အရေးပေါ်အခြေအနေတွင် နိုင်ငံတော်သမ္မတက ကာလုံခေါ်၍ စစ်တပ်ကို အာဏာလွှဲရန် အခြေခံဥပဒေ၌ ပြဌာန်းထားသော်လည်း နံနက်မိုးမလင်းမီကပင် အာဏာသိမ်းသည့်အသွင်ဖြစ်သဖြင့် စစ်တပ်ခေါင်းဆောင်များ၏ လုပ်ရပ်မှာ ဥပဒေနှင့်ညီမညီ မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း ဝေဖန်နေကြသည်
လက်ရှိအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် တရားဝင်အကြီးအကဲများ ဖြစ်လျှက်ရှိနေသေးကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)က ဖေဖော်ဝါရီ ၆ တွင် ကြေညာထားသည်။
၂၀၀၈ အခြေခံဥပဒေ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာအပ်လိုက်ရစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လက်ရှိရာထူးအတိုင်းပင် တည်မြဲစွာရှိနေကြောင်း ပြဌာန်းထားသည့် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များကို ရည်ညွန်း၍ ရှေ့နေများအသင်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံအတွင်း အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို သမ္မတက ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်နိုင်သည်ဆိုသော အခြေခံဥပဒေပါ ပြဌာန်းချက်နှင့် စစ်တပ်ခေါင်းဆောင်များ၏ ဖေဖော်ဝါရီ ၁ လုပ်ဆောင်မှုများမှာ ညီညွတ်မှုရှိမရှိ သံသယကြီးစွာဖြစ်မိကြောင်းကိုလည်း ရှေ့နေအချို့က ထုတ်ဖော်ပြောဆိုကြသည်။
“ဖေဖော်ဝါရီ ၁မှာ မနက်အစောကြီးကတည်းက တပ်အင်အားနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပိတ်ဆို့ထားသလိုဖြစ်တဲ့အတွက် အခြေခံဥပဒေမှာဆိုထားသလို နိုင်ငံမှာ အရေးပေါ်အခြေအနေကြုံလာရင် သမ္မတက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုခေါ် တပ်ချုပ်ထံ အာဏာအပ်ဆိုတဲ့ ပြဌာန်းချက်တွေနဲ့ ညီမညီ မေးခွန်းထုတ်စရာဖြစ်နေပါတယ်”ဟု ILAM အဖွဲ့ဝင် ရှေ့နေတစ်ဦးက ပြောသည်။


အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁နံနက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကြေညာ၍ တပ်ချုပ်ထံ အာဏာသုံးရပ်စလုံးကို တစ်နှစ်လွှဲအပ်လိုက်ကြောင်း တပ်မတော်ကပင် ရွေးချယ်ထားသည့် ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် လက်မှတ်ရေးထိုးကာ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှေ့နေများအသင်း၏ ကြေညာချက်တွင် တပ်ချုပ်ထံ အာဏာသုံးရပ်စလုံး လွှဲပြောင်းခြင်းမှာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးကို အကြီးအကျယ်ထိခိုက်စေကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်ကို အပြည့်အဝထောက်ခံကြောင်း လည်းပါဝင်သည်။


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များကို စစ်တပ်က အဓမ္မဖမ်းဆီးပြီး နိုင်ငံကို အရေးပေါ်အခြေအနေကြေညာထားခြင်းအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၄တွင် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ထို့အတူ ရှေ့နေများအသင်းက နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးတရားစွဲထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းထားပြီး နိုင်ငံရေးအရ ဖမ်းဆီးအရေးယူခံရသူမှန်သမျှကို ဥပဒေအထောက်အကူများ ပေးသွားမည်ဟု ကြေညာထားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင်များက ၂၀၂၀ ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် အပြတ်အသတ်အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် NLD အစိုးရအဖွဲ့ဝင်များနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်အများအပြားကိုပါ ဖမ်းဆီးထားသည်။
ရှေ့နေများအသင်းက ဖမ်းဆီးခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များမှာ အခြေခံဥပဒေအရ တရားဝင်အကြီးအကဲများဖြစ်နေဆဲဟု မှတ်ချက်ပြုထားသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်များကမူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









