သမ္မတလက်မှတ်ဖြင့် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည့်ကုန်သွယ်ရေး ညွှန်ချုပ်သည် မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်သည်ဟု အတိုင်ခိုင်ခဲ့ရသူ ဖြစ်သည်ဟု မူဆယ်ကုန်သည်အသိုင်းအဝိုင်းက ဆိုသော်လည်း ယခုထုတ်ပယ်သည့် ကိစ္စအကြောင်းရင်းနှင့် သက်ဆိုင်မှုရှိမရှိ မသိရပေ။
ရန်ကုန် - စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးရန်နိုင်ထွန်းကို နိုင်ငံတော်သမ္မတမှ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြုသည်။
“အဲ့ဒီထုတ်ပြန်ချက်က မှန်ပါတယ်။ ဘာ့ကြောင့်ထုတ်တယ်၊ ဘယ်လိုဆိုတာတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော်လည်း ချင်းမိုင်ခရီးစဉ်က အခုပဲ ပြန်ရောက်တဲ့အတွက်ပါ” ဟု သူကဆိုသည်။

သွင်းကုန်ထုတ်ကုန် လိုင်စင်ကိစ္စများ၊ ပါမစ်များတွင် တချို့နေရာများတွင် အရေးကြီးကုန်ပစ္စည်းများဆိုလျှင် သက်ဆိုင်ရာ အဆင်ဆင့်မှ စိစစ်ရမည်ဆိုရာတွင် ချို့ယွင်းမှု၊ အားနည်းမှု၊ လစ်ဟာမှုများ တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်သည့် တာဝန်ရှိသူကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အပြစ်ပေး အရေးယူခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးခင်မောင်လွင်က Myanmar Now ကို ပြောသည်။
မည်သည့်ကိစ္စဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်သည်၊ အဂတိလိုက်စားမှုနှင့် ပတ်သက်မှုရှိ၊ မရှိကိုတော့ ဌာနဆိုင်ရာ၏ အတွင်းရေးများ ဖြစ်သည့်အတွက် အတိအကျ မပြောနိုင်ကြောင်း သူကဆိုသည်။


“ကျွန်တော်က စစ်ဆေးရေးအဖွဲ့ထဲမှာလည်း ပါသူမဟုတ်ပါဘူး။ နောက်ပြီး ဌာနဆိုင်ရာအတွင်းရေးတွေဖြစ်တဲ့အတွက် ဘာကိုစစ်တယ်၊ ဘယ်လိုတွေ့ရှိတယ်ဆိုတာကလည်း ကျွန်တော်တို့ ပြောဆိုခွင့် မရှိပါဘူး။ အခုက ပါမစ်တွေ ထုတ်ပေးတယ်၊ လိုင်စင်ဆောင်ရွက်တဲ့နေရာမှာ ဘယ်အဆင့်က အားနည်းတယ်ဆိုတဲ့အပေါ် မူတည်ပြီး စိစစ်တွေ့ရှိချက်အရ သက်ဆိုင်သူကို အပြစ်ပေးလိုက်တဲ့ သဘောမျိုးပါ။ ဒီလိုနောက်ထပ် ထပ်မဖြစ်အောင်လို့ အရေးယူလိုက်တာပါ” ဟု သူကဆိုသည်။
ထိုသို့ ထုတ်ပယ်မှုနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်များရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တကွ ညွှန်ကြားရေးမှူးများဖုန်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ရုံးတွင်းအစည်းအဝေးများ ကျင်းပနေသည့်အတွက်ကြောင့် ဖုန်းဆက်သွယ်မေးမြန်းခွင့် မရခဲ့ပေ။


ဦးရန်နိုင်ထွန်းကို လွန်ခဲ့သော ၃ လခန့်မှ စတင်ပြီး လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခံရပြီး အဆိုပါဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးကိုယ်တိုင် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ကြောင်း၊ အထူးသဖြင့် ဦးရန်နိုင်ထွန်းသည် ညွှန်ကြားရေးမှူးတာဝန်ဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တာဝန်ထမ်းဆောင်စဉ်က လုပ်ပိုင်ခွင့်ကို ကုန်သည်များအကြား မမျှမတ လုပ်ဆောင်ခဲ့သည်ဟု မူဆယ်အခြေစိုက် ကုန်သည်များက တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့ရှိ နယ်စပ်ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။
ဦးရန်နိုင်ထွန်းသည် မူဆယ်မြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၉ ကြိမ်နီးပါးမျှ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ မူဆယ်၏ နယ်စပ်ကုန်သွယ်ရေးအခြေအနေကို ကျေလည်သူတစ်ဦးဖြစ်ကြောင်း မူဆယ်မြို့၊ ၁၀၅ မိုင်ဂိတ်ရှိ တရုတ်ပြည်သို့ သစ်သီးများ တင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။
“သူအခု ပြဿနာတက်သွားတာက ပြီးခဲ့တဲ့နှစ်က မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ သကြားတင်ပို့တဲ့ကိစ္စပဲလို့ ကြားတယ်။ အိန္ဒိယနဲ့ ထိုင်းကနေ တင်သွင်းတဲ့သကြားတွေကို တရုတ်ကိုပို့တဲ့ကိစ္စမှာ သကြားတင်ပို့မှုကို ပိတ်တဲ့ကိစ္စ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီမှာ ကုန်သည် ၄ ဦးလောက်ကို တင်ပို့ခွင့်ပါမစ် ကျန်သေးတယ်ဆိုပြီး လုပ်ခဲ့တာ။ အဲ့ဒီအခါကျတော့ မူဆယ်မှာတင် သကြားတစ်တန်ကို ကျပ် တစ်သိန်းနှစ်သောင်းလောက်အထိ စျေးပေါက်ခဲ့တာ။ အဲ့ဒီပါမစ်ရသူတွေက နေ့ချင်းညချင်းကို ချမ်းသာသွားတာ။ တခြားကုန်သည်တွေက အဲ့ဒီဟာကို ပါမစ်မမျှတဘူးဆိုပြီး တိုင်တယ်လို့ ကြားတာပဲ” ဟု သူက ဆိုသည်။
ဦးရန်နိုင်ထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူ မယူကို လတ်တလော မသိရသေးပါ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









