တပ်ကပြောသည့် အခက်အခဲကို ဥပဒေနှင့်အညီရှင်းမည်ဟု NLD တုန့်ပြန်

အစိုးရအဖွဲ့သစ်၊ လွှတ်တော်သစ်များ ပေါ်လာတော့မည့်အချိန်တွင် မဲဆန္ဒရှင်စာရင်း အားနည်းချက်ကို တပ်က ဆက်လက်ထောက်ပြနေပြီး NLD က ဥပဒေနှင့်အညီ ရှင်းမည်ဟူသောမူကို ဆက်လက်ဆုပ်ကိုင်ထားသည်

၂၀၂၀ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်၊  ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့ မဲဆွယ်နေကြစဉ် (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲ၏ အငြင်းပွားဖွယ် မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာသည့် အခက်အခဲကို မဖြေရှင်းပေးပါက အာဏာသိမ်းသည်အထိ ဖြစ်လာနိုင်ခြေရှိသည် ဟု တပ်မတော်က ယမန်နေ့ ( ဇန်နဝါရီ ၂၆) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုနှင့် ပတ်သက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အကြပ်အတည်းများကို ဥပဒေနှင့်အညီသာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်တုန့်ပြန်လိုက်သည်။

“ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်ဖြစ်ထွန်းတာ၊ လုပ်ဆောင်တာအားလုံးကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်သွားဖို့ ရှိပါတယ်” NLD ၏ ရွေးကောက်ပွဲဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုန့်ပြန် ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (စ) တွင် ပါဝင်သည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟူသည့် ပုဒ်မအတိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ အပြင် ၎င်းတို့တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု တပ်ပြောရေးဆိုခွင့်ရှိသူက ထိုသတင်းစာရှင်းလင်းပွဲတွင် မကြာခဏပြောဆိုသည်။

“ဖြေရှင်းပေးသင့်သူတွေက ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဘာဆက်လုပ်မလဲဆိုရင်တော့ ဥပဒေနဲ့ အကျုံးဝင်တာမှန်သမျှကို ကျွန်တော်တို့က ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်များကို ပြောသည်။

ဥပဒေပါ အချက်အလက်များကို ကိုင်ဆွဲပြီး ပြောဆိုလျှင် တိကျသည့် ဥပဒေပါ ကိုးကားချက်များဖြစ်ရန် လိုအပ်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ပုဒ်မ ၆ (စ)မှာပါတဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍဆိုတာက အမျိုးသားနိုင်ငံရေးဆိုတာက အကုန်လုံးပါသလား။ ဘယ်လောက်ထိပါမှာလဲ။ ဘယ်လောက်ဦးဆောင်မှာလဲ၊ ဒါက ယေဘူယျဆန်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ နိုင်ငံတော်၏ အာဏာသည် ပြည်သူ၊ပြည်သားများထံမှ ဆင်းသက်၍ တစ်နိုင်ငံလုံးတွင် အာဏာတည်သည်ဆိုတဲ့ အချက်ရယ်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီးတော့ ကျန်တာတွေ အကုန်လုံး အဓိပ္ပာယ်ဖွင့်ဆိုမှသာ ဒီမိုကရေစီကျတယ်လို့ ကျွန်တော်တို့က ခံယူပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်သည့် အခြေအနေများရှိနေပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇန်နဝါရီ ၂၀ တွင် စာထုတ် ပြောဆိုပြီးဖြစ်သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီးလည်း NLD က “ဥပဒေနဲ့အညီ အပြည့်အဝ ဖြေရှင်းနိုင်ပါတယ်” ဟု တုန့်ပြန်ခဲ့ပြီးဖြစ်သည်။

တပ်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ဘက်မှ ဖြေရှင်းခြင်း၊​ တုန့်ပြန်ခြင်း မရှိသေးပေ။

လေ့လာသူတို့၏ အသံများ

၂၀၀၈ အခြေခံဥပ​ဒေသည် တပ်ကို အထူးအခွင့်အရေးပေးထားသည့် ပုံစံမျိုးဖြစ်နေပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းကို အင်အားသုံးမဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာသင့်သည်ဟု Institute for Strategy and Policy (ISP) အဖွဲ့၏ ပြင်ပ ဆက်သွယ်ရေးတာဝန်ခံ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

“အာဏာသိမ်းတယ်ဆိုတာ တပ်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ဆန္ဒပါပဲ။ သူက သိမ်းချင်လည်းဖြစ်တယ်၊ မသိမ်းချင်လည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး  စိုင်းလိတ်က ဝေဖန်ပြောဆိုမှုများသည် ပြဿနာဖြေရှင်းရေးကို ဦးတည်သင့်သည်ဟု ဆိုသည်။

“ပြဿနာကို ပြေလည်စေတာထက် ပြဿနာကို ထပ်ပြီး မီးမွှေးလိုက်တာပဲလို့ နားလည်လိုက်တယ်။ တကယ်တမ်း ပြဿနာကို ပြေငြိမ်းစေချင်တယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေး‌ရေးလမ်းကြောင်းကသာ ပြဿနာကို ပြေငြိမ်းစေနိုင်တယ်” ဟု စိုင်းလိတ်က ပြောသည်။  

တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို သိမ်းယူရန် ၂၀၀၈ အခြေခံဥပဒေက ခွင့်မပြုထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

ထိုသို့ သိမ်းယူပါကလည်း၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ၎င်းက သုံးသပ်သည်။

“နိုင်ငံတော်သမ္မတက လွှဲအပ်သည့်တိုင်အောင် ပြည်ထောင်စုလွှတ်တော်က သဘောမတူရင် အဲဒီ သဘောမတူတဲ့ နေ့ကစပြီး ဒီအာဏာလွှဲအပ်မှုက ပျက်ပြယ်တယ်လို့ပဲ နားလည်တယ်” ဟု ၎င်းက ပြောသည်။

ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားသည့် အစိုးရတစ်ရပ်ကို အာဏာသိမ်းမည်ဟု တပ်၏ ပြောဆိုချက်မှာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ 

“နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာရောက်တယ်။ ကြံစည်ရာရောက်တယ်။ ပူးပေါင်းဆောင်ရွက်ရာ ရောက်တယ်။ အရေးယူမယ်ဆိုရင် သေဒဏ်ပဲ။ အစိုးရအောက်က Institution တစ်ခုက ဒီလိုပြောခြင်းဟာ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု၊ မဲသမာမှု၊  မဲစာရင်းမှားယွင်းမှုများ ရှိနေသည်ဟု အဓိကအတိုက်အခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း စွပ်စွဲထားသည်။

လွှတ်တော်သစ်နှင့် အစိုးရသစ်

ရွေးကောက်ပွဲအလွန်ကာလတွင် တပ်က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို စောဒကတက်နေရာမှ အာဏာသိမ်းခြင်းသည်လည်း ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်သည်ဆိုသည့်သဘော ပြောဆိုလာသည့်အတွက် ယခုရက်ပိုင်းတွင် ဤအကြောင်းအရာက လူပြောများလျက်ရှိသည်။

ဤအတောအတွင်း လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသူများ၊ တပ်က စေလွှတ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် တတိယအကြိမ်လွှတ်တော်ကို တက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည်။

လွှတ်တော်အကြီးအကဲများ ရွေးချယ်ခြင်း၊ သမ္မတ၊ ဒုသမ္မတတို့ကို ရွေးကောက်တင်မြောက်ခြင်းတို့သည် လွှတ်တော်က မကြာမီ အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းများထဲတွင် ထိပ်ဆုံးမှ ပါ၀င်သည်။

အခြေခံဥပဒေပေးထားချက်အရ တပ်မတော်သည် ဒုသမ္မတတစ်ဦး စေလွှတ်ခွင့် ရှိနေသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှလည်း ဒုသမ္မတတစ်ဦးစီ ထွက်ပေါ်လာမည်ဖြစ်သည်။ ထို ဒုသမ္မတများထဲမှ ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံမဲအများဆုံး ရရှိသူက သမ္မတဖြစ်လာမည်ဖြစ်ပြီး ထိုသမ္မတက အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖွဲ့စည်းမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် အမတ်ဦးရေ အများဆုံးရထားသည့် NLD က မည်သူတို့ကို သမ္မတ၊ ဒုသမ္မတများအဖြစ် လျာထားကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

တတိယအကြိမ်လွှတ်တော်၊ ဗဟိုအစိုးရသစ်၊ ပြည်နယ်တိုင်းအစိုးရအဖွဲ့သစ်များ ဖွဲ့စည်းချိန်မတိုင်မီ NLD သည် တိုင်းရင်းသားနိုင်ငံရေးပါတီတချို့နှင့် သွားရောက်တွေ့ဆုံထားသည်။

ထိုသို့တွေ့ဆုံရာတွင် SNLD ပါတီက ပြည်ထောင်စုအဆင့်၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်အဆင့်များတွင် လုပ်ပိုင်ခွင့်များ ခွဲဝေပေးရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading