Eco Green City အိမ်ရာစီမံကိန်းမှ ခြံမြေကို တောင်သူလေးဦး ပြန်ရလို 

လှည်းကူးမြို့နယ် အမြန်လမ်းဘေး အိမ်ရာစီမံကိန်းအတွက် ကျူးကျော်ရပ်ကွက်ကို ဖယ်ရှားရာတွင် နှစ်ရှည်ပင်များ ဖျက်ဆီးခံရပြီး မိဘလက်ငုတ်ခြံမြေ အသိမ်းခံရသူ မိသားစု ၄ ခုက အစိုးရ၏ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေကြသည်  

Published on Jan 29, 2021
Published on Jan 29, 2021
ကျူးကျော်မြေဟု စွပ်စွဲသိမ်းဆည်းခံရပြီးနောက် ကျန်ရှိသည့် မြေနေရာသည် စီမံကိန်းဧရိယာအနားတွင် ကပ်လျက်ရှိနေသည်။ (ဓာတ်ပုံ-ဖြိုးထက်အောင်/ Myanmar Now) 
ကျူးကျော်မြေဟု စွပ်စွဲသိမ်းဆည်းခံရပြီးနောက် ကျန်ရှိသည့် မြေနေရာသည် စီမံကိန်းဧရိယာအနားတွင် ကပ်လျက်ရှိနေသည်။ (ဓာတ်ပုံ-ဖြိုးထက်အောင်/ Myanmar Now) 

လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ ကျူးကျော်အိမ်များ ဖယ်ရှားပြီး အိမ်ရာစီမံကိန်းဖော်ဆောင်ခဲ့ရာတွင် ကျူးမြေမဟုတ်ဘဲ သိမ်းဆည်းခံခဲ့ရသည်ဆိုသော ဥယျာဉ်ခြံမြေများကို ပြန်ပေးရန် ဓားမဦးချ လုပ်ကိုင်ခဲ့သည့် တောင်သူလေးဦးက တောင်းဆိုသည်။

Eco Green City အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် အမြန်လမ်း ၃ မိုင် ၂ ဖာလုံမှ ၅ မိုင် ၂ ဖာလုံအတွင်း အစိုးရပိုင်မြေပေါ်ရှိ ကျူးကျော်အိမ် ၄,၀၀၀ ကျော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အမိန့်ဖြင့် ၂၀၁၇ တွင် ဖယ်ရှားခဲ့ရာတွင် နှစ်ပေါင်း ၃၀ ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ခြံမြေများသိမ်းဆည်းခံရခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

ကျူးမြေမဟုတ်ဘဲ သိမ်းဆည်းခံခဲ့ရသည့် ဥယျာဉ်ခြံမြေများမှာ စုစုပေါင်း ဧက ၃၀ ကျော်ဖြစ်သည်ဟု ၎င်းတို့ထံက သိရသည်။ 

“နေစရာလည်း မြေမရှိဘူး။ ဧက ၂၀ လုံး ပါသွားတာလေ။ တစ်လက်မတောင် မကျန်ဘူး။ ကျွန်မက ဘယ်ကိုသွားပြီး ခိုကပ်နေမလဲ။ ဘာလုပ်ပေးစေချင်လဲဆိုတော့ တရားမျှတစွာ ဆုံးဖြတ်ပေးပါ” ဟု လှည်းကူးမြို့နယ် ကလီထော်အနောက်ကျေးရွာမှ ဒေါ်ခင်အေးမြင့်က Myanmar Now ကို ပြောသည်။

သိမ်းဆည်းခံရသော မြေဧက ၂၀ နှင့်ပတ်သက်ပြီး လယ်ယာမြေပိုင်ဆိုင်မှုအထောက်အထားများ မရှိသော်လည်း မြေခွန်နှင့် စိုက်စရိတ်ချေးငွေများ ရယူ၍ ကျွန်း၊ ရော်ဘာ၊ သရက်၊ မာလကာနှင့် ပိန္နဲ စသည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးခဲ့သော နှစ်ပေါင်း ၃၀ သက်တမ်းရှိ မိဘလက်ငုတ်လက်ရင်းခြံများဖြစ်ကြောင်း အထောက်အထားများပြသ၍ ၎င်းက ဆိုသည်။ 

၎င်းတို့ထံတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ချေးငွေအထောက်အထားများနှင့် မြေခွန်ပြေစာများ လက်ဝယ်ရှိသည်ကိုလည်း တွေ့ရှိရသည်။ 

ဒေါ်ခင်မြင့်အေးအပြင် ကလီထော်အနောက်ကျေးရွာမှ ဦးမြသိန်း၊ ဦးဝင်းကြည်နှင့် ဦးမင်းအောင်တို့၏ ခြံမြေပေါ်ရှိ လူနေအိမ်၊ နွားတဲနှင့် နှစ်ရှည်သီးနှံစိုက်ခင်းများ ဖျက်သိမ်းခံခဲ့ရပြီး ခြံမြေများကိုလည်း စီမံကိန်းနှင့် မဆိုင်ဘဲ သိမ်းဆည်းခံခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

၅ ဧက ကျယ်ဝန်းသည့် အခွန်ပြေစာပေါက် ခြံမြေများမှာ Eco Green City စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသဖြင့် တစ်ဧကမပြည့်သည့် အစွန်းထွက်မြေနေရာသာ ကျန်ရှိကြောင်း၊ ယင်းမြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသော်လည်း မိသားစု ၅ ယောက်၏ စားဝတ်နေရေး မဖူလုံသဖြင့် ကြုံရာကျပမ်းလုပ်ကိုင်စားသောက်နေရကြောင်း ဦးဝင်းကြည်၏ဇနီး ဒေါ်သီတာက ဆိုသည်။

“Chainsaw (သံကြိုးလွှ) တွေနဲ့ ဖြတ်သွားတယ် သစ်ပင်တွေ။ ကျွန်မတို့မှာ အရမ်းခံစားရတယ်။ အရမ်းဒုက္ခရောက်ခဲ့တယ်။ ဒီကျန်တဲ့မြေကြီးလေးမှာ အတန်းပညာ မတတ်တဲ့အတွက် စိုက်ပျိုးပြီး လုပ်ကိုင်စားသောက်ရတယ်။ ဒီမြေလေးမှာ ဒီမိသားစုနဲ့ဆိုတော့ မလုံလောက်ဘူး” ဟု ဒေါ်သီတာက ပြောသည်။

၎င်းတိုသည် ကလီထော်အနောက် အိမ်ထောင်စုစာရင်းဖြင့် နေထိုင်ကြပြီး ဖျက်သိမ်းခံခဲ့ရသည့်ခြံမြေအတွင်းရှိ နေအိမ်များမှာ အိမ်နံပါတ်များ အခိုင်အမာရှိခြင်းကြောင့် အစိုးရမြေပေါ် တရားမဝင်နေထိုင်သည့် ကျူးများနှင့် ကွဲပြားခြားနားကြောင်း ပြောဆိုခဲ့သော်လည်း အာဏာပိုင်များက ဖျက်သိမ်းခဲ့သည်ဟု အသက် ၅၅ နှစ်အရွယ် ဦးမင်းအောင်က ဆိုသည်။

“ဒီဟာက ကျူးထဲမှာ မပါဘူး။ မြေလွတ်မြေရိုင်းကို ကိုယ်က လုပ်ကိုင်စားသောက်ရတာ။ ကျူးထဲမှာလည်း မပါဘူး။ စပါးလင်ဆီမွှေး (စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေ) ထဲလည်း မပါဘူး။ ရွာဆယ်အိမ်မှူးလုပ်လာတာလည်း အနှစ် ၂၀ ရှိသွားပြီ။ အဲဒီလို ပြောလို့မရ၊ ဆယ်အိမ်မှူးလည်း မရဘူး။ ဖျက်မှာပဲတဲ့” ဟု ထီးရိုးဝါး၊ သီဟိုဠ်၊ ပိန္နဲနှင့် သရက်ခြံများ ဖျက်သိမ်းခံခဲ့ရသည့် ဦးမင်းအောင်က ပြောသည်။

၅ နှစ်မှ ၇ နှစ်သက်တမ်းရှိ နှစ်ရှည်သီးပင်များကို သံကြိုးလွှဖြင့် ခုတ်လှဲခဲ့သည့် ဓာတ်ပုံအထောက်အထားများရှိပြီး ခုတ်လှဲထားသည့် အပင်များမှ ယခုအခါ အတက်များပင် ပြန်ထွက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Eco Green City အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Company တို့ ပူးပေါင်းကာ မြေဧက ၁,၄၀၀ ကျော်ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းနေရာကို အပြာရောင်သွပ်ပြားများဖြင့် ခြံစည်းရိုးခတ်ထားသည်ကို တွေ့ရသည်။ 

စီမံကိန်းအတွင်း ပါသွားသည့် တောင်သူလေးဦး၏ ခြံမြေနေရာတွင် နှစ်ရှည်သီးပင်နှင့် မြက်ရိုင်းများ ပေါက်နေသည်ကို တွေ့ရပြီး ဘူဒိုဇာတစ်စီးနှင့် ရောင်စုံအလံတိုင်ငယ်များ စိုက်ထူထားသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။

အဆိုပါစီမံကိန်းမြေနေရာအတွင် ကျူးကျော်နေထိုင်သူများကို ၂၀၁၅ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက် ဖယ်ရှားရှင်းလင်းခဲ့စဉ်က ၎င်းတို့ လေးဦး၏ ခြံမြေနေရာများမပါဝင်ခဲ့သော်လည်း ၂၀၁၇ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်တွင် အကြောင်းကြားခြင်းမရှိဘဲ ခြံမြေဖျက်သိမ်းခံခဲ့ရသည်ဟု တောင်သူများက ဆိုသည်။ 

အဆိုပါနေရာကို အစိုးရပိုင်မြေ ဖြစ်သည်ဟု ၂၀၁၆ တွင် အသိပေးခဲ့ပြီး ကျူးကျော်နေထိုင်သူများသည် အမှန်တကယ်မနေထိုင်ဘဲ မြေနေရာဦးကာ ရောင်းစားကြောင်း မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ တာဝန်ရှိသူများက ကျူးကျော်တဲများ ဖြိုဖျက်ရှင်းလင်းခဲ့စဉ်က ပြောဆိုခဲ့သည်။

အမြန်လမ်းတစ်ဖက်တစ်ချက်ရှိ စခန်းကြီးကျေးရွာအုပ်စုအတွင်းရှိ အောင်ရတနာ၊ အောင်သုခ၊ ကံကော်ကျွန်း၊ စိမ်းလန်းကျေးရွာတို့ရှိ ကျူးကျော်နေထိုင်သူများကို ၂၀၁၇ ဇွန်တွင် ရဲတပ်ဖွဲ့အင်အား ၂၀၀ နှင့် လူအင်အား ၁,၀၀၀ ဝန်းကျင်ဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

Eco Green City အိမ်ရာစီမံကိန်းအကောင်အထည်ဖော်မှုနှင့် စီမံကိန်းအတွင်း မိဘလက်ငုတ်ခြံမြေများ ပါဝင်မှုနှင့်ပတ်သက်၍ မြို့ပြနှင့် အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလော မဖြေလိုသေးကြောင်း ပြောသည်။

မိဘလက်ငုတ်ခြံမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီးဌာနများကို တိုင်ကြားသော်လည်း အကြောင်းမထူးကြောင်း တောင်သူများက ဆိုသည်။

တိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်ရာတွင် အဆိုပါတောင်သူလေးဦးသည် ဒေသခံများဖြစ်သည့်အပြင် နှစ်ရှည်လများစွာ သီးနှံစိုက်ပျိုးသူများဖြစ်ပြီး ဥပဒေအရ မြေပိုင်ဆိုင်ကြောင်း အထောက်အထားမှန်ကန်ပါက မြေပြန်လည်ပေးအပ်ရမည်ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က Myanmar Now ကို ပြောသည်။

“Chainsaw နဲ့ ဖြတ်ရတဲ့အဆင့်ထိဆိုတော့ တွက်ကြည့်တော့။ သစ်ပင်ကြီးတွေဆိုရင် အကြီးကြီးတွေပေါ့။ ဒါကြီးက မဖြစ်သင့်ဘူး။ အဲဒီလောက်အထိ နှစ်ရှည်လများ စိုက်ပျိုးလုပ်ကိုင်ခဲ့သူတွေရဲ့နစ်နာမှုကို ကိုယ်ချင်းစာလို့ ရပါတယ်။ ဒါကို ထိုက်တန်တဲ့ လျော်ကြေး၊ သီးနှံလျော်ကြေးလေးတော့ ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရတာဝန်ရှိသူများအနေဖြင့် တောင်သူလေးဦး၏ နစ်နာမှုနှင့်ပတ်သက်၍ လျစ်လျုရှုမထားသင့်ဘဲ လျော်ကြေးတစ်စုံတစ်ရာ ပေးလျော်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ 

မြန်မာနိုင်ငံတွင် လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေပေါင်း ၆၀ ကျော်ရှိပြီး မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရဥပဒေအရ သိမ်းဆည်းပါက ခိုင်မာသည့် မြေယာပိုင်ဆိုင်မှုအထောက်အထားမရှိသည့်တိုင် လက်ငုတ်တောင်သူအနေဖြင့် လျော်ကြေးရသင့်ကြောကြောင်း ဥပဒေသုတေသီ ဦးမောင်မောင်ညွန့်က မှတ်ချက်ပြုသည်။ 

နိုင်ငံပိုင်မြေပေါ်တွင် နည်းလမ်းတစ်ရပ်ရပ်အရဖြစ်စေ၊ ကျူးကျော်၍ဖြစ်စေ စိုက်ပျိုးလုပ်ကိုင်သူတိုင်းသည် မြေခွန်ပေးဆောင်ရသဖြင့် အခွန်ပြေစာ အထောက်အထားရရှိပြီး ယင်းအထောက်အထားပြသနိုင်ခြင်းကြောင့် မြေပိုင်သည်ဟု မမှတ်ယူနိုင်ကြောင်း၊ အထောက်အထားများ ခိုင်ခိုင်လုံလုံမရှိသဖြင့် ယတိပြတ်မှတ်ချက်ပြုရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

“ဥပဒေအရတောင်းဆိုရင်တော့ သူတို့မှာ အားနည်းပါတယ်။ လူမှုရေးအရ ခံစားခွင့်ရအောင် နိုင်ငံတော်အကြီးအကဲတွေဆီ အသနားခံစာတင်ရင်တော့ နိုင်ငံတော်အကြီးအကဲများက စစ်ဆေးပြီးတော့ သင့်လျော်တဲ့နစ်နာကြေးတော့ ရမှာပါ။ မြေကတော့ ပြန်ရဖို့မရှိပါဘူး” ဟု ၎င်းက ကောက်ချက်ချသည်။

Eco Green City စီမံကိန်းသည် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရေးဆွဲသည့် Yangon Vision 2040 အနာဂတ်မြို့တော်သစ်တစ်ခုဖြစ်ပြီး အပိုင်း ၃ ပိုင်းခွဲ၍ အကောင်အထည်ဖော်မည်ဖြစ်ကာ အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် မျှော်မှန်းထားသည်။

အဆိုပါစီမံကိန်းမြေနေရာမှာ စိုက်ပျိုးရေးဦးစီးဌာန၏ စပါးလင်ဆီမွှေးစိုက်ခင်းဌာနပိုင်မြေ ဖြစ်ပြီး Alliance Stars ကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းခဲ့ကြောင်း၊ ရေဝပ်ဧရိယာဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မသင့်ဟုဆိုကာ Eco Green City စီမံကိန်းကို အကောင်အထည်ဖော်ရန် ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ၂၀၁၈ နိုဝင်ဘာ ၁၄  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုလဲမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading