နိုင်ငံရေးတင်းမာမှုနှင့် တပ်ချုပ်ရာထူး သက်တမ်းကုန်ခါနီး

တပ်က ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်နေချိန်သည် တပ်ချုပ်ရာထူးသက်တမ်းက အကန့်အသတ်မဲ့မဟုတ်ဟု ပြောဆိုဖူးသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၅နှစ် ပြည့်တော့မည့် ကာလလည်း ဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့် ၂၀၁၆ ဇွန်လအတွင်း နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းမှာ အကန့်အသတ်မဲ့မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောထားခဲ့ဖူးသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရအဖွဲ့သစ်တို့ ပေါ်ထွန်းလာမည့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းထားရန် တပ်မတော်က တောင်းဆိုထားသည်ဟု သတင်းများထွက်ပေါ်နေချိန်သည် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၅နှစ်ပြည့်မည့် ကာလနှင့် တိုက်ဆိုင်နေသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့် ၂၀၁၆ ဇွန်လအတွင်း နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းမှာ အကန့်အသတ်မဲ့မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောထားခဲ့ဖူးသည်။

ထိုစဉ်က အသက် ၆၀ ပြည့်ချိန်ဖြစ်သဖြင့် ရာထူးသက်တမ်း တိုးထားခြင်းရှိမရှိ သတင်းထောက်အချို့ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြန်လည်ဖြေကြားရာတွင် ထိုသို့ပါဝင်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်တဲ့သူကျတော့လည်း အကန့်အသတ်မဲ့ဆိုတာ မပေးဘူး၊ ခွင့်မပြုဘူး။ သတ်မှတ်ထားတဲ့အသက်အထိပဲ ထမ်းဆောင်လို့ရမယ်ဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့ပေးတယ်။ ဒါကြောင့်သက်တမ်းတိုးတယ်တို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။ သက်တမ်း ကန့်သတ်ပေးလိုက်တာ၊ ဘယ်နှစ်ထိပဲ လုပ်ရမယ်ဆိုတာ၊ ကန့်သတ်ချက်ပေးတာပဲရှိတယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ပြောခဲ့သည်။

မည်သည့်အသက်အရွယ်အထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားသည် ဆိုသည်ကိုမူ ဗိုလ်ချုပ်မှူးကြီးက ထုတ်မပြောပေ။

သို့သော် ၂၀၁၆ အတွင်း ရန်ကုန်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ကာကွယ်ရေးဌာနကောင်စီ (ကကန) ၏ ၂၀၁၄ခုနှစ်အတွင်း ထုတ်ပြန်သည့် ညွန်ကြားလွှာအရ တပ်ချုပ်နှင့် ဒုတပ်ချုပ် ရာထူးသက်တမ်းမှာ အသက် ၆၅နှစ်အထိသာဖြစ်ကြောင်း အတည်ပြုထားဖူးသည်။

ယခင် ကကနကောင်စီညွှန်ကြားလွှာပါ “တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခံထားရသူများသည် တပ်မတော်ကလိုအပ်သည့် အချိန်အတိုင်း တာဝန်ထမ်းဆောင်နိုင်သည်”ဆိုသော ပြဌာန်းချက်နေရာတွင် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့၏ အသက်အရွယ်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသော်လည်း တပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ဧပြီတွင် အသက် ၆၅ ပြည့်မည်ဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နှစ်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အတည်ပြုထားပြီးဖြစ်သည်။

ရာထူးသက်တမ်းထပ်တိုးရန်ရှိမရှိ သတင်းထောက်များက မေးမြန်းသည့်အခါတွင်မူ “ယခုကာလက တော့ (၂၀၂၀)ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ ကိုယ်စားလှယ်လောင်းများ ရရှိထားတဲ့ ပါတီအနေနဲ့က အစိုးရဖွဲ့နိုင်ဖို့ ဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ဒီကိစ္စတွေပြီးဆုံးမှ ဒီမေးခွန်းရဲ့အဖြေ တိတိကျကျရရှိလာမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားသည်။

တပ်မတော်က ထိုသို့ထုတ်ပြောချိန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ခေါ်ယူ၍ အစိုးရအဖွဲ့အသစ်တစ်ရပ် ဖွဲ့စည်းရန် စတင်ပြင်ဆင်နေချိန်လည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ်နိုင်ခြေများရှိသည်ဟု တပ်မတော်က စတင်ထုတ်ပြန်ပြောဆိုလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကြောင့် တပ်မတော်အဖွဲ့အစည်းအတွင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးနေရာတွင် မည်သို့သော အခက်အခဲများရှိနေပါသနည်းဟု Myanmar Nowက မေးမြန်းသည့်အခါ တပ်တွင်း၌ ဘာမျှခက်ခဲမှုမရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

သို့သော် မဲမသမာမှုဖြစ်နိုင်ခြေများကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်သင့်ခံရန်ခက်သည်ဆိုသော လေသံပစ်မှုများမှတစ်ဆင့် “အာဏာမသိမ်းနိုင်ဟုမမှတ်ယူနိုင်”၊ ”အခြေခံဥပဒေကို ဖျက်ပစ်၍ရသည်” ဟူ သောသတင်းစကားများကိုပင် တပ်ချုပ်နှင့် တပ်ပြောရေးဆိုခွင့်ရှိသူတို့က ဆက်တိုက်ထုတ်ပြန် ပြောဆိုလာသည်။

တပ်မတော်၏ တောင်းဆိုချက်များ၊ ရပ်တည်ပြောဆိုနေချက်များမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် မဆိုင်ဟု တပ်မတော်ဖက်ကဆိုသော်လည်း တပ်ချုပ်ကမူ ၎င်း၏ နိုင်ငံရေးအိပ်မက်ကို ရွေးကောက်ပွဲမတိုင်မီကတည်းက တစွန်းတစ ထုတ်ဖော်ပြောကြားခဲ့ပြီးလည်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငါးလခန့်အလို၊ တပ်ချုပ်ရာထူးသက်တမ်းမပြည့်မီ တစ်နှစ်ခန့်အလိုတွင် ရုရှားသတင်းဌာန Arguments and Factsနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် တိုင်းပြည်အတွက် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားဖူးသည်။

“ဒီအတွေ့အကြုံတွေက တပ်မတော်အတွက်ရော၊ တိုင်းပြည်အတွက်ရော၊ ပြည်သူ့အတွက်ရော ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့်ဟာလို့ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ပြောခဲ့သည်။

ထိုသို့ပြောပြီး များမကြာမီ အဆာဟိရှင်ဘွန်းသတင်းစာနှင့် တွေ့ဆုံသည့်အခါတွင်လည်း “ကျွန်တော့်ရဲ့အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းပေးသွားပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဖူးသည်။

အထက်ပါအချက်များကို ထောက်ချင့်၍ လက်ရှိပေါ်ပေါက်နေသည့် မတည်ငြိမ်မှုများမှာ တပ်မတော်အဖွဲ့အစည်းတစ်ရပ်လုံးထက် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့်သာ သက်ဆိုင်ကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။

“တပ်ချုပ်အဖြစ်က အနားယူဖို့ကလည်း နီးလာပြီ။ ရွေးကောက်ပွဲရလဒ်အရ သမ္မတလည်းမဖြစ်နိုင်ဘူးဆိုတော့ တိုင်းပြည်ရဲ့ နံပါတ်တစ်ခေါင်းဆောင်ဖြစ်ချင်ရင် နည်းနာတစ်ခုပဲ ကျန်တော့တယ်၊ အဲဒါ ဘာလဲဆိုတော့ စစ်အာဏာသိမ်းပြီး တိုင်းပြည်အာဏာကို ရယူတဲ့နည်းပဲ ကျန်တော့တယ်”ဟု ၎င်းက ပြောသည်။

အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဆိုပြုထောက်ခံမှုဖြင့် ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ခန့်အပ်နိုင်သည့်အချက်မှာ ဗိုလ်ချုပ်မှူးကြီးကို အခက်တွေ့စေနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) အငြိမ်းစားမယူမချင်း (သမ္မတက) ကာလုံအစည်းအဝေးတွေဘာတွေ ခေါ်မှာမဟုတ်ဘူး။ မယူခင် ခေါ်ပေးပါဆိုရင်လည်း အရပ်ဘက်အစိုးရအနေနဲ့ ခေါ်ပေးဖို့တော့ လမ်းမမြင်ဘူး။ သူ့ဟာသူ အငြိမ်းစားယူရမယ်”ဟု ဦးစည်သူအောင်မြင့်က ပြောသည်။

သို့သော် အခြေခံဥပဒေက တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးထားသည့် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေဖြင့် ဥပဒေ၏ အကန့်အသတ် အတားအဆီးများကို လက်ကျန်အချိန်တွင်း ဖန်တီးယူလို့ရနိုင်သဖြင့် ကာလအပိုင်းအခြား တစ်ခုအထိ သက်တမ်းတိုးလာနိုင်ခြေလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တပ်ချုပ်တွေက သူအနားယူမယ်ဆိုရင် နောက်ဆက်ခံမယ့်သူကို သူ့စိတ်တိုင်းကျ ထားခဲ့လို့ရတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အငြိမ်းစားယူမယ်ဆို အဲဒီအခွင့်အရေး ဆုံးရှုံးနိုင်ခြေရှိတယ်”ဟု ဦးစည်သူအောင်မြင့်က ဆိုသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျုမှ တပ်မတော်အရာရှိဟောင်း ဒေါက်တာနိုင်ဆွေဦးကမူ ရာထူးသက်တမ်း တိုးမတိုးကိစ္စမှာ တပ်ချုပ်တစ်ဦးတည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ ကကနကောင်စီ၏ သဘောတူညီချက် ရရန်လိုသည်ဟု ထောက်ပြသည်။

“ပြောရတော့ခက်တယ်။ အဆင့်ဆင့်တော့ သွားရတာရှိတယ်၊ သက်တမ်းတိုးမယ်၊ မတိုးဘူးပေါ့။ ဒီလိုမျိုး ဆက်လုပ်ဖို့ရနိုင်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ သိပ်မသဲကွဲတာက ကာလုံကို ပြန်ပြီးတင်ပြစရာ လိုလား မလိုလား၊ ဒါကတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ တပ်ချုပ်ရာထူးမှ အနားယူမယူ အတည်မပြုနိုင်သေးသည့်အချိန်မှာ အစိုးရသစ်ဖွဲ့စည်းရန် ကာလအတွင်းဖြစ်နေသည်မှာ ယနေ့ပေါ်ပေါက်နေသည့် ရှုပ်ထွေးမှုများ၏ အကြောင်းတစ်ရပ်ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးကလည်း သုံးသပ်သည်။

“အာဏာတကယ်သိမ်းမလား သို့မဟုတ် သူ့ကို အပေးအယူလုပ်စေချင်လို့ တမင်ကျပ်ပြနေသလားဆိုတာ သူပဲသိတာ”ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း တပ်မတော်သံချပ်ကာယာဉ်တို့ကို မြို့ကြီးအချို့တွင် ဖြတ်သန်းမောင်းနှင်ပြခြင်း၊ နိုင်ငံအနှံ၌ တပ်မတော်ထောက်ခံပွဲများ နေ့စဉ်ရက်ဆက်ပေါ်ပေါက်နေခြင်းတို့ကြောင့် တပ်မတော်က အာဏာသိမ်းလိုက်လျှင်ဆိုသော စိုးရိမ်ပူပန်မှုများလည်း ပြည်သူများအကြားတွင် မြင့်တက်နေသည်။

ထိုသို့ပေါ်ပေါက်နေသည့် အခြေအနေများကို ခုခံနိုင်ရန် လွှတ်တော်ခေါ်ခြင်း၊ အစိုးရဖွဲ့ခြင်း၊ အစိုးရ၏ လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်း စသည့် ရွေးကောက်ပွဲရလဒ်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို မျက်ခြေပြတ်မခံကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူများကို တိုက်တွန်းထားသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading