ကရင်နှင့် စစ်ကိုင်းဝန်ကြီးချုပ်တို့ကို နေရာပြောင်း ထိန်းသိမ်း

အာဏာသိမ်းစစ်ကောင်စီက တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို အကျယ်ချုပ်ချထားရာမှ ၂ ဦးကို သီးခြားနေရာသို့ ယနေ့ ပို့ဆောင်လိုက်သည်။

မန္တလေးမြို့တွင် ဖေဖေါ်ဝါရီ ၈ရက်နေ့က တွေ့ရသော စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှု မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now)

စစ်အာဏာသိမ်းမှု ဆန္ဒပြသူများကို ထောက်ခံကြောင်း အင်တာနက်မှ ပြောဆိုပြီးနောက် အကျယ်ချုပ်ကျခံနေရသူများထဲမှ ကရင် နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နေ့လယ် ၂ နာရီဝန်းကျင်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နေအိမ်မှ လာရောက်ခေါ်ယူသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသွားသည့်အကြောင်းအရင်းနှင့် လက်ရှိ ထိန်းသိမ်းထားသည့် နေရာကို မသိရသေးကြောင်း NLD ပါတီ သတင်းရင်းမြစ်များက ပြောသည်။

ပြည်နယ်လွှတ်တော်ခေါ်ယူမည့်အစီအစဉ်ကို အာဏာသိမ်းစစ်ကောင်စီက စိုးရိမ်မှုကြောင့် ပြန်လည်ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က သုံးသပ်သည်။

“အဓိကတော့ ပြည်သူနဲ့ အဆက်ဖြတ်လိုက်တဲ့သဘောပဲ” ဟု သူက ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူများကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် အမှာစကားပြောကြားပြီးနောက် နာရီပိုင်းအကြာတွင် နေရာရွှေ့ခံရခြင်း ဖြစ်သည်။

ကရင်ပြည်နယ်တွင် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှ စတင်ပြီး တောင်ကလေး ၂၀၂ ခြေမြန်တပ်ရင်းတွင် ထိန်းသိမ်းခံရသည်။ နောက်တစ်နေ့တွင် ဝန်ကြီးများအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရသည်။

စစ်ကိုင်းတိုင်းမှ အဖမ်းအဆီး

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ အကျယ်ချုပ်ထားသည့် နေအိမ်များမှ ခေါ်ဆောင်သွားခံရသည်ဟု NLD ပါတီဘက်က အတည်ပြုကြောင်း RFA သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းတွင် ဗဟိုအစိုးရနှင့် ပြည်နယ်တိုင်း အစိုးရခေါင်းဆောင်များ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဖေဖေါ်ဝါရီ ၈ရက်နေ့တွင် နေရာပြောင်းရွှေ့ထိန်းသိမ်းမှုမှာ မုံရွာမြို့တွင် ပေါ်ပေါက်နေသော အင်အား သုံးသိန်းခန့် ပါ၀င်သည့် ဆန္ဒပြပွဲကြီးနှင့် ချိတ်ဆက်ခံရဖွယ်ရှိသည်ဟု မုံရွာ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်ကဆိုသည်။

"၁နာရီလောက်က ဖုန်းဝင်လာလို့ သိရတာ၊ ဝန်ကြီးချုပ်တော့ ပါသွားပြီဆိုပြီး၊ နောက်ဆက်တွဲတော့ မသိရသေးဘူး" ဟု ၄င်းက ဆိုသည်။

"မုံရွာမြို့ပြည်သူလူထုက သူတို့ရဲ့ဆန္ဒသဘောထားကို ပြသတာဖြစ်ပါတယ်၊ ဝန်ကြီးချုပ်က လှုံ့ဆော်တာ မဟုတ်ပါဘူး၊ ပြည်သူတွေ ဒီလိုထွက်လို့ ဝန်ကြီးချုပ်ကို ဖမ်းဆီးတာက မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချပါတယ်၊ အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပါတယ်၊ ပြည်သူလူထုလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ဒေါ်အမာကြည်က ဆက်ပြောသည်။

ယနေ့မနက်ပိုင်းတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အာဏာရှင်ကို တိုက်ထုတ်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း အကျယ်ချုပ်မှ ရိုက်ကူးပြောကြားထားသော ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်တွင် ပြန်နှံ့လာပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) စစ်သားများက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့ခံတစ်ဦးက ဆိုသည်။

"သူတို့အကြောင်းပြတာက ဖေ့ဘုတ်မှာ video တင်ပြီး လှုံ့ဆော်လို့ပေါ့။ အခု နမခမှာ ထိန်းသိမ်းထားတယ်ကြားတယ်" ဟု မုံရွာမြို့ခံ ကိုဇော်သူရိန်ထွန်းက ဆိုသည်။

မိသားစုဝင်များနှင့် ကိုယ်ရေးအရာရှိတို့ကိုမူ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဟု သိရသည်။

Myanmar Nowက ကြည့်ရှုခွင့်ရခဲ့သည့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၏ ပြည်သူသို့ ပန်ကြားသည့် ရုပ်သံဖိုင်တွင် "ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်အားကို ရယူမှ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ မည်သည့်အာဏာရှင်ကိုမှ လက်သင့်မခံတဲ့မူကို ကျင့်သုံးလျက်ရှိပါတယ်၊ ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်အားကြောင့် အနိုင်ရရှိခဲ့ပါတယ်၊ ဒါလည်း တရားမျှတမှု နဲ့ဖြစ်လာတာဖြစ်ပါတယ်၊ ထို့အတူပဲ Clivil Disobedience Movement (CDM) မှာ အားလုံး ပူးပေါင်းပါဝင်နေတဲ့အတွက် ဝမ်းသာအားရမိပါတယ်၊ ကြက်သီးမွေးညင်းထမိပါတယ်၊ စစ်အာဏာရှင်ကျဆုံးသည်အထိ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ ပြည်သူလူထုတစ်ရပ်လုံး နောက်မဆုတ်ဘဲ လုပ်ဆောင်ပေးကြပါ၊ အခုချိန်မှာတော့ ကျွန်တော်ဟာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတာဖြစ်လို့ ဘာမှ လုပ်မပေးနိုင်ပါဘူး၊ အကျယ်ချုပ်က လွတ်လာရင် ပူးပေါင်းပါဝင်ပေးပါ့မယ်" ဟု ပြောဆိုထားသည်ကို တွေ့ရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်တွင် ရဲလုံခြုံရေး အများအပြားချထားပြီး လမ်းများပိတ်ဆို့ထားသည်ဟု မုံရွာမြို့ခံများက ဆိုသည်။

မုံရွာမြို့တွင် ယနေ့မနက်ပိုင်းက ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးက အင်အား သိန်းချီကာ ဆန္ဒပြခဲ့ကြသည်။

တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက် ပေါ်ပေါက်နေသည့် ဆန္ဒပြပွဲများ၊ လုပ်ငန်းခွင်မ၀င်ရေး လှုပ်ရှားမှုများတွင် ဌာနဆိုင်ရာဝန်ထမ်း အများအပြား ပါဝင်နေကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading