NLD အစိုးရ မဖြေရှင်းနိုင်ခဲ့သည့် ရန်ကုန် ပန်းခြံ ငှားရမ်းခ အရှုပ်တော်ပုံ 

ပေါက်စျေးထက် အဆမတန်နည်းနေသည့် ပန်းခြံငှားရမ်းခများ တိုးမြှင့်ကောက်ခံရန် ရန်ကုန်တိုင်းလွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း အစိုးရက အကောင်အထည်မဖော်နိုင်သေးပေ။  

၂၀၂၁ ဇန်န၀ါရီ ၂၈ ရက်နေ့က တွေ့ရသော  ရွှေတိဂုံစေတီအနောက်ဘက်မုခ်အနီးရှိ ပြည်သူ့ရင်ပြင်၊ ပြည်သူ့ဥယျာဉ်ပန်းခြံ (ဓာတ်ပုံ – စိုင်းဇော်/Myanmar Now)

ရန်ကုန်မြို့ရှိ ပန်းခြံဧရိယာ ၅၂၂ ဧကကို အဆင်မြှင့်တင်ရေး အကြောင်းပြ၍ လုပ်ငန်းရှင်များထံသို့ စစ်အစိုးရလက်ထက်က နှစ်ရှည်အငှားချခဲ့သော ပန်းခြံကြီးများမှာ အများပြည်သူ အပန်းဖြေရာနေရာအဖြစ်မှ ပုဂ္ဂလိကကုမ္ပဏီတို့ စီးပွားရှာသည့် မြေနေရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည့် နှုန်းထားထက် ၄ ဆကျော် လျော့နည်းသည့် ပန်းခြံငှားရမ်းခများဖြင့် ငှားရမ်းထားသည့် ကုမ္ပဏီများမှာ အကျိုးအမြတ်များစွာ ရရှိနေပြီး အချို့ပန်းခြံများအတွက်မူ ပန်းခြံမြေ ငှားရမ်းခ လုံးဝမရတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

စတင်ငှားရမ်းခဲ့သည့် မြေငှားရမ်းခမှာ လွန်စွာနည်းပါးနေသဖြင့် နှစ်စဉ် ကျပ်သန်းပေါင်း ၅,၇၀၀ ခန့် (၅၇ ဘီလီယ)  ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနေပြီး ပန်းခြံငှားရမ်းခများ ကာလပေါက်စျေးအတိုင်း ရရှိရန် ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သော အဆိုမှာ အောင်မြင်ခဲ့သည်။

သို့သော်လည်း ပန်းခြံငှားရမ်းခများကို ကာလပေါက်စျေးအတိုင်း ပြောင်းလဲကောက်ခံနိုင်ခြင်း မရှိခဲ့ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

“နိုင်ငံတော်အတွက် ဘယ်လိုတွေ နစ်နာဆုံးရှုံးနေပါတယ်ဆိုတာ ကျွန်မတို့ လွှတ်တော်မှာ တင်ပြခဲ့တယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်လို plan (အစီအစဉ်) တွေ ဆွဲနေပါတယ်ဆိုတဲ့ဟာက ငါးနှစ်သာ ကုန်သွားတယ်၊ (စည်ပင်ဌာနက) ကျွန်မတို့လွှတ်တော်ကိုလည်း မတင်ပြနိုင်ဘူး၊ ဘာတစ်ခုမှလည်း ဖြစ်မလာတော့ဘူး။ အဲ့ဒီတော့ ဒီလိုလူမျိုးတွေနဲ့ ကျွန်မတို့ ငါးနှစ်လုံးလုံးမှာ ဘာမှမဖြစ်ခဲ့ဘူး”ဟု ၎င်းက ပြောသည်။

ပန်းခြံများကို ကာလပေါက်စျေးထက် အလွန်နည်းပါးသော ငှားရမ်းခနှုန်းထားဖြင့် လုပ်ငန်းရှင်များထံသို့ နှစ်ရှည်လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း ဆယ်စုနှစ် တစ်ဝက်ကျော်လာသည်အထိ လုပ်ငန်းများအပြီးသတ်အောင် မဆောင်ရွက်နိုင်သေးကြောင်း ၂၀၂၀ နှစ်ဆန်းပိုင်းက ထုတ်ပြန်သည့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ၎င်းတို့ကုမ္ပဏီများ ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော်လုပ်ကိုင်နေကြသည်ဟု အစီရင်ခံစာက ဝေဖန်ထောက်ပြသည်။

နိုင်ငံတော်က နှစ်စဉ် နစ်နာနေသောကြောင့် စာချုပ် ပြင်ဆင်ချုပ်ဆိုရန် လုပ်ငန်းရှင်များနှင့် ဆွေးနွေးသွားမည်ဟု ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ၂၀၁၇ ခုနှစ်တွင် Myanmar Now ကို ဖြေကြားခဲ့သည်။ 

ငှားရမ်းသည့် သက်တမ်းမကုန်ဆုံးမီ စာချုပ်ဖျက်သိမ်းပါက ပြည်တွင်း၊ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသည့် ကုမ္ပဏီများက အစိုးရအပေါ် အယုံအကြည်ကင်းမဲ့မည်ကို စိုးရိမ်ရကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောထားမှာလည်း နှစ်ရှည်ငှားရမ်းထားသော ပုဂ္ဂလိက ကုမ္ပဏီများနှင့် စာချုပ်မဖျက်သိမ်းလိုကြောင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

“စာချုပ်တွေက တအားဆိုးဆိုးဝါးဝါးတွေ ချုပ်ထားတယ်။ ဥပမာ - ၅ နှစ်အတွင်း ဒီဥစ္စာကို ပြုပြင်ပြောင်းလဲခွင့်မပြုပါတဲ့။ ပြုပြင်ပြောင်းလဲလို့ရှိရင် ၅ နှစ်ကျော်တဲ့အခါမှာ ရာခိုင်နှုန်းဘယ်လောက်ပဲ တိုးရမယ်တို့ စသည်ဖြင့် အကန့်အသတ်တွေရှိတယ်ဗျ။ အဲ့ဒါတွေ မပြင်ဘဲနဲ့တော့ တော်တော်လေးခက်တယ်၊ လုပ်ရကိုင်ရတာ” ဟု ဦးတင့်လွင်က ပြောသည်။

သတ်မှတ်နှုန်းထက် ၄ ဆကျော် လျော့နည်း

ရန်ကုန်မြို့၏ အထင်ကရ ရွှေတိဂုံစေတီအနောက်ဘက်မုခ်အနီးရှိ ပြည်သူ့ဥယျာဉ်ပန်းခြံကိုလည်း အစိုးရသတ်မှတ်ထားသည့် တစ်လငှားရမ်းခမှာ တစ်စတုရန်းပေအကျယ်အတွက် ၁၆၀၀ ကျပ် ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင်မူ သတ်မှတ်စျေးထက် လေးဆကျော် လျော့နည်းသည့် စျေးဖြင့် ကုမ္ပဏီကြီးများက ငှားရမ်းခွင့်ရထားကြသည်။

၇၆ ဒဿမ ၃၆ ဧကကို Natural World ကုမ္ပဏီ၊ မြေဧက ၅ ဒဿမ ၂၈ ဧကကို ရွှေတိုင်းရွှေပြည်ကုမ္ပဏီ၊  ၁ ဒ ဿမ ၁၁ ဧကကို ဦးအောင်ပြည့်စုံတို့က အသီးသီး နှစ်ရှည်လုပ်ပိုင်ခွင့်ရထားကြသည်။

လုပ်ပိုင်ခွင့်ကို ကုမ္ပဏီနှစ်ခုက ၂၅ နှစ်စီ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံက နှစ် ၃၀ ရထားကြသည်။

Natural World ကုမ္ပဏီက ထိုပန်းခြံမြေနေရာများကို စစ်အစိုးရခေတ် ၂၀၀၉ ခုနှစ် ကတည်းကပင်  စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မြေငှားရမ်းစာချုပ်ပင် ချုပ်ဆိုခြင်း မရှိခဲ့ပေ။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်လာသည့် အစိုးရသစ်လက်ထက်တွင်မှ တစ်စတုရန်းပေလျှင် ၆၃ ပြားနှုန်းဖြင့် ပြန်လည် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

မြေငှားစာချုပ်အရ ကုမ္ပဏီထံ နှစ်စဉ် ဆယ်ရာခိုင်နှုန်းတိုးကောက်လာခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့နိုင်ချိန် ၂၀၁၆ အထိ ငှားရမ်းခမှာ တစ်ကျပ်ပင် မပြည့်ခဲ့ပေ။ ရန်ကုန်တိုင်းလွှတ်တော်တွင် ဝေဖန်ဆွေးနွေးခဲ့ကြပြီးမှ တစ်စတုရန်းပေလျှင် ၃၃၀ ကျပ်ထိ တိုးမြှင့် ကောက်ခံလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုမြေငှားရမ်းခမှာ အခွန်ဦးစီးဌာန၏ သတ်မှတ်ချက်ထက် ၄ ဆကျော် လျော့နည်းနေသဖြင့် နိုင်ငံတော်အခွန် တစ်နှစ်လျင် ကျပ်သန်းပေါင်း တစ်သောင်းကျော်  (၁၀၂၃၇ ဒသမ ၀၇ သန်း) နစ်နာနေကြောင်း ၂၀၁၇-၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က အစီရင်ခံစာတွင် ထောက်ပြဝေဖန်ထားသည်။

Natural World ကုမ္ပဏီက ၂၀၃၄ အထိ လုပ်ပိုင်ခွင့်ရထားသောမြေ ၇၆ ဧကကျော်တွင် ၁၃ ဧကကျော်သာ အငှားမြေအဖြစ် စည်ပင်ကော်မတီက စာချုပ်တွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။ ထိုသို့ဖြင့် အငှားမြေအားလုံး၏ ၁၈ ရာခိုင်နှုန်းသာ မြေငှားရမ်းခ ရနေသည်။

ထိုအငှားမြေများအနက် ကားရပ်နားရန် လုပ်ဆောင်ထားသည့် မြေနေရာ ၆ ဧကကျော်အတွက်မူ ငှားခ တစ်စတုရန်းပေအတွက် တစ်လ ကျပ် ၁၀၀ သာ အစိုးရက ရနေသည်။

Natural World ကုမ္ပဏီရုံးချုပ်၊ ကုမ္ပဏီစတိုခန်းနှင့် ကုမ္ပဏီဝန်ထမ်းအိမ်ရာများဆောက်ထားသည့် မြေ ၁ ဒဿမ ၂ ဧကအတွက်မူ မြေငှားခမရသဖြင့် မူလအငှားချသည့် တစ်လ ၃၃၀ ကျပ်ဖြင့် တွက်လျှင်ပင် အစိုးရက ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် (၂၀၇ ဒဿမ ၄၁၅ သန်း) နှစ်စဉ်နစ်နာနေသည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသော စိမ်းလန်းဧရိယာ ၄၄ ဧကကျော်အတွက်မူ အစိုးရက ငှားရမ်းခ လုံးဝမရရှိပေ။

ကုမ္ပဏီက အများပြည်သူ အပန်းဖြေနားနေဇုန်ဖြစ်လာစေရန် လုပ်ငန်း ၄၁ ခု ဖော်ဆောင်ပေးရမည်ဖြစ်သော်လည်း ၂၀၁၆ အထိ ပြီးစီးသည့်လုပ်ငန်း ၂၆ ခုသာရှိခဲ့သည်။ ထိုနှစ်မှစ၍  ၂၀၁၈ စာရင်းစစ်ချုပ်အဖွဲ့ စစ်ဆေးချိန်အထိ သုံးနှစ်အတွင်း ကျန်လုပ်ငန်း ၁၅ ခုကို ကုမ္ပဏီက ဆက်လုပ်ဆောင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းစာရင်းစစ်အဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

အစိုးရက Natural World ကုမ္ပဏီထံမှ တစ်စတုရန်းပေလျှင် မြေငှားခ ၃၃၀ ကျပ်သာ ရနေချိန်တွင် ကုမ္ပဏီက တစ်ဆင့်အငှားချထားသည့် ရွှေတိဂုံစေတီအနောက်ဘက်မုခ်အနီး Myanmar Culture Valley အဆောက်အဦရှိ ဆိုင်ခန်း ၂၅ ခန်း၏ ပိုင်ရှင်များက တစ်စတုရန်းပေလျှင် ၁၉၀၀ ကျပ်နှုန်းဖြင့် ကုမ္ပဏီထံ ပေးသွင်းနေရသည်။

ထို့ပြင် နှစ်ပြည့်စာချုပ်ချုပ်တိုင်း ကုမ္ပဏီက ငှားရမ်းခတိုးတောင်းခြင်း၊ ကျပ်ငွေကောက်ခံရာမှ ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံခြင်းတို့ကြောင့် ထိုဆိုင်ခန်းပိုင်ရှင်များက ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီသို့ တိုင်ကြားခဲ့ဖူးသည်။

Natural World ကုမ္ပဏီက ပန်းခြံအတွင်း ဝင်လာသမျှလူများထံမှ တစ်ဦးလျင် ၃၀၀ ကျပ်နှုန်းဖြင့် ဂိတ်ပေါက်လေးခု ဆောက်လုပ်၍ ဝင်ကြေးကောက်သော်လည်း ထိုဂိတ်နေရာများအတွက် အစိုးရက မြေငှားခ လုံးဝမရပေ။

ရွှေတိုင်းရွှေပြည်ကုမ္ပဏီလုပ်ပိုင်ခွင့်ရထားသည့် မြေထဲမှ ၁ ဒဿမ ၈ ဧကကျော်အတွက်သာ မြေငှားရမ်းခ ကောက်ခံပြီး ကျန်သည့်မြေများအတွက်မူ ငှားရမ်းခ သတ်မှတ်ဖော်ပြထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေတိုင်းရွှေပြည်ကုမ္ပဏီသည် ၂၀၁၉ မှစ၍ ဆိုင်းငံ့ခံထားရကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်သူ့ဥယျာဉ် အလုံလမ်းဘက်တွင်ရှိသော စတုရန်းပေ ခြောက်သောင်းကျယ်သော မြေကို ပန်းချီအနုပညာပြခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းအတွက် ဦးအောင်ပြည့်စုံထံ တစ်စတုရန်းပေလျှင် ၁၆ ကျပ်သာသာဖြင့် ၂၀၁၃ မှစ၍ နှစ်သုံးဆယ် အငှားချထားသည်။

ဦးအောင်ပြည့်စုံသည် ကာလပေါက်ဈေးထက် အလွန်နည်းပါးသော နှုန်းဖြင့် ထိုမြေကို ၂၀၃၄ အထိ ရရှိထားသော်လည်း ဈေးပြိုင်ပေးသည့်စနစ်(တင်ဒါ)ဖြင့် ရယူခဲ့ခြင်း မဟုတ်ကြောင်း သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြထားသည်။

၁၆ ဧက အခမဲ့ 

ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သည့် ကန်တော်ကြီးထဲရှိ ၁၉ ဒဿမ ၁၁ ဧက ကျယ်သော ကရဝိတ်ဥယျာဉ်ကမ္ဘာကို လုပ်ငန်းရှင် ဦးခင်ရွှေပိုင်ဆိုင်သော ဇေကမ္ဘာကုမ္ပဏီက စစ်အစိုးရလက်ထက် ၁၉၉၉ မေလ( ၁) မှစ၍ နှစ် ၃၀ ငှားရမ်းလုပ်ပိုင်ခွင့်ရထားသည်။

ထိုမြေနေရာတွင် ကုမ္ပဏီအုပ်ချုပ်မှုအဆောက်အအုံနှင့် ဆိုင်ခန်း ၃၃ ခန်းအပါ လုပ်ငန်း ၁၀ ခု ဖော်ဆောင်ထားသည်။ သို့သော် အစိုးရက ဆိုင်ခန်း ၃၃ ခန်းနှင့် မျှော်စင်ကျွန်းအပါ မြေအကျယ် ၃ ဧကဖိုးသာ မြေငှားခရပြီး ကျန် ၁၆ ဧကကျော်အတွက်မူ မြေငှားရမ်းခ လုံးဝမရပေ။ ထို့ကြောင့် ထိုမြေနေရာ ၁၆ ဧကအတွက် အစိုးရက ငှားရမ်းခ နှစ်စဉ်ဆုံးရှုံးနေရသည့် ပမာဏမှာ ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်နီးပါး (၁,၃၈၁,၅၀၈,၅၀၀) ဖြစ်နေသည်။

ထိုသို့ အငှားချခြင်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ညွန်ကြားချက်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနက ဖြေရှင်းထားကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် ဒုမြို့တော်ဝန် ဦးစိုးလွင်က ကရဝိတ်ဥယျာဉ်အတွင်းရှိ စည်ပင်ဌာနပိုင်မြေများအတွက် မြေငှားခ ရယူနိုင်ရန် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် ဆွေးနွေးနေကြောင်း၊ ဆွေးနွေး၍ မရပါက ကုမ္ပဏီကို ဥပဒေလမ်းကြောင်းဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ အခု ဦးခင်ရွှေနဲ့ စကားပြောနေတယ်။ စကားပြောတဲ့ အဆင့်နဲ့ မရဘူးဆိုရင် အမှုလုပ်တာတွေ ဘာတွေ ဖြစ်လာမှာ”ဟု ဦးစိုးလွင်က ပြောသည်။

ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမင်းမောင်မောင်စိုးက ၎င်းတို့တွင် လုပ်ပိုင်ခွင့်စာချုပ်စာတမ်း ရှိနေသဖြင့် ဆက်လက်လုပ်ကိုင်ခွင့် ရလိမ့်မည်ဟု ယူဆနေသည်။ 

“စည်ပင်က တရားစွဲလာတယ်ဆိုရင်လည်း ကျွန်တော်တို့ကို ဘာနဲ့စွဲမှာလဲ၊ ဘယ်လိုစွဲမှာလဲပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ရပိုင်ခွင့် ခိုင်မာတယ်လို့ ယုံကြည်နေတယ်။ နိုင်ငံတော်ရဲ့ဥပဒေတွေက ဒီအချိန်မှာ ဘယ်လောက်ထိအောင် အားကောင်းနေသလဲပေါ့။ အဲ့ဒါကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”ဟု ၎င်းက ပြောသည်။

ကရဝိတ်ဥယျာဉ်မြေနေရာနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသည့် စာချုပ်သက်တမ်းမပြည့်မီ ၂၀၂၀ ဇန်နဝါရီလဆန်းတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ခဲ့သည်။

သို့သော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကန့်ကွက်ထားသဖြင့် တင်ဒါမဖွင့်ဖောက်သေးဘဲ ဆိုင်ငံ့ထားရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်က Myanmar Now ကို ပြောသည်။

ငှားရမ်းခ ဆုံးရှုံးခြင်း

မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာအပန်းဖြေဥယျာဉ်တွင် နိုင်ငံတကာအဆင့်မီ သဘာဝဥယျာဉ်ကြီးသဏ္ဍာန်ဖြစ်ပေါ်လာစေရန် ကုမ္ပဏီ ၈ ခုက ၂၀၁၃ ခုနှစ် မှစ၍ နှစ် ၆၀ လုပ်ပိုင်ခွင့်ရခဲ့သည်။ သို့သော်  ၅ နှစ်လျှင်တစ်ကြိမ် စာချုပ်ပြန်ချုပ်ဆိုရန် သတ်မှတ်ထားကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို ကုမ္ပဏီ (၈) ခုမှာ Max Myanmar Group, Eden Group, Inya Palace, Magic Land, Nay La Pwint Services, MGS Resort and Entertainment, Good Shan Brothers နှင့် Ryuji တို့ ဖြစ်သည်။

မြေအကျယ် ၄၂ ဒဿမ ၂၄၀ ဧကရှိသော မြကျွန်းသာအပန်းဖြေဥယျာဉ်အတွက် အစိုးရက ၂၀၁၅တွင် တစ်စတုရန်းပေအတွက် တစ်လမြေငှားရမ်းခ ၂၅ ကျပ်ရပြီး ၂၀၁၆  တွင် ၂၈ ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့သည်။

စာရင်းစစ်ချုပ်အစီရင်ခံစာတွင် မြေစတင်ငှားရမ်းချိန်ကရသည့် နှုန်းထားကို ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း အထက်ပါ (၂)နှစ်အတွက် ရရှိခဲ့သည့် မြေငှားရမ်းခပေါင်းမှာ ကျပ်သိန်း ၁၁,၀၀၀ ကျော်ရုံသာရှိသည်။

ပန်းခြံများအငှားချရာတွင် အမြင့်ဆုံးနှုန်းဖြစ်သည့် တစ်စတုရန်းပေအတွက် မြေငှားခ တစ်လ ၃၃၀ နှုန်းနှင့်တွက်လျှင်ပင် နိုင်ငံက ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် နှစ်စဉ်နစ်နာနေသည်။

ထို့ပြင် ကုမ္ပဏီ ၈ ခုအနက် စာချုပ်ပါစည်းကမ်းချိုးဖောက်သည့် ကုမ္ပဏီအချို့ရှိလာသဖြင့် ထိုစီမံကိန်းတစ်ခုလုံးကို မြို့တော်စည်ပင်အမိန့်ဖြင့် ၂၀၁၆ တွင် ရပ်ဆိုင်းခဲ့သည်။ မြေငှားရမ်းခကောက်ခံခြင်းကိုလည်း ၂၀၁၇ တွင် ရပ်ဆိုင်းခဲ့သဖြင့် ထိုနှစ်မှစ၍ အစိုးရက မြေငှားခလုံးဝမရရှိတော့ပေ။

ကုမ္ပဏီများ စတင်ငှားရမ်းချိန်က ပန်းခြံအဆင့်မြှင့်တင်ရန်ဟု အကြောင်းပြထားသော်လည်း လက်တွေ့တွင်မူ ပြည်သူများ အပန်းဖြေနိုင်ရန်ထက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်သာ ငှားရမ်းထားခြင်းဖြစ်ကြောင်း ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာက ထောက်ပြထားသည်။

စာချုပ်စည်းကမ်းဖောက်သဖြင့် မြကျွန်းသာဥယျာဉ်စီးမံကိန်းတစ်ခုလုံး ရပ်ဆိုင်းလိုက်သည့်တိုင် ကုမ္ပဏီသုံးခုက ဝင်ငွေရစီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း စာရင်းစစ်အဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

စာချုပ်စည်းကမ်း မလိုက်နာသည့် ဖူးပွင့်စံကုမ္ပဏီ 

ဖူးပွင့်စံကုမ္ပဏီသည် မြောက်ဥက္ကလာပမြို့နယ်ရှိ ၉ ဒဿမ ၈ ဧကကျယ်သော ကန်သာယာပန်းခြံကို နိုင်ငံတကာအဆင့်မီပန်းခြံအဖြစ် အဆင့်မြင့်တင်ရန် ၂၀၁၄ မှ စ၍ ၂၅ နှစ်တာ လုပ်ပိုင်ခွင့်ရခဲ့သည်။ ကုမ္ပဏီက ကစားကွင်း၊ ရုပ်ရှင်ရုံ၊ ဆိုင်ခန်း၊ စားသောက်ခန်း၊ အပန်းဖြေကစားနည်းနှင့် အဆင့်မြင့်ကစားနည်း (၃၀) မျိုးကို ဖော်ဆောင်ပေးရမည်ဖြစ်သည်။ 

သို့သော်လည်း ကုမ္ပဏီက ထိုမြေနေရာတွင် မြန်မာနိုင်ငံရှိ ထိပ်တန်းလက်လီအရောင်းဆိုင်တစ်ခုဖြစ်သည့် စိန်ဂေဟာ (Sein Gay Har) ကုန်တိုက်ခွဲတစ်ခုနှင့် ရုပ်ရှင်ရုံတစ်ခုအပါအဝင် စားသောက်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများကို တဆင့်ပြန်လည်အငှားချထားလိုက်သည်။

စာချုပ်ပါစည်းကမ်းအတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိသည့် ဖူးပွင့်စံကုမ္ပဏီကို မြို့တော်စည်ပင်က ကျပ်သိန်း ၁၀၀ ဒဏ်ရိုက်ခဲ့သည်။  ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ရာ ခွင့်မပြုခဲ့ကြောင်း မြို့တော်စည်ပင်က ဆိုသည်။

ထို့ကြောင့် ကုမ္ပဏီကို တရားမကြောင်းအရ အရေးယူနိုင်ရန် ၂၀၁၉ ဧပြီလတွင် ထပ်ဆင့်တင်ပြခဲ့သော်လည်း ယနေ့အထိ နောက်ဆုံးအခြေအနေကို မသိရသေးကြောင်း ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောသည်။ 

ထိုမြို့နယ်ရှိ လူထုက ‘မြောက်ဥက္ကလာပ ကန်သာယာပန်းခြံ ပြန်လည်ရရှိရေးလှုပ်ရှားမှုကော်မတီ’ ဖွဲ့စည်း၍ အများပြည်သူပိုင်နေရာအဖြစ် ပြန်လည်ရရှိရေးအတွက် ၂၀၁၄ မှစ၍ စဉ်ဆက်မပြတ် လှုပ်ရှားလာကြသည်။

ကော်မတီက ပန်းခြံမြေနေရာတွင် ကုန်တိုက်ဆောက်လုပ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ကန်သာယာပန်းခြံပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ဒီဟာတွေက နိုင်ငံတော်ဝင်ငွေရှာရမယ့် နေရာတွေမဟုတ်ဘူး။ အရင်အစိုးရပဲဖြစ်ဖြစ် အခုအစိုးရပဲဖြစ်ဖြစ် မည်သည့်အစိုးရပဲဖြစ်ဖြစ်၊ Public Area သည် Public ကို ဝန်ဆောင်မှုပေးရတာပဲဖြစ်ပြီးတော့ အခွန်ကောက်ရမယ့်နေရာ မဟုတ်ဘူး” ဟု ကော်မတီခေါင်းဆောင်ဖြစ်သူ မြောက်ဥက္ကလာပမြို့နယ် ဒေသခံ ကိုသန်းအောင်က ပြောသည်။

ပန်းခြံပြန်ရရေးကော်မတီ၏ လှုပ်ရှားမှုများအပြီး အစိုးရ၊ ကုမ္ပဏီ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေးခဲ့ရာ ကုမ္ပဏီက ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထားရှိသည့် မြေနေရာ၊ အများပြည်သူသုံး သောက်ရေကန်ပါရှိသည့် မြေနေရာတို့အပါအဝင် စီမံကိန်းမြေနေရာအချို့ကို စည်ပင်ဌာနသို့ ပြန်လည်အပ်နှံခဲ့သည်။

အစိုးရ သတ်မှတ်စျေး ကုမ္ပဏီ ငြင်းဆို

သာကေတမြို့နယ်ရှိ ၁၈ ဒဿမ ၆၃ ဧကကျယ်သော ရှုခင်းသာအပန်းဖြေဥယျာဉ်ကို Media One ကုမ္ပဏီက ၂၀၁၃ မှစ၍ ၄၅ နှစ်အကြာ လုပ်ပိုင်ခွင့်ရရှိထားသည်။

ထိုမြေ တစ်စတုရန်းပေအတွက် တစ်လ ၇ ကျပ်နီးပါးဖြင့် ကုမ္ပဏီက ၄ နှစ်အကြာအထိ လုပ်ပိုင်ခွင့်ရခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၈ စာချုပ်ပြင်ဆင်ချိန်တွင် မြေငှားခနှုန်းကို ပြင်ဆင်တိုးကောက်ခဲ့သည်။

တစ်နှစ်လျင် ကျပ်သိန်း ၆၇၀ ရခဲ့ရာမှ NLD အစိုးရလက်ထက်တွင် ကျပ်သိန်း ၃၀၀၀ ဖြင့် စာချုပ်သစ် ပြောင်းလဲချုပ်ဆိုခဲ့သည်။

Media One ကုမ္ပဏီက ထိုပမာဏဖြင့်ပေးရန် သဘောတူခဲ့သော်လည်း ငှားခ သုံးလပေးပြီးနောက် ဆက်လက်ပေးသွင်းခြင်းမပြုတော့ဘဲ နှုန်းထားပြင်ဆင်ပေးရန် တစ်နှစ်အတွင်း ခြောက်ကြိမ်အထိ တင်ပြခဲ့သဖြင့် မြေငှားရမ်းခ ဆက်မရတော့ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင်‌ ဖော်ပြထားသည်။

ကုမ္ပဏီက ထိုမြေတွင် ရန်ကုန်မြို့၏ တစ်ခုတည်းသော Waterboom ရေကစားကွင်းကို တည်ဆောက်ထားပြီး လျှော့ကောက်သည့် နှုန်းထားအရ ကစားကွင်းဝင်ကြေးအဖြစ် လူကြီးတစ်ဦး ၁၅၀၀၀ နှင့် ကလေးတစ်ဦး ၇၀၀၀ ကျပ် သတ်မှတ်ထားသည်ဟု ကုမ္ပဏီက ဇန်နဝါရီ ၆ တွင် ကြေညာထားသည်။ 

ရှုခင်းသာအပန်းဖြေဥယျာဉ် အဆင့်မြင့်တင်ရေးအတွက် ကုမ္ပဏီက အမေရိကန် ဆယ်သန်း(ကျပ် ၁၃ ဘီလီယံကျော်) ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်း ၂၃ ခု ဖော်ဆောင်ရမည်ဖြစ်သည်။ သို့သော် ၂၀၁၈ စာရင်းစစ်ဆေးချိန်အထိ ကစားနည်းအသစ်ဖော်ဆောင်ခြင်းနှင့် အခြားလုပ်ငန်းအချို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ပွင့်လင်းမြင်သာမှု မရှိ၍ အစိုးရ နစ်နာ

ပန်းခြံများကို ငှားရမ်းရာတွင် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ခြင်းမရှိဘဲ နီးစပ်ရာ လုပ်ငန်းရှင်များကို လက်သိပ်ထိုးပေးခဲ့သည်ဟု ယခင်အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့ကို စွပ်စွဲဝေဖန်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ယခု ဒုသမ္မတဖြစ်နေသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက ထိုပန်းခြံကိစ္စ မြေငှားရမ်းခြင်များသည် ၎င်းတွင် တာဝန်မရှိကြောင်း Myanmar Now ကို ငြင်းဆိုထားသည်။

“ကျွန်တော်တို့က ပတ်သက်တယ်ဆိုရင်တော့ ကျွန်တော်က ခေါင်းမရှောင်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်တဲ့ဟာပဲ ကိုယ်တာဝန်ယူရမှာပေါ့။ လုပ်ရဲရင် ခံရဲရမှာပေါ့။ ကျွန်တော်တို့က စစ်သားပဲလေ။ ဘာမှမကြောက်ဘူး” ဟု ဦးမြင့်ဆွေက ပြောသည်။    

ပန်းခြံမြေငှားရမ်းခြင်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် နစ်နာမှုပေါ်ပေါက်နေခြင်းဖြစ်၍ ပွင့်လင်းမြင်သာစွာ ပြင်ဆင်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တိုင်းစာရင်းစစ်ချုပ်အဖွဲ့က အကြုံပြုထားသည်။

“ဒီစာချုပ်တွေက ကျွန်တော်တို့ အစည်းအဝေးမှာတော့ တက်လာတယ်။ အဲ့ဒါတွေက အရင်အစိုးရလက်ထက်က စာချုပ်နဲ့ငှားခဲ့တာ။ စာချုပ်မပြည့်သေးဘူးဆိုရင် ကျွန်တော်တို့လည်း ဘာမှလုပ်မရဘူး”ဟု ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောသည်။ 

သို့သော် ကုမ္ပဏီများထံ မြေငှားရာတွင် နှစ်စဉ်မြေငှားခကို ဆိုင်တည်နေရာ၏ ခေတ်ကာလပေါက်ဈေး၊ မြေငှားရမ်းခအပေါ် မူတည်၍ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်နိုင်ကြောင်း ပန်းခြံမြေငှားစာချုပ်အချို့တွင် တွေ့ရသည်။

အများပြည်သူနှင့် သက်ဆိုင်သော ပန်းခြံများကို အငှားချရာမှ ရနေသည့် မြေငှားခမှာ လွန်စွာနည်းပါးသည့်အပြင် ပြည်သူ့အတွက် အပန်းဖြေနေရာ တဖြည်းဖြည်းလျော့နည်းလာသဖြင့် ပြန်လည်ရယူနိုင်ရေးအတွက် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပေါ်ပေါ်ထင်ထင်ပြောဆိုလာကြသည်။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အများပြည်သူပိုင်ပန်းခြံများ လုံလုံလောက်လောက်မရှိခြင်းက ကိုဗစ်နိုင်တင်းကပ်ရောဂါကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံရချိန်တွင် အစိုးရ၏ စီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုဖြစ်ပေါ်စေသည်ဟု ဆိုသည်။

“လူတွေက သူတို့ရဲ့ စိတ်ကော လူကော အရမ်းမွန်းကျပ်နေကြတဲ့အချိန်မှာ ခဏတဖြုတ်တော့ သွားပြီးတော့ လေရှူချင်တာမျိုး၊ ထိုင်ချင်တာမျိုးလည်း ရှိကောင်းရှိနိုင်တယ်။ ပြဿနာက စည်းကမ်းထိမ်းသိမ်းမှုအပိုင်းမှာ အရမ်းအခက်အခဲဖြစ်ရတယ်” ဟု ဒေါ်ကြည်ပြာက ပြောသည်။

မြေငှားရမ်းခ နှုန်းထားများ ပြန်လည်ပြင်ဆင် ချုပ်ဆိုနိုင်ရန် ပန်းခြံများတွင် လုပ်ကိုင်ခွင့်ရထားသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

ရန်ကုန် ပန်းခြံငှားရမ်းခများ ကာလပေါက်စျေးအတိုင်း ရရှိနိင်ရန် လွှတ်တော်အတွင်းမှ ကြိုးပမ်းမှုများရှိသော်လည်း တာဝန်ယူရမည့်သူများဘက်က ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

“စည်ပင်ကို ပြောလိုက်ရင် အစိုးရကို ပုတ်ထုတ်မယ်။ အစိုးရကို ပြောလိုက်ရင် စည်ပင်ကို ပုတ်ထုတ်တယ် ဆိုလို့ရှိရင် အဲ့ဒီ ကက်ဘိနက်အစည်းအဝေးတွေက ဘာအတွက်လုပ်နေတာလဲ” ဟု ဒေါ်စန္ဒာမင်းက ပြောလိုက်သည်။

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကလေးမြို့၌ မတ် ၁၇ ရက်က တာဟန်းသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်ဆက်တွဲပစ်ခတ်မှုများကြောင့် ၃ ဦးထပ်မံသေဆုံးခဲ့ရသည်

Published on Mar 18, 2021
စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးသူတစ်ဦးကို ဝိုင်းဝန်းသယ်ယူစဉ်။  

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ယမန်နေ့ (မတ် ၁၇) တွင် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များပစ်ခတ်မှုကြောင့် လူငယ် ၄ ဦးသေဆုံးပြီး သေနတ်ဒဏ်ရာရရှိထားသူ ၅ ဦးလည်း ဖမ်းဆီးခံထားရသည်ဟု မြို့ခံများက ပြောသည်။ 

ကလေးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး တာဟန်းသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များက နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်ဖြိုခွင်းရာ လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ 

ထိုသို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် ထွက်ပြေးသူများကို လက်နက်ကိုင်များက လိုက်လံပစ်ခတ် ခဲ့ရာ လမ်းသွားလမ်းလာတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည်။ ထိုသို့ ပစ်ခတ်မှုများရှိသော်လည်း ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့သည်။

ညနေ ၄ နာရီအချိန်တွင် ထိုဆန္ဒပြသူများ ပစ်ခတ်ဖြိုခံခဲ့ရပြီးနောက် အရပ်သားလူငယ်နှစ်ဦး ထပ်မံသေ ဆုံးခဲ့သည်။ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်ရှောင်သွားကြသည့် ပြည်သူများကို စစ်ကောင်စီ လက်နက် ကိုင်များက လမ်းကြိုလမ်းကြားများအထိပါ လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မနက်ပိုင်းမှာ သပိတ်ခွဲလိုက်တယ်။ သပိတ်မှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့တစ်ယောက်က မနက်ပိုင်းမှာ သေသွားတယ်။ ဆိုင်ကယ်စီးလာတဲ့သူက ကမ္ဘောဇဘဏ်ရှေ့မှာ အပစ်ခံရတာ။ သူလည်းသေသွားတယ်။ ညနေပိုင်းမှာ နှစ်ယောက်ထပ်သေတယ်။ သူတို့က သပိတ်စစ်ကြောင်းထဲမှာပါတယ်။ သပိတ်စစ်ကြောင်းဖြိုခွင်းခံရတော့ အဲဒီနှစ်ယောက်က အတားအဆီးတွေလုပ်နေတဲ့အချိန်မှာ အပစ်ခံရတာ။ ပိတ်မိနေတဲ့လူတွေကို စစ်တပ်က လိုက်ပစ်နေလို့ အတားအဆီးဖြစ်အောင်လုပ်ရင်းနဲ့ အပစ်ခံရတာ” အဆိုပါမြို့ခံက ပြောသည်။

သေဆုံးသူများအနက် အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျန်ကျဲအို၊ ကလေး ၃ ဦးဖခင်ဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဦးကျင်ခန့်မာန်တို့ကိုသာ သိရသေးပြီး ကျန်နှစ်ဦးနှင့် ပတ်သက်၍ မည်သူမည်ဝါ မသိရသေးပေ။ 

ယမန်နေ့က ကလေးမြို့၌ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူငယ် ၄ ဦးသေဆုံးခဲ့သည့်အပြင် ဖမ်းဆီးခံရသူ ၅ ဦးသည်လည်း သေနတ်ဒဏ်ရာရရှိထားပြီး အခြေအနေအသေးစိတ်ကိုမူ မသိရသေးကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။  

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မလေးခုဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌကို အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ အပါအဝင် အခြားအမှုများဖြင့်ပါ အရေးယူနိုင်ရေး ဆင့်က...

Published on Mar 18, 2021
စေပိုင်ကုမ္ပဏီ၏ ဆောက်လုပ်ခဲ့သည့် အစိုးရအိမ်ရာစီမံကိန်း ဖွင့်ပွဲတစ်ခုတွင် စီးပွားရေးလုပ်ငန်း ရှင်မောင်ဝိတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အနီး၌ တွေ့ရစဉ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီက ယမန်နေ့ (မတ် ၁၇) တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားသည်ဆိုသော အာဏာသိမ်းစစ်ကောင်စီ၏ ဇာတ်လမ်းကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အစဖော်ပေးလိုက်ခြင်းဖြစ်သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်မှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျဖူးသူ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် အလွန်နီးစပ်ခဲ့သူ မောင်ဝိတ်ဖြစ်သည်။ 

၂၀၁၈ ခုနှစ် ၂၀၂၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင် တွေ့ဆုံရာ၌ စက္ကူအိတ်အတွင်း ဒေါ်လာများထည့်၍ ပေးအပ်ခဲ့ဖူးကြောင်း စုစုပေါင်း  အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ရှိကြောင်း စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်၏ထွက်ဆိုချက်ကို စစ်ကောင်စီက ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီလိုပေးတဲ့အချိန်တွေမှာ အနားမှာ ဘယ်သူမှမရှိပါဘူး” ဟုလည်း အဆိုပါ ရုပ်သံဖိုင်တွင် မောင်ဝိတ်က ပြောသည်။ 

မောင်ဝိတ်သည် ယခင်စစ်အစိုးရလက်ထက်တွင် အာဏာရှိ ဗိုလ်ချုပ်အချို့နှင့် ရင်းနှီးကျွမ်းဝင် ပတ်သက်ခဲ့သည့်အပြင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် နီးစပ်ခဲ့သူဖြစ်သည်။

မောင်ဝိတ်သည် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင် ၁၅ နှစ်ချခံခဲ့ရပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။

ထောင်မှထွက်ထွက်ချင်း ဆောက်လုပ်ရေးကုမ္ပဏီတည်ထောင်ကာ အဆက်အသွယ် ဗိုလ်ချုပ်ဟောင်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ မောင်ဝိတ်၏ အိမ်ထောင်ဖက်မှာ ယခင်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဒုသမ္မတဦးမြင့်ဆွေ၏ တူမဖြစ်သူ ဖြစ်သည်။ 

NLD အစိုးရ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၆ သိန်းနှင့် ရွှေ ၇ ပိဿာ ပေးခဲ့သည်ဟုလည်း အာဏာသိမ်းစစ်ကောင်စီက မတ် ၁၁ တွင် ထုတ်ပြန်ခဲ့သည်။ ဦးဖြိုးမင်းသိန်းကထွက်ဆိုသည်ဆိုသော ထိုထုတ်ပြန်ချက်တွင် မည်သည့်အတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ မပါရှိခဲ့ပေ။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ “ဘုရား(ထာဝရငြိမ်းချမ်းရေးစေတီ)တည်ဖို့ လှူတဲ့ကိစ္စ တွေပါ။ ဒါကို မတော်မတရား အမှုတပ်၊ အများ အမြင်လွဲအောင်လုပ်နေပေမယ့် ဘယ်သူက ဘာလဲဆိုတာ လူထုက ရှင်းရှင်းလင်းလင်းသိပြီးသားပါ။ ပြော နေစရာကို မလိုဘူး”ဟု NLD ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက Myanmar Now ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ထူထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လရောင်တောစီမံကိန်းများကြောင့် တိုင်းပြည်ဘဏ္ဍာငွေအတွက် နစ်နာမှုရှိကြောင်းလည်း စွပ်စွဲထားသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်အတွက် မြေအသုံးပြုရာတွင် ငှားရမ်းခများမှာ ခေတ်ကာလပေါက်ဈေးဖြင့် မလျော်ညီသဖြင့် ပုဂ္ဂလိကပေါက်ဈေး၊ အခွန်စည်းကြပ်မှု နှုန်းထားများအရဆိုလျှင် ကျပ် ၁ ဘီလျံနှင့်အထက် နိုင်ငံဘဏ္ဍာဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲ ထားသည်။ 

ထို့အတူ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွက် တစ်ဧဏ ကျပ်သိန်း ၅၀ နှုန်းဖြင့် ဝယ်ယူခဲ့မှု ကြောင့်လည်း စီမံကိန်းကုန်ကျငွေ ကျပ် ၁၈ ဘီလျံကျော် သက်သာရာရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နှင့် နောင်တစ်ချိန်၌ ပြတိုက်အဖြစ်သုံးရန် ထည့်သွင်းတည်ဆောက်မှုမှာလည်း စီမံကိန်း ရည်ရွယ်ချက်နှင့် သက်ဆိုင်မှုမရှိ၍ အသေးစိတ်ဆက်လက်စစ်ဆေးဦးမည်ဟု စစ်ကောင်စီက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မလေးခုဖြင့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် အမှုတရားစွဲဆိုထားပြီးလည်းဖြစ်သည်။

ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ် ကြီးပုဒ်မ  ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့်ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ အနီးကပ် လုံခြုံရေး တပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင် တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။ 

ထို့အတူ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေဖြင့်ပင် တွေ့ခွင့်မပေးသေးပေ။

“လာမယ့်ရုံးချိန်း (မတ် ၂၄)မှာ Video Conferencing နဲ့ပဲတွေ့ရဖို့များတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ဖက်မှ အမှုလိုက်ပါဆောင်ရွက်ရန် အာဏာသိမ်းစစ်ကောင်စီက ခွင့်ပြုထားသူတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် လူငယ်ရှေ့နေများဖြစ်သည့် ဦးယုယချစ် နှင့်ဒေါ်မင်းမင်းစိုးတို့ကိုသာ ရှေ့နေလိုက်တရားဝင်ရရန်ဆောင်ရွက်ပေးထားပြီး ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်နှင့် ဦးကြည်ဝင်းတို့ အမှုလိုက်ခွင့် ကိုယ်စားလှယ်လွှဲစာရရန် လျှောက်ထားမှုကိုမူ လျစ်လျူရှုထားဆဲဖြစ်သည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading