သတင်း

အာဏာသိမ်းမှုဆန့်ကျင်ရာတွင် မသန်စွမ်းအဖွဲ့များ ပါဝင်လာ

စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် လမ်းပေါ်ထွက်၍ အင်နှင့်အားနှင့် လူများစွာ ဆန္ဒပြကြသည့် လေးရက်မြောက်နေ့ ဖေဖော်ဝါရီ ၉ တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းအဖွဲ့အစည်းများလည်း ပါဝင်လာသည်။

ရွေးကောက်ပွဲမဲစာရင်း အကြောင်းပြ၍ အာဏာသိမ်းယူမှုကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ယုယသူက ပြောသည်။

“အစ်မတို့က ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေတာလေ။ ဒါကို ဒီလိုအခြေအနေမှာ ၈၈ကလိုမျိုး ပြန်ပြီးတော့ အာဏာသိမ်းတယ်ဆိုတာ တကယ့်ကို မယုံနိုင်စရာပဲ။ ဒါ နိုင်ငံသားတွေအားလုံးရဲ့ ဆန္ဒကို လျစ်လျူရှုလိုက်တာပဲ။ ဘယ်လောက်ပဲ အကြောင်းပြချက်တွေ ပေးနေ ပေးနေ။ ဒါသည် လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်တယ်ဆိုတာ ငြင်းလို့ကိုမရပါဘူး”ဟု ဒေါ်ယုယသူက ပြောသည်။

တည်ဆဲအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကြောင့် မသန်စွမ်းအဖွဲ့အစည်းများကို ထောက်ပံ့လျက်ရှိနေသည့် ပြည်ပအကူအညီများ ရပ်ဆိုင်းခံရမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဆန္ဒပြသည့် မသန်စွမ်းများက ဆိုကြသည်။

ထို့ကြောင့် တပ်မတော်ခေါင်းဆောင်များ အာဏာသိမ်းယူထားခြင်းကို ပြန်လည်စွန့်လွှတ်ရေး၊ မဲပေးရွေးချယ်ထားသည့် ခေါင်းဆောင်များကို ပြည်လည်လွှတ်ပေးရေးအတွက် ရန်ကုန်ရှိ မသန်စွမ်းအဖွဲ့အစည်းများမှ လူဦးရေ ၇၀ ကျော်က ရန်ကုန်တွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှ လှိုင်မြို့နယ် လှည်းတန်းလမ်းဆုံသို့ လမ်းလျှောက်ချီတက်၍ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ဆန္ဒပြရာတွင်ပါဝင်သော ဒေါ်ယုယသူက “နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီတဲ့ မဲရလဒ်ဖြစ်နေရင် နိုင်ငံသားတွေဟာ အခုလို ဆန္ဒပြတဲ့ အရေးအခင်းတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလေ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ တက်လာတဲ့အစိုးရလား နိုင်ငံသားတွေရဲ့သဘောဆန္ဒမပါဘဲ မဲလိမ်မဲခိုးပြီး တက်လာတဲ့အစိုးရလားဆိုတာ အခု ဒီတစ်ပတ်ထဲမှာ ဖြစ်နေတဲ့အခြေအနေကို ကြည့်တာနဲ့ သိသာတယ်”ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံကို အရေးပေါ်ကာလအဖြစ် ကြာချိန်တစ်နှစ်သတ်မှတ်ကာ စစ်ဦးစီးချုပ် မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အဖွဲ့ဝင် ဆယ့်တစ်ဦးပါဝင်သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”ကို ဖေဖော်ဝါရီ ၂ တွင် ဖွဲ့စည်းခဲ့သည်။

ယခုရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်ခုမျှ အနိုင်မရထားသော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က အဆိုပါကောင်စီ၏ အမိန့်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်လာချိန်တွင် မသန်စွမ်းသူများအရေးလုပ်ဆောင်ရန် နိုင်ငံတော်အဆင့်ဖွဲ့စည်းထားသည့် ‘မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ’မှ ကော်မတီဝင်အများစု နုတ်ထွက်လိုက်ကြသည်ဟု မသန်စွမ်းအဖွဲ့အစည်းများက ဆိုကြသည်။

ထို့ကြောင့် မသန်စွမ်းသူများအတွက် လုပ်ဆောင်နေသည့် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ရရှိရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားကြောင်းသိရသည်။

“ဝန်ကြီးတာဝန်ပေးလိုက်တဲ့သူ(ဒေါ်သက်သက်ခိုင်)က မီဒီယာနဲ့ အင်တာဗျူးလုပ်တဲ့အခါမှာ ဒီအလုပ်က ကုသိုလ်ရတဲ့အလုပ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် အစ်မတို့အတွက် (ဆန္ဒပြဖို့)လုံလောက်တယ်။ ဒါ အစ်မတို့လုပ်နေတယ်ဆိုတာက လူ့အခွင့်အရေးအောက်မှာ မသန်စွမ်းတွေလည်း တန်းတူအခွင့်အရေးရဖို့ လုပ်နေကြတာ။ ဒါ တန်းတူအခွင့်အရေးရဖို့အတွက် လုပ်ပေးကြရမှာ၊ နိုင်ငံသားတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့။ သနားလို့ လုပ်ပေးတာ၊ ကုသိုလ်ရဖို့အတွက် လုပ်ပေးတာဆိုကတည်းက အဲ့ဒီအယူအဆက လွဲနေပြီ”ဟု ဒေါ်ယုယသူက ထောက်ပြသည်။

စစ်အာဏာသိမ်းယူခြင်းနှင့် ပတ်သက်ပြီး တိုင်းပြည်အနာဂတ် ဝေဝါးသွားသည်ဟု မသန်စွမ်းသူများဘဝမြှင့်တင်ရေးအဖွဲ့(DPDO) မှ ကိုသန့်ဇော်ဦးက ပြောသည်။

“အခု ဒီလိုလုပ်ရပ်သည် ဒီမိုကရေစီကို နောက်ပြန်သွားစေတယ်။ အဲ့ဒီအတွက် နိုင်ငံရဲ့အနာဂတ်လည်း ဝေဝါးသွားတယ်လို့ ကျွန်တော်မြင်တယ်။ အဲ့ဒီအတွက် ဒီနေရာလာပြီး ဆန္ဒဖော်ထုတ်တာ”ဟု ကိုသန့်ဇော်ဦးက ပြောသည်။

တပ်မတော်က  ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်နေရာအများဆုံးအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်ပြီး  ဒီမိုကရေစီစနစ်ပြောင်းလဲရေးတွင် အရေးပါသော လူထုခေါင်းဆောင်ဟု တင်စားကြသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ပြည်နယ်တိုင်းဝန်ကြီးချုပ်များကို အစိုးရမဖွဲ့မီ နာရီပိုင်းအလိုတွင် ဖမ်းဆီးပြီး အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ မဲစာရင်းအကြောင့်းပြ၍ တိုင်းပြည်အာဏာသိမ်းယူမှုကို လက်မခံဟုဆိုကာ နိုင်ငံတစ်ဝန်းလုံးရှိ သန်းနှင့်ချီသော ပြည်သူလူထုက လမ်းပေါ်ထွက်၍ တညီတညွတ်တည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပြီဖြစ်သည်။ 

Show More

Related Articles

Back to top button