အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအတွက် အခရာကျခဲ့သူ ရှေ့နေကြီး ဦးကိုနီ

သမ္မတတာဝန် ထမ်းဆောင်ခွင့်မရှိသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရသော အခြေခံဥပဒေအကျပ်အတည်းအတွက် ဦးကိုနီက ထွက်ပေါက်တစ်ခု ဖော်ဆောင်ပေးခဲ့သည်

ကွယ်လွန်သူ ခင်ပွန်းသည် ဦးကိုနီ၏ ဓာတ်ပုံကို ကိုင်ဆောင်ထားသည့် ဒေါ်တင်တင်အေးကို ၂၀၁၈ အောက်တိုဘာ ၄ တွင် တွေ့ရစဉ် (ဓာတ်ပုံ- Reuters)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လူမြင်ကွင်း၌ လုပ်ကြံခံခဲ့ရသည်မှာ ယနေ့ ဇန်နဝါရီ ၂၉ တွင် လေးနှစ်ပြည့်ပြီဖြစ်သည်။​ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် မလိုအပ်ဘဲ နိုင်ငံဦးဆောင်နိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအခွင့်အလမ်း ဖော်ဆောင်ပေးခဲ့သူအဖြစ် ဦးကိုနီကို နိုင်ငံရေးအသိုင်းအဝိုင်းတွင် လူသိများသည်။

လုပ်ကြံခံရချိန်တွင် အသက် ၆၄ နှစ် ပြည့်ရန် ရက်ပိုင်းသာ လိုတော့သည့် အစ္စလာမ်ဘာသာဝင် ရှေ့နေကြီး ဦးကိုနီသည် ဒီမိုကရေစီလမ်းစဉ်များနှင့် မညီညွတ်ဟု အပြင်းအထန်ဝေဖန်ခံရသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြောင်း တစ်စိုက်မတ်မတ် နှိုးဆော်ဟောပြောခဲ့သော အခြေခံဥပဒေပညာရှင်တစ်ဦးလည်း ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက်တွင် ဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရမှုသည် မြန်မာနိုင်ငံ၏ ဆိုးရွားသော တရားဥပဒေစိုးမိုးရေးအခြေအနေကို ထင်ဟပ်သည့် ပြယုဒ်တစ်ခုဖြစ်ခဲ့ပြီး အာဏာရ NLD ပါတီအတွက်လည်း အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှု လေးနှစ်မြောက်ချိန်တွင် ၎င်းသက်ရှိထင်ရှားရှိစဉ်က ကြိုးပမ်းမှုအချို့ကို လုပ်ဖော်ကိုင်ဖက်များက ထုတ်ဖော်ပြောကြား ရေးသားမှုများ ရှိလာခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ဖြစ်ပေါ်လာရသည့် ကျောထောက်နောက်ခံ အခြေအနေအချို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး မထမ်းဆောင်နိုင်ရန် ပိတ်ပင်တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကို ကျော်လွှားနိုင်သော ‘ထွက်ပေါက်’ တစ်ခုကို ဦးကိုနီက ဖန်တီးပေးခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်ရှေ့နေလည်းဖြစ်၊ ၎င်းလုပ်ကြံခံရမှုတွင် မိသားစုရှေ့နေအဖြစ်လည်း ဆောင်ရွက်ပေးခဲ့သူ ဦးခင်မောင်ဌေးက Myanmar Now ကို ပြောသည်။  

u_ko_ni_cover.jpeg

ပုံစာ- ဦးကိုနီကို ၂၀၁၆ ဇန်နဝါရီ ၁၃ ရက်နေ့က တွေ့ခဲ့ရစဉ် (ဓာတ်ပုံ- ဖြိုးသီဟချို/ Myanmar Now)

“ပါတီဥက္ကဋ္ဌက နိုင်ငံရေးတာဝန်ကို ယူခဲ့ရရင် တိုင်းပြည်အတွက် ပိုပြီးအလုပ်လုပ်နိုင်မယ်ဆိုတဲ့ အနေအထားမျိုးမှာ ဖွဲ့စည်းပုံက ကန့်ထားတဲ့အခါကျတော့ ဒါအများကြီးအခက်အခဲ တွေ့တယ်။ အဲဒီဟာရဲ့ ထွက်ပေါက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေပဲ။ သူ ဖွဲ့စည်းပုံကို ကြည့်ပြီးတော့ပဲ ... ထွက်ပေါက်တစ်ခုရအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ NLD ပါတီဥက္ကဋ္ဌဟာ တိုင်းပြည်အကျိုးကို ပိုပြီးသယ်ပိုးလို့ရအောင် ဒါမျိုးတွေ သူလုပ်ခဲ့တာပဲ” ဟု ၎င်းက ပြောပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မရပါက ဖွဲ့စည်းပုံပေးထားချက်ကို မဆန့်ကျင်ဘဲ ဆောင်ရွက်နိုင်ရန် NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးကိုနီက ၎င်း၏ Laurel Law Firm လုပ်ဖော်ကိုင်ဖက်ရှေ့နေများနှင့်အတူ ငြင်းခုန်ကြံဆခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးခင်မောင်ဌေးက ဆိုသည်။

“ငြင်းရင်းငြင်းရင်းနဲ့ပဲ ဒါက ပေးထားချက်၊ ဒီလို ဒီအတိုင်းဆိုရင် ဒါ မဆန့်ကျင်ဘူး၊ ဒီဥပဒေ ပြလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အလမ်း အများကြီးပေါ်သွားလိမ့်မယ်၊ သမ္မတကိုတော့ ကျော်လို့မရဘူး၊ ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်းဆို သမ္မတက နိုင်ငံရဲ့ အထွဋ်အထိပ်ပဲ။ အထွဋ်ထိပ်ပုဂ္ဂိုလ်နဲ့ သူနဲ့ဟာ တန်းတူနီးပါးလောက် ကပ်ထားလို့ရတဲ့ နေရာအနေအထားဆိုပြီး လုပ်ခဲ့ကြတယ်” ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။

ဦးကိုနီယူဆောင်လာသည့် မူရင်းစိတ်ကူး “လက်ရာသန့်သန့်” ကို ၎င်းအပါအဝင် လုပ်ဖော်ကိုင်ဖက်ရှေ့နေ ၈ ဦးခန့်က ရုံးခန်းအတွင်း အတူတကွ ငြင်းခုန်ကြရင်း နှစ်လခန့်အကြာတွင် ရုပ်လုံးပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဦးခင်မောင်ဌေးက ဆိုသည်။ ထို့နောက် အဆင်သင့်ဖြစ်ပြီဟု ၎င်းတို့ယူဆနိုင်ချိန်တွင် ယင်းအကြမ်းထည်ကို NLD သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးကိုနီ၏ စိတ်ကူးနှင့် အကြံပေးချက်များကို အခြေခံထားသည့် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း” သည် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ NLD ပါတီကိုယ်စားလှယ်အများစုဖြင့် အသက်ဝင်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်များ၏ ပထမဦးဆုံး ဥပဒေပြု ဆောင်ရွက်ချက်လည်း ဖြစ်ခဲ့သည်။  

NLD အစိုးရသစ် စတင်တာဝန်ယူသည့် ပထမဦးဆုံးရက် ၂၀၁၆ မတ် ၃၁ တွင် အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် NLD အမတ် ဦးအောင်ကြည်ညွန့်က အမျိုးသားလွှတ်တော်၌ အဆိုပြုခဲ့သည်။ အတိုက်အခံပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ၇ ရက်အတွင်း လွှတ်တော်နှစ်ခုလုံးတွင် ထောက်ခံမဲအများစုဖြင့် အတည်ပြုနိုင်ခဲ့သည်။

ဥပဒေကြမ်းတင်ခဲ့သူ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကမူ အဆိုပါဥပဒေကြမ်း ဖြစ်ပေါ်လာရသည့် နောက်ခံအကြောင်းတရားများကို မသိရှိခဲ့သဖြင့် ဦးကိုနီ၏ ပါဝင်ပတ်သက်မှုကို အတည်မပြုနိုင်သကဲ့သို့ ငြင်းဆို၍လည်း မရကြောင်း Myanmar Now ကို ပြောသည်။

ဥပဒေကြမ်းအဖြစ် အသေးစိတ်ပြင်ဆင်ချိန်တွင်တော့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် ၎င်းနှင့် ဒေါက်တာမြတ်ဉာဏစိုးအပြင် ထိုအချိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် သူရဦးရွှေမန်းတို့ ပါဝင်ခဲ့ကြသည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

NLD ပါတီနာယက ဦးဝင်းထိန် ရေးသားထုတ်ဝေခဲ့သည် “သံသရာတကွေ့” စာအုပ်၏ စာမျက်နှာ ၇၅၉ နှင့် ၇၆၀ တွင်မူ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ဖြစ်ပေါ်လာခြင်း နောက်ကွယ်အကြောင်းအရင်းအချို့ကို ဖော်ပြထားသည်။

photo_2_ko_ni_.jpeg

ဦးကိုနီ၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကိုနီ၏ဇနီးဖြစ်သူ ဒေါ်တင်တင်အေးတို့ ပါဝင်သည့် ဓာတ်ပုံမှတ်တမ်းတစ်ခု (ဓာတ်ပုံ- Reuters)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ တွင် “ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ” ဟု ပြဋ္ဌာန်းထားမှုကို အသုံးချရန် ဦးကိုနီက “အဓိကဖော်ထုတ် အကြံပေးတဲ့သူ” ဖြစ်ကြောင်း ရေးသားထားသည်။

စာမျက်နှာအားဖြင့် သုံးမျက်နှာခန့်သာရှိသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေတွင် အခန်းငါးခန်း ပါရှိပြီး အခန်း (၃) တာဝန်ပေးအပ်ခြင်းခေါင်းစဉ်အောက်၌ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်ဟု ပါရှိသည်။

တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်ဟုလည်း ဖော်ပြထားသည်။

ဥပဒေကြမ်းကို လွှတ်တော်အတွင်း ဆွေးနွေးခဲ့ချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဝင်များက အဆိုပါဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဥပဒေတွင် ထည့်သွင်းဖော်ပြမထားသင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးခဲ့ကြသည်။

ထိုဝေဖန်မှုများနှင့် ပတ်သက်၍ ဥပဒေကြမ်းတင်သွင်းခဲ့သူ ဦးအောင်ကြည်ညွန့်က NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။

photo_4-_funeral.jpeg

၂၀၁၇ ဇန်နဝါရီ ၃၀ တွင် ပြုလုပ်ခဲ့သည့် ဦးကိုနီ၏ ဈာပနအခမ်းအနား (ဓာတ်ပုံ- Reuters)

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အနေအထားနဲ့ ခန့်အပ်ခွင့်ရှိတဲ့သူတစ်ယောက်မှာ ဘယ်သူ့ကိုမဆိုပေါ့ ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ၊ ခန့်အပ်နိုင်တယ်ဆိုတာကို ပြဋ္ဌာန်းထားပြီးသား ရှိတယ်လေ။ အဲလို ခန့်အပ်တယ် ဆိုကတည်းကိုကတော့ ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်အပ်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တစ်ဦးဦးရဲ့ နာမည်နဲ့ မခန့်အပ်ရင် ယေဘုယျ ခန့်အပ်လို့မှ မရတာ” ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီး သတင်းထောက်များနှင့် အင်တာဗျူးပြုလုပ်ရာတွင် သမ္မတလုပ်ခွင့်မရှိပါက အစိုးရအဖွဲ့ကို မည်ကဲ့သို့ ဖွဲ့စည်းမည်နည်းဟူသော အမေးကို NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မက သမ္မတအပေါ်က နေမှာ” ဟု အရွှန်းဖောက်၍ အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်းချိန်တွင်တော့ ယင်းအဖြေ၏ အဓိပ္ပာယ်ကို အားလုံးက သဘောပေါက်နားလည်သွားကြသည်။

ယင်းဥပဒေကြမ်းသည် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများ၊ နိုင်ငံတကာမှ နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကိုလည်း အံ့ဩစေခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နိုင်ငံ့အကြီးအကဲဖြစ်သော်လည်း နိုင်ငံ့ခေါင်းဆောင်မှုကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကသာ ပြုနေသည်မှာ မည်သူမျှ ငြင်းမရသည့် အချက်ဖြစ်သည်။

“နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးအနေနဲ့ ဘယ်လောက်အထိ ဦးဆောင်သွားပြီးတော့ ဘယ်လောက်အထိ နိုင်ငံရေးအရ နိုင်ငံတကာရေးရာရော၊ နိုင်ငံရေးရာရော ပြည်တွင်းပြည်ပရေးရာမှာ ဆောင်ရွက်သွားနိုင်ခဲ့သလဲဆိုတဲ့ ဒီငါးနှစ်တာရဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး အထူးတောင် ထပ်ပြောစရာမလိုဘူးလို့ ထင်တယ်။ တိုင်းပြည်အတွက် အများကြီး အကျိုးကျေးဇူးရှိခဲ့တယ်လို့တော့ ပြောလို့ရပါတယ်” ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေခဲ့ရသည့် အခြေခံဥပဒေအကျပ်အတည်းတစ်ခုကို ဦးကိုနီက ထွက်ပေါက်ပေးခဲ့သည်ဟုပင် ဆိုနိုင်သည်။ ယင်းဥပဒေအသက်ဝင်ပြီး တစ်နှစ်မပြည့်ခင်အချိန် ၂၀၁၇ ဇန်နဝါရီတွင် ဦးကိုနီ လုပ်ကြံခံခဲ့ရသည်။ ၎င်း၏ အကြံပြုချက်ဖြင့် တည်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ သက်တမ်းမကုန်ခင်အချိန်တွင် ဦးကိုနီ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် Senior Leadership Program လေ့လာရေးခရီးစဉ်မှအပြန် ဇန်နဝါရီ ၂၉ ညနေ ၅ နာရီ ၇ မိနစ်တွင် ရန်ကုန်လေဆိပ် Terminal-1 မှ အထွက် ကားပါကင်၌ ၎င်းကို လာရောက်ကြိုဆိုသော မြေးငယ်ကို ပွေ့ချီထားစဉ် သေနတ်သမားကြည်လင်းက ဦးခေါင်းနောက်စေ့နေရာကို အနီးကပ် ပစ်ခတ်ခဲ့သည်။

သေနတ်ဒဏ်ရာဖြင့် လဲကျနေသော ဦးကိုနီကို ပြည်သူအချို့က ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း အခင်းဖြစ်နေရာတွင်ပင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် ၎င်း၏ မြေးငယ်အပြင် သမီးကြီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်လည်း ရှိနေခဲ့သည်။

photo_5_funeral.jpeg

၂၀၁၇ ဇန်နဝါရီ ၃၀ တွင် ပြုလုပ်ခဲ့သည့် ဦးကိုနီ၏ ဈာပနအခမ်းအနား (ဓာတ်ပုံ- Reuters)

ဦးကိုနီကို ပစ်ခတ်ခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် လုပ်ကြံမှုကို ကြံစည်သူ အောင်ဝင်းဇော်ကို မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သေဒဏ်ကျခံရန်၊ တရားခံကို ကာကွယ်၍ သက်သေဖျောက်ဖျက်မှုဖြင့် ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်၊ တရားခံကို လက်သင့်ခံမှုဖြင့် အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် စသည်ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၉ ဖေဖော်ဝါရီတွင် အပြီးသတ်အမိန့်များ ချမှတ်ခဲ့သည်။ လုပ်ကြံမှုကို စီစဉ်ကြိုးကိုင်သူအဖြစ် သံသယတရားခံ အောင်ဝင်းခိုင်မှာမူ လက်ရှိအချိန်အထိ တိမ်းရှောင်နေဆဲ ဖြစ်သည်။

တပ်ဘက်အရာရှိဟောင်းများ ဖြစ်ကြသည့် ဇေယျာဖြိုးနှင့် ဝရမ်းပြေး အောင်ဝင်းခိုင်သည် ‘လူငယ်သဘာဝ’ ပုဂ္ဂိုလ်ရေးမကျေနပ်မှုအပေါ် အခြေခံ၍ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ပြီး အစီအစဉ်အတွက် သိန်းထောင်ချီသုံးစွဲခဲ့သည်ဟု လုပ်ကြံမှုအပြီး တစ်ပတ်ခန့်အကြာတွင် ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဇော်ဝင်းက ပြောဆိုခဲ့သည်။

ရဲချုပ်ဇော်ဝင်းက ထိုသို့ပြောဆိုခဲ့သော်လည်း ဦးကိုနီလုပ်ကြံခံရခြင်းသည် နိုင်ငံရေးနွယ်သည့် အမှုဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခံယူထားကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေး ဟောပြောမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သဖြင့် ရန်ငြိုးထားခံရခြင်း ဖြစ်နိုင်သည်ဟု ဦးဝင်းထိန်ကလည်း ယူဆသည်။

ရဲတပ်ဖွဲ့၏ ထုတ်ဖော်ပြောကြားချက်များအရ ဦးကိုနီကို လုပ်ကြံရန် တပ်မတော်အရာရှိဟောင်း အောင်ဝင်းဇော်နှင့် ညီဖြစ်သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ၂၀၁၆ မေလ မတိုင်မီကတည်းက လူမိုက် သို့မဟုတ် သေနတ်သမားကို ငွေပေးငှားရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်သည် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအတည်ပြုပြီးချိန်လည်း ဖြစ်သည်။

လုပ်ကြံမှုနောက်ကွယ်တွင် မည်ကဲ့သို့သော အကြောင်းတရားများ ရှိခဲ့သည်ဆိုကာမူ ဦးကိုနီကို ဆုံးရှုံးလိုက်ရခြင်းသည် NLD အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရန် အခရာကျသည့် ပညာရှင်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။

ဦးကိုနီသည် သက်ရှိထင်ရှားရှိခဲ့စဉ်က NLD ကိုယ်စားလှယ်များနှင့် ပါတီဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေဆိုင်ရာသင်တန်းများ ပို့ချပေးခဲ့ပြီး NLD ၏ ဥပဒေအကြံပေးတစ်ဦးအပြင် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။

ဦးအောင်ကြည်ညွန့်ကမူ ဦးကိုနီလုပ်ကြံခံရမှုသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတွင် ဖြစ်ကောင်းသည့်ကိစ္စတစ်ရပ် မဟုတ်ဟု ခံယူသည်။

“ဒီလို လေးနှစ်ပြည့်သွားတဲ့အခါမှာ ဦးကိုနီကို သတိရတယ်ဆိုတဲ့ အနေအထားမျိုးမှာ ဒီလိုမျိုး ဖြစ်စဉ်မျိုးနဲ့ သတိရရတယ်ဆိုတဲ့ အခြေအနေဟာ သမိုင်းရဲ့ အမည်းကွက်တစ်ခုအဖြစ် ထင်ကျန်နေရစ်ခဲ့မှာပဲလို့ ကျွန်တော် စိတ်မကောင်းစွာနဲ့ သုံးသပ်လိုက်ပါတယ်” ဟု ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောသည်။

ဦးကိုနီနှင့် နှစ်ပေါင်း ၃၀ ကျော် စီနီယာနှင့် ဂျူနီယာ ဆက်ဆံရေး၊ ဆရာနှင့် တပည့်ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးတို့ ရှိခဲ့သည့် ရှေ့နေဦးခင်မောင်ဌေးကလည်း ဦးကိုနီလုပ်ကြံခံရမှုသည် အပြောင်းအလဲတစ်ခုဖြစ်လာစေရန် အရင်းအနှီးတစ်ခုပေးလိုက်ရသကဲ့သို့ နိုင်ငံ့သားကောင်းတစ်ဦး ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူနေခဲ့တဲ့မြေ၊ သူရှူခဲ့တဲ့လေအတွက် ပေးဆပ်ရတာပါပဲလေ။ ကောင်းဖို့အတွက် ပေးဆပ်ရတာပါပဲ” ဟု ၎င်း၏ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်အသိုင်းအဝိုင်းက ခံယူထားသည်ဟု ဦးခင်မောင်ဌေးက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading