“ထောင်ချောက်ထဲကို ဝင်မိတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သတိပြုရမယ်” 

နိုင်ငံရေးအခြေအနေ အကဲဆတ်ချိန်တွင် မိမိ၏ရပ်တည်ချက်ကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ ဖော်ပြသင့်ပြီး လမ်းပေါ်ထွက် ပဋိပက္ခဖြစ်မှုမျိုးကို သတိထားရှောင်ရှားကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်သည်

Published on Jan 28, 2021

တပ်မတော်အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း ပြောကြားပြီး နောက်တစ်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြောလာသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲရလဒ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ်အနိုင်ရပြီးနောက် တပ်မတော်က မဲစာရင်းမှားယွင်းမှု၊ မဲမသာမှုဖြစ်နိုင်ခြေများရှိသည်ဟု တောက်လျှောက် ထုတ်ဖော်ပြောဆိုနေသည့်အပြင် နိုင်ငံရေးအကြပ်အတည်းအဖြစ် ရည်ညွန်းပြောဆိုလျက် အာဏာသိမ်းတော့မယောင် စကားသန်းလျက်ရှိသည်။ 

အဆိုပါအခြေအနေများနှင့် စပ်လျဉ်း၍ စစ်အာဏာရှင်ကို အကြမ်းမဖက်သည့် နည်းဖြင့် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ အံတုခဲ့သူလည်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က Myanmar Now ကို ပြောကြားထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Myanmar Now။     ။ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ အာဏာမသိမ်းဘူးလို့ ပြောလို့မရဘူးလို့ ခြိမ်းခြောက်သွားတာရှိပါတယ်။ ကိုမင်းကိုနိုင် ဘယ်လိုများရှုမြင်ပါသလဲ။

ဖြေ။ ။ ခြိမ်းခြောက်တာတွေကတော့ အခုမှဟုတ်ဘူးဗျာ။ ဒါကတော့ အားလုံးပြန်ကြည့်ရင်သိတာပဲ။ ခြိမ်းခြောက်မှုတွေ များစွာရင်ဆိုင်ခဲ့ရပါတယ်။ ပုံသဏ္ဌာန်မျိုးစုံပဲဗျ။ ဥပမာဆိုပါတော့ဗျာ ရွေးကောက်ပွဲနီးတုန်းက ဗုံးတွေခွဲပြတဲ့သူတွေ ခွဲပြခဲ့တာပဲလေဗျာ၊ ဒါ ခြိမ်းခြောက်ခံရတာပေါ့ဗျ။ ဒီကြားထဲကပဲ သတ္တိမွေးပြီးတော့ ကျွန်တော်တို့ မဲရုံသွားခဲ့ကြတာပဲ။ အဲဒီလိုပဲ ကူးစက်ရောဂါ ကပ်ရောဂါကြီး(ကိုဗစ်နိုင်တင်း)ကလည်း ခြိမ်းခြောက်တာပဲ၊ ဒါလဲ ကျွန်တော်တို့ မဲရုံရောက်အောင် သွားခဲ့ကြတာပဲ။ အဓိကကတော့ ရောက်အောင်သွားဖို့ပဲ။ ရောက်အောင်ပဲသွားရမှာပဲ။ ပုံသဏ္ဌာန်ဆိုတဲ့အရာတွေ ကျွန်တော်မပြောဘူး။ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုတော့ ကျွန်တော် သေသေချာချာစဉ်းစားနေတယ်။ 

တိုင်းပြည်မှာအရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်း ပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ၊ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြေမပြတ်စေချင်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာလား၊ လက်မခံဘူးလား၊ လက်ခံလား အဲဒီမေးခွန်းက အရေးအကြီးဆုံးပဲ။ မဲဆန္ဒပေးခဲ့တဲ့ပြည်သူတွေ ဒီလောက် အန္တရာယ်တွေကြားထဲက မဲရုံသွားခဲ့တဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို လေးလေးစားစား လိုက်နာမှာလားဆိုတာ ဒါနံပါတ်တစ် အရေးအကြီးဆုံးပဲဗျ။ ကျွန်တော် အဲဒါကို မျက်ခြေပြတ်မခံစေချင်ဘူး။ အဲဒီလုပ်ငန်းစဉ် သုံးခုကို ပြီးပြတ်အောင်မြင်အောင် လုပ်စေချင်တယ်။

ဒီကနေ့မှာဖြစ်ပျက်နေတဲ့ အရာမှန်သမျှက အဲဒီလုပ်ငန်းစဉ်တွေကို ထိခိုက်စေချင်တာလား။ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ချင်တာလား။ ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်၊ ကျန်တဲ့ကိစ္စတွေကို ပြောမယ်ဆိုတာလား။ ကျွန်တော် အဲဒါကို ရှင်းရှင်းလင်းလင်းလိုချင်တာဗျ။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လို့ ကျွန်တော်နားလည်တယ်။

Myanmar Now။ ။ ဇန်နဝါရီ ၂၇ မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိကြီးတွေကို အင်တာနက်ကနေ မိန့်ခွန်းပြောဆိုရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရေးကြီးတယ်၊ ဒါပေမယ့် မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်လိုက်လို့ရတယ် ဆိုတာမျိုးပါတယ်။ အားလုံးသိချင်တဲ့ကိစ္စကတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်ထူးခံတွေရထားတဲ့ ဒီအခြေအနေကို စွန့်စားပြီးတော့ ဖျက်နိုင်ခြေရှိမရှိ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ရှင်းတယ်လေ၊ ကမ္ဘာကြီးက ဘယ်လိုလက်ခံမလဲ၊ ပြည်သူတွေက ဘယ်လိုလက်ခံမလဲ၊ ဘယ်အရာကို လက်ခံမလဲပေါ့။ တရားဝင်ကိုယ်စားပြုမှု အပ်နှင်းခံထားရတဲ့သူတွေနဲ့ ဖွဲ့ထားတဲ့အစိုးရ ဒါတရားဝင်အစိုးရ၊ အဲဒီလိုမှမဟုတ်ဘဲနဲ့ လက်နက်ကိုင်ပြီး ကြေညာပြီးတော့ လက်နက်နဲ့ပဲ အာဏာယူပြီးတော့ အစိုးရကြေညာမယ်ဆိုရင်တော့ စစ်အာဏာရှင်အစိုးရပေါ့။ ဒါဘယ်လိုမှ တရားမဝင်ဘူး။ နောက်တစ်ခုက အဲဒီဟာနဲ့ ဘယ်လိုဆက်ပြီးတော့ လည်ပတ်မှာလဲပေါ့၊ တိုင်းပြည်က။ ခုနပြောတဲ့ အင်စတီကျူးရှင်းတွေ ဘယ်လောက်ပျက်စီးသွားမှာလဲ။ ဒါတော့ ဘယ်သူမှမပြောနိုင်ဘူး။ ကျွန်တော်တို့ ပြည်သူတွေဘက်ကြည့်ရင်တော့ အာဏာသိမ်းတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ အဆန်းတကျယ်မဟုတ်ဘူးဗျ။ မကောင်းဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် အဆန်းတကြယ်မဟုတ်ဘူး။

Myanmar Now။ ။ အာဏာသိမ်းပြီဆိုရင် လူအများအပြားကိုလည်း ဖမ်းဆီးမယ်၊ နှိပ်ကွပ်မယ် ဒါမျိုးတွေလည်း လုပ်လာနိုင်တယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဆိုးရွားနိုင်တယ်လို့ တွေးထားနိုင်မလဲ။

ဖြေ။ ။ အဲဒီလိုဆိုးရွားတဲ့အခြေအနေတွေကို မရောက်အောင် ကျွန်တော်တို့ ခုခံတားဆီးရမယ့်နည်းတွေ တခါတည်း စဉ်းစားထားရမယ်လို့မြင်တယ်။ ဖြစ်နိုင်တာကတော့ အမျိုးမျိုးရှိနိုင်တာပေါ့၊ ကျွန်တော်တို့အတွက် တစ်ဦးချင်းအနေနဲ့တော့ ဘာမှဆန်းကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် မဖြစ်သင့်ဘူးဆိုတာကိုတော့ ဝတ္တရားလည်းရှိတယ်၊ ပြောလည်းပြောရမယ့်ကိစ္စဖြစ်နေတယ်။ အဲဒီတော့ တိုင်းပြည်က တကယ်ကို သုညက ပြန်စရမှာမို့၊ ဒါမှ မဟုတ်ရင်လည်း အနှုတ်လက္ခဏာကနေ ပြန်စရမှာမျိုးအထိတော့ ကျွန်တော်တို့ ခွင့်မပြုသင့်ဘူးလို့ နားလည်တယ်။ အဲဒါကို မဖြစ်အောင် တားဖို့ ဆွေးနွေးစေချင်တယ်။

ကျွန်တော်တို့ ပြည်သူတွေအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ တိတိကျကျပြောရရင် ရွေးကောက်ပွဲကို တန်ဖိုးထားစွာနဲ့ မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူအချင်းချင်း ဆွေးနွေးကြရမှာကို ကျွန်တော်ပြောတာပါ။ အဓိကကတော့ ပြည်သူလူထုက အပ်နှင်းလိုက်တဲ့ Mandate (လုပ်ပိုင်ခွင့်အာဏာ) ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကတော့ ရှင်းလင်းပြီး တိကျတဲ့ သတင်းစကားတော့ ပေးရလိမ့်မယ်ဗျ။ ဒါအရေးအကြီးဆုံးပဲလို့ ကျွန်တော်နားလည်တယ်။ အဲဒါ ပြည်သူတွေဆီရောက်ရမယ်ဗျာ။ ပြည်သူတွေက အဲဒီအတိုင်းညီရမယ်ဗျာ။ ဘာတွေရှောင်ရမလဲ၊ ဘာတွေဆောင်ရမလဲဆိုတာကို သိဖို့လိုတယ်ဗျ။ အဲဒီတော့ ခုနကပြောတဲ့ လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ်၊ အဲဒီအစိုးရက တရားဝင်အစိုးရအဖြစ်နဲ့ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်သုံးခု အဲဒီသုံးခုဖြစ်အောင်သာ ကျွန်တော်တို့ စုပေါင်းပြီးတော့ ခုခံနိုင်ရမယ်ဗျ။

Myanmar Now။ ။ အာဏာတွေသိမ်းခဲ့လို့ ခေတ်အဆက်ဆက်မှာ တိုင်းပြည်က ဘယ်လောက်ချွတ်ခြုံကျသွားလဲဆိုတာ အားလုံးသိပြီးသားပဲ။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို လူငယ်မျိုးဆက်သစ်တွေက ဒီအခြေအနေတွေကို လက်တွေ့မခံစားခဲ့ရဖူးဘူး။ ဆိုတော့ စစ်အာဏာရှင်က လူတစ်ဦးတစ်ယောက်ထဲတင်မဟုတ်ဘဲ လူ့အဖွဲ့အစည်းကို ဘယ်လောက်ထိအောင်ရိုက်ခတ်နိုင်သလဲ လူငယ်တွေကို အနှစ်ချုပ်ပြီး ပြောပြလို့ရမလား။

ဖြေ။ ။ အမှန်ကတော့ ဒီအချိန်က အဲဒီလိုမျိုး နောက်ထပ်ဆိုးရွားမှုချောက်ကမ်းပါးထဲကို မကျအောင် ဘာလုပ်ကြမလဲဆိုတာကို ပြောရမယ့်အချိန်။ အဲဒီအန္တရာယ်ဘယ်လောက်ကြီးတယ်ဆိုတာ သရုပ်ဖော်ဖို့ အချိန်သိပ်မရှိဘူးထင်တယ်။ လိုရင်းတော့ပြောမယ်။ ဒီဟာက မျိုးဆက်အလိုက်ကို နိမ့်ပါးသွားမယ့် နမူနာမျိုး၊ ဥပမာမျိုး တကယ်ဖြစ်ခဲ့ပြီးပြီဗျာ၊ ကျွန်တော်တို့ရှေ့က မျိုးဆက်တစ်ဆက်၊ နှစ်ဆက်မကဘူးဗျာ၊ ဒီလောက်ကမ္ဘာမှာ လူရာမဝင်အောင် ခံစားခဲ့ရပြီးပြီဗျာ။ ကျွန်တော်တို့နောက်က မျိုးဆက်တွေလည်း ခံစားရတာပဲဗျာ။ ကျွန်တော်တို့ မျိုးဆက်တွေအသိဆုံးဗျာ။ 

Myanmar Now။ ။ လတ်တလောမှာ ပြည်သူတွေက ဇဝေဇဝါတွေဖြစ်နေကြတယ်၊ ကြောင့်ကြနေကြတယ်၊ သိမ်းမှာလား၊ မသိမ်းဘူးလား ဒါမျိုးတွေပေါ့။ ပြည်သူတွေကို ဒီအခြေအနေနဲ့ပတ်သက်ပြီး ရင်ဆိုင်ဖို့ ဘာများအကြံပေးချင်တာရှိလဲ။

ဖြေ။ ။ ပြည်သူလူထုရဲ့ဆန္ဒဆိုတာ အာဏာရှင်အဆက်ဆက်ထံမှာ သူတို့နဲ့ ရင်ဆိုင်ရတိုင်း လွယ်လွယ်နဲ့တော့ မရခဲ့ပါဘူး။ ဒါလေးကို ကျွန်တော်ပြန်ပြီးတော့ ကြည့်စေချင်ပါတယ်။ ဒါပေမယ့် လျှော့စရာလည်းမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ဇူလိုင်မှာ အရေးပေါ်ပါတီညီလာခံခေါ်တော့ ပြည်သူလူထုတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစီကို ခွင့်ပြုမလား၊ မပြုဘူးလားဆိုပြီးတော့ ဆုံးဖြတ်ကြတုန်းက တပ်ရဲ့သဘောထားကို မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)က ညီလာခံမှာမေးတယ်ဗျာ၊ သူတို့ လုံးဝသဘောမတူဘူးဆိုတာ ပေးတယ်ဗျာ၊ ရှင်းတယ်ဗျာ၊ ငြင်းပြီပေါ့ဗျာ။ ငြင်းသော်ငြား ကျွန်တော်တို့ ပြည်သူလူထုက ကိုယ်လုပ်စရာရှိတာကို ဆက်ပြီးလုပ်ခဲ့တော့ ရက်ပိုင်းအတွင်းမှာပဲ လက်ခံပါပြီလို့ ပြောရတာပဲဗျ။ အာဏာသိမ်းတာတောင်မှ ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ပါ့မယ်ဆိုတဲ့ ကတိကြီးနဲ့ သိမ်းရတာ၊ ဆက်ပြီးတော့ ကတိတည်တာမတည်တာက တစ်ပိုင်းပေါ့။ ဖက်ဒရယ်ပြည်ထောင်စုလည်း ဒီလိုပဲ၊ ဖက်ဒရယ်ဆိုတဲ့ စကားလုံးပြောရင်ကို သေဒဏ်ပေးလို့ရတယ်ဆိုတဲ့အနေအထားကနေ ဒီကနေ့ စကားရပ်အားဖြင့်တော့ လက်ခံလာပြီ။ ဒါနမူနာပဲ၊ ဘာမဆိုပါ၊ လွယ်လွယ်နဲ့ချောမွေ့မယ်လို့ထင်လို့ ရွေးခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံလို့လျှောက်ခဲ့တဲ့လမ်းပါ။ ဒါကြောင့် ဒီကြားထဲမှာ လမ်းပေါ်မှာ ပဋိပက္ခဖြစ်နိုင်တာတွေ၊ ထောင်ချောက်ထဲကို ဝင်မိတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သတိပြုရမယ်၊ ကိုယ့်ရဲ့ရပ်တည်ချက်ကို ငြိမ်းချမ်းစွာ လမ်းမထွက်ဘဲနဲ့ ဖော်ပြတဲ့နည်းတွေများစွာရှိပါတယ်။ အခုခေတ်မှာ နည်းပညာခေတ်ကြီးမှာ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ခုခံကြရလိမ့်မယ်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading