ရွေးကောက်ပွဲ

အာဏာသိမ်းရန်ခြိမ်းခြောက်မှုနှင့်အတူ တပ်မတော်သံချပ်ကာယာဉ်တချို့ လမ်းပေါ်ရောက် 

တပ်မတော်က ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်နေသည်ဟု ပြောဆိုနေသည့်အပြင် အာဏာသိမ်းတော့မယောင် စကားဦးသန်းလာမှုကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေချိန်တွင် တပ်မတော်သံချပ်ကာယာဉ်တချို့ ရန်ကုန်နှင့် တချို့မြို့များတွင် လမ်းပေါ်ထွက် မောင်းနှင်ခဲ့သည်ကို တွေ့ရှိရသည်။ 

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်းအနီးတွင် ယနေ့ (ဇန်နဝါရီ ၂၈) နေ့လယ်ပိုင်းက တပ်မတော်သံချပ်ကာယာဉ်တချို့ ဖြတ်သန်းမောင်းနှင်ခဲ့သည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့ခံအချို့က ဆိုသည်။ 

“နေ့လယ် ၃ နာရီလောက်ကပါ။ ကျွန်တော်က တက္ကစီထဲမှာရှိတဲ့အချိန်၊ ကားတွေပိတ်နေလို့ ဘာဖြစ်တာလဲဆို ကြည့်လိုက်တော့ သံချပ်ကာ စစ်ကားနှစ်စီးကို တွေ့တယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ကိုဇော်အောင်က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်း၌လည်း ယနေ့ နံနက်ပိုင်းက တပ်မတော် အမှတ် ၅၀၁၄၏ တင့်ကားတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စန်းနောင်ဦး ဦးဆောင်၍ သံချပ်ကာယာဉ်များ စစ်ဆေးမောင်းနှင်ခဲ့ကြောင်း ပြည်ထောင်စုနေ့စဉ်သတင်းစာ၏ Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

တပ်မတော် ၅၀၁၄ တင့်ကားတပ်ရင်းသည် အုပ်ချုပ်မှုမော်တော်ယာဉ်တစ်စီး၊ T-92  သံချပ်ကာ မော်တော်ယာဉ်နှစ်စီး၊ လုံခြုံရေးမော်တော်ယာဉ်တစ်စီးတို့ကို ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိ ဗန်းမော်မြို့အတွင်း စမ်းသပ်စစ်ဆေးမောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် သတင်းစာက ဆိုသည်။

အဆိုပါ တင့်ကားတပ်ရင်းသည် ဇန်နဝါရီ ၂၇ ရက်ကလည်း ကင်းထောက်မော်တော်ယာဉ်နှစ်စီးကို စမ်းသပ်မောင်းနှင်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင်လည်း ယမန်နေ့က ၆၀၀၆ တင့်ကားတပ်ရင်းမှ တင့်ကားများ မြို့တွင်းဖြတ်သန်းမောင်းနှင်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှိုင်မြင့်ဟန်က Myanmar Now ကိုပြောသည်။

ကျင်းပပြီးစီးခဲ့သော ၂၀၂၀ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်ခြေများစွာရှိသည်ဟု တပ်မတော်က ခိုင်မာသည့် အထောက်အထားများမရှိဘဲ စွပ်စွဲ၍ ပြည်ထောင်စုအဆင့်လွှတ်တော်အသစ်မစတင်မီ ရက်ပိုင်းအလိုတွင် “အာဏာမသိမ်းဟု မမှတ်ယူနိုင်” ဟုပင် ဇန်နဝါရီ ၂၆ က နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က ထုတ်ဖော်ပြောကြားခဲ့သည်။ 

ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်း ယနေ့ နံနက်ပိုင်းက တပ်မတော်သံချပ်ကာယာဉ်များ စစ်ဆေးမောင်းနှင်ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေအားလုံး၏ Mother Law ဖြစ်ပြီး လေးစားလိုက်နာဖို့လိုကြောင်း၊ မလေးစား၊ မလိုက်နာလျှင် အခြေခံဥပဒေကို ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း တပ်မတော်က ယမန်နေ့တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်များသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ယင်းနေ့မတိုင်မီ ရက်ပိုင်းအလိုတွင် မန္တလေး၊ စစ်ကိုင်းတို့တွင်လည်း တပ်မတော်တင့်ကားများကို မြို့အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသည်ကို တွေ့ရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှုနှင့် မသမာမှုများ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားနေသည့်နည်းတူ တပ်မတော်ကလည်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးချက်များကို ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။

ထို့အပြင် မြို့နယ်အချို့တွင် မဲမသမာမှုဖြစ်နိုင်ခြေများစွာရှိသည်ဟု ခိုင်မာသည့်အထောက်အထားများမရှိဘဲ စွပ်စွဲထုတ်ပြန်နေသည့် တပ်မတော်ကို ထောက်ခံဆန္ဒပြပွဲများလည်း ခပ်စိပ်စပ်ပေါ်ပေါက်လျက်ရှိသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံရှေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်းနှင့် တပ်မတော်ကိုထောက်ခံကြောင်း ဇန်နဝါရီ ၂၇ တွင် ချီတက်ဆန္ဒပြခဲ့သူအချို့ကို ခွင့်ပြုချက်မဲ့ ဝန်းရံသူ ၃၀ ခန့်က ပါဝင်ပူးပေါင်းခဲ့ပြီး ၎င်းတို့ချီတက်ဆန္ဒပြရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ 

Show More

Related Articles

Back to top button