ရွေးကောက်ပွဲရလဒ်ကို လက်ခံကြရန် စောင့်ကြည့်အဖွဲ့များ တိုက်တွန်း

နိုင်ငံရေးမတည်ငြိမ်မှုကို ရှောင်ရှားပြီး လွှတ်တော်ခေါ်ယူရေးနှင့် အစိုးရသစ်ဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ချောမွေ့စေရေး ရွေးကောက်ပွဲရလဒ်ကို လက်ခံကာ ပူးပေါင်းဆောင်ရွက်ကြရန် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ၁၂ ဖွဲ့က ပူးတွဲတိုက်တွန်းလိုက်သည်

Published on Jan 29, 2021
၂၀၂၀ နို၀င်ဘာ ၅ ရက်နေ့က မိတ္ထီလာမြို့ရှိ တပ်မဲရုံတစ်ခုတွင် အသက် ၆၀ နှင့်အထက် တပ်မတော်သား မိသားစုဝင်များ ကြိုတင်မဲပေးရန် စောင့်ဆိုင်းနေစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now)
၂၀၂၀ နို၀င်ဘာ ၅ ရက်နေ့က မိတ္ထီလာမြို့ရှိ တပ်မဲရုံတစ်ခုတွင် အသက် ၆၀ နှင့်အထက် တပ်မတော်သား မိသားစုဝင်များ ကြိုတင်မဲပေးရန် စောင့်ဆိုင်းနေစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲမှ ထွက်လာသော ရလဒ်သည် မဲဆန္ဒမဲရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရလဒ်ဖြစ်သောကြောင့် ဤအခြေအနေကို လက်ခံပြီး အခက်အခဲ ပြေလည်ရေးအတွက် လက်တွဲဆောင်ရွက်ရန် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ၁၂ ဖွဲ့က ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် ပူးတွဲတိုက်တွန်းလိုက်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော ရွေးကောက်ပွဲရလဒ်၊ အငြင်းပွားဖွယ် မဲစာရင်းတို့နှင့် ပတ်သက်၍  ပါတီတချို့နှင့် တပ်မတော်က အပြင်းအထန် ကန့်ကွက်နေသဖြင့် နိုင်ငံရေးအခြေအနေ အလွန်တင်းမာနေချိန်တွင် ထိုအဖွဲ့များ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“တပ်မတော်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်း၍ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်” ဟု အဆိုပါအဖွဲ့များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအဖွဲ့များက ရွေးကောက်ပွဲဖြစ်စဉ်ကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စောင့်ကြည့်လေ့လာခဲ့ရာ ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်ကြောင့် ဖြစ်ပေါ်လာသော ရွေးကောက်ပွဲလုပ်ငန်းစဉ် အားနည်းချက်များကို လေ့လာတွေ့ရှိခဲ့ကြောင်း၊ သို့သော်လည်း ထွက်ပေါ်လာသော ရလဒ်သည် “မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ” ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

“လက်ရှိရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များကို သင်ခန်းစာယူ၍ နိုင်ငံရေးပါတီများအကြား ဆွေးနွေးညှိနှိုင်း၍ ပြင်ဆင်မှုများ ပြုလုပ်ခြင်းကသာ အနာဂတ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာရေးအတွက် မှန်ကန်သည့် နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ်တို့ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များက ယုံကြည်ပါသည်” ဟု ၁၂ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် ထိုရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တုန့်ပြန်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဇန်နဝါရီ ၂၈ ရက်က တပ်မတော်၏ ထုတ်ပြန်ချက်တွင် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှာ ၁၀ သန်းကျော်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ  ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်းပခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားထားသည်။

ကျင်းပပြီးစီးခဲ့သော ၂၀၂၀ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်ခြေများစွာရှိသည်ဟု တပ်မတော်က ခိုင်မာသည့် အထောက်အထားများမရှိဘဲ စွပ်စွဲ၍ ပြည်ထောင်စုအဆင့်လွှတ်တော်အသစ်မစတင်မီ ရက်ပိုင်းအလိုတွင် “အာဏာမသိမ်းဟု မမှတ်ယူနိုင်” ဟုပင် ဇန်နဝါရီ ၂၆ က နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က ထုတ်ဖော်ပြောကြားခဲ့သည်။ 

တပ်မတော်က ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်နေသည်ဟု ပြောဆိုနေသည့်အပြင် အာဏာသိမ်းတော့မယောင် စကားဦးသန်းလာမှုကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေချိန်တွင် တပ်မတော်သံချပ်ကာယာဉ်တချို့ ရန်ကုန်နှင့် တချို့မြို့များတွင် လမ်းပေါ်ထွက် မောင်းနှင်ခဲ့သည်ကိုလည်း တွေ့လာရသည်။

ဤအခြေအနေတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်အား ပြောင်းလဲပစ်ရန် မြန်မာစစ်တပ်၏ မည်သည့် အင်အားသုံး ခြိမ်းခြောက်မှုမျိုးကိုမျှ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။

VOA သတင်းဌာန၏ မေးမြန်းချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထိုသို့ သဘောထားမှတ်ချက် တုံ့ပြန်ပေးပို့ထားခြင်းဖြစ်ပြီး မြန်မာစစ်တပ်နှင့် တိုင်းပြည်တွင်းရှိ အခြား နိုင်ငံရေးပါတီများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်နှင့် ဒီမိုကရက်တစ်အဖွဲ့အစည်းများကို လေးစားလိုက်နာရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲမဲမသမာမှုများ ရှိနိုင်ကြောင်း စွပ်စွဲချက်နှင့် တပ်မတော်က အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဖိအားပေးလာရာက ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေးတင်းမာမှုများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားကို မေးမြန်းရာ ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားရှင်းလင်း ဖြေကြားချက်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု သို့မဟုတ် တိုင်းပြည်၏ ရွေးကောက်ပွဲရလဒ်များအား ပြောင်းလဲပစ်ရန် အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ရေးနည်းများအား အသုံးပြု၍ ကြိုးပမ်းမှုမှန်သမျှအား အမေရိကန်ပြည်ထောင်စုက လက်ခံမည်မဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားထားခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ ၁ တွင် တတိယအကြိမ် လွှတ်တော်သစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး စီစဉ်နေကြချိန်တွင် ဒီမိုကရေစီစံနှုန်းများကို တပ်မတော်က စောင့်ထိန်းလိုက်နာရန် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ရန်ကုန်အခြေစိုက်သံရုံးများက စုပေါင်းသဘောထားကြေညာချက်တစ်စောင်ကို ယနေ့ ဇန်နဝါရီ ၂၉ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ ထုတ်ပြန်ချက်တွင်လည်း မြန်မာပြည်၏ လတ်တလောဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအား ၎င်းအနေဖြင့် စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်းနှင့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြု၍ ဒီမိုကရေစီစံထုံးများအား လိုက်နာကြရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို တိုက်တွန်းထားသည်။

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading