိန်းသိမ်းခံခဲ့ရပြီး ဇန်နဝါရီ ၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
ဦးမင်းအောင် ရဲစခန်းတွင် ရှိနေသည့် အခြေအနေနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲစခန်းမှူး ရဲမှူးသန်းနိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ “ဖမ်းတာ မဟုတ်ပါဘူး။ လောလောဆယ်ခေါ်ပြီးတော့ ထိန်းပြီးတော့ မေးနေတုန်းပဲရှိပါသေးတယ်” ဟု ပြောသည်။


တောင်ကုတ်မြို့နယ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက အတွင်းရေးမှူး ဦးကျော်ကျော်လင်းက “မင်းအောင်ကို ဖမ်းထားတယ်လို့တော့ ပြောပါတယ်။ ပြည်သူ့လှုပ်ရှားမှုတွေဖြစ်ဖို့အတွက် သူတို့ကိုယ်တိုင် post တွေ တင်တယ်။ နောက်တစ်ခုက သူတို့ရုပ်တွေကို ထွက်ပြတယ်ဆိုတော့ သူတို့ဦးဆောင်တယ်လို့ ထင်လို့ သူတို့ကိုဖမ်းတာထင်တယ်”ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့တွင် ဒေသခံ ထောင်သောင်းချီ ယနေ့မနက် ၈ နာရီ ၄၅ မှစတင်ကာ မြို့တစ်ပတ်ဆန္ဒပြကြခြင်းဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









