နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသူ ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အနောက်ပိုင်းခရိုင်တရားရုံးရှေ့တွင် ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်သဖြင့် လမ်းမတော်မြို့နယ်တရားရုံးက ဇန်နဝါရီ ၂၁ တွင် ဒဏ်ငွေ ကျပ်နှစ်သောင်းစီ အမိန့်ချမှတ်ခဲ့ပြီးနောက် အင်းစိန်ထောင်ရှေ့ဆန္ဒဖော်ထုတ်မှုအတွက် ယနေ့တွင် အင်းစိန်မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သောင်းစီ ချမှတ်ခဲ့သည်
ရဲတပ်ဖွဲ့ဝင်များ ထိုးနှက်ခံခဲ့ရသည့် အင်းစိန်ထောင်ရှေ့ဆန္ဒပြပွဲ ဦးဆောင်သူ ၄ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုပြီးနောက် ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပေးဆောင်ရန် အင်းစိန်မြို့နယ်တရားရုံးက ယနေ့ (ဇန်နဝါရီ ၂၇) တွင် အမိန့်ချမှတ်လိုက်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် ဦးပညာဝံသဦးဆောင်သည့် ရဟန်းနှင့် လူပုဂ္ဂိုလ် ၅၀ ခန့်သည် ဇန်နဝါရီ ၁၆ ရက်က ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ထောင်ရှေတွင် ခွင့်ပြုမဲ့ဆန္ဒပြသူများကို သွားရောက်တားဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များ ထိုးနှက်တိုက်ခိုက်ခံရပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ ဆန္ဒပြပွဲဦးဆောင်သူ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရသည်။
အဆိုပါအမျိုးသားကို ဝတ္တရားနှောက်ယှက်မှုပုဒ်မ ၃၅၃၊ ၃၅၂နှင့် ငြိမ်းစုစီပုဒ် ၂၀ တို့ဖြင့် ဆန္ဒပြသည့်နေ့၌ပင် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး ဆန္ဒပြပွဲဦးဆောင်သူ အခြားသူများဖြစ်ကြသော ဦးပညာဝံသ၊ ဦးအဂ္ဂဓဇနှင့် ဦးသက်မျိုးဦးတို့ကိုလည်း ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့သည်။


ခွင့်ပြုချက်မဲ့ဆန္ဒပြသဖြင့် တရားစွဲဆိုခံရသော ဦးပညာဝံအပါအဝင် လေးဦးကို အင်းစိန်မြို့နယ်တရားရုံးတွင် ယနေ့ တရားစွဲဆိုစစ်ဆေးရာ ဝန်ခံထွက်ဆိုသဖြင့် ချက်ချင်းအမိန့်ချလိုက်ခြင်းဖြစ်သည်ဟု အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတင်လတ်က Myanmar Now ကို ပြောသည်။
“ငြိမ်းစုစီနဲ့ ၂၀ နဲ့ စွဲတဲ့လေးယောက်က ဒဏ်ငွေတစ်သောင်းစီ ချလိုက်တယ်။ အဲဒီထဲက ဝင်းထွေး (ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်သူ)ကတော့ ရုံးချိန်းပြန်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။


ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် တရားစွဲခံရပြီးနောက် ထောင်ဒဏ် ၇ ရက် သို့မဟုတ် ဒဏ်ငွေတစ်သောင်းပေးဆောင်ရန် တရားရုံးက အမိန့်ချသဖြင့် ငွေဒဏ်ပေးဆောင်ခဲ့သည်ဟု အင်းစိန်ထောင်ရှေ့ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သော ဦးပညာဝံသက ဆိုသည်။
အင်းစိန်ထောင်ရှေ့ဆန္ဒပြပွဲ ပါဝင်သူများ၏ ထိုးနှက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သော ဦးဝင်းထွေးကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ၃၅၂ တို့ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် ယနေ့တရားစွဲဆို၍ ရမန်ပေးလိုက်ကြောင်း၊ ၎င်းကို ဆက်လက်စစ်ဆေးရန် ဖေဖော်ဝါရီလ ၂ ရက်သို့ ချိန်းဆိုလိုက်သည်ဟု ဦးပညာဝံသက ဆက်လက်မိန့်သည်။
ဦးပညာဝံသနှင့် ဦးသက်မျိုးဦးတို့သည် အင်းစိန်းမြို့နယ်တွင်သာမက အနောက်ပိုင်းခရိုင်တရားရုံးရှေ့တွင် ခွင့်ပြုချက်မဲ့ဆန္ဒပြသဖြင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေနှစ်သောင်းပေးဆောင်ရန် လမ်းမတော်မြို့နယ်တရားရုံးက ဇန်နဝါရီ ၂၁ တွင် အမိန့်ချမှတ်ခဲ့သည်။
“ဦးဇင်းတို့က ဆရာတော်ဦးဝီရသူ လွှတ်တော်မြောက်ဖို့အတွက် ငြိမ်းစုစီတင်တယ်။ ဦးဇင်းတို့ကို ပုဒ်မတွေနဲ့ တရားစွဲတာက ဒီမိုကရေစီမဆန်ဘူးလို့ ပြောချင်တယ်” ဟု ဦးပညာဝံသက မိန့်သည်။
ဆရာတော်ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခံရပြီးနောက် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ဦးဝီရသူကို Video conferencing စနစ်ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သည်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလအတွင်း ကူးစက်မှုလျော့ချရေးရည်ရွယ်၍ အသစ်ပြောင်းလဲကျင့်သုံးနေသည့် အွန်းလိုင်းမှတဆင့် တရားစီရင်ခြင်းသည် စွပ်စွဲခံရသူ ဦးဝီရသူအတွက် ခုခံချေပခွင့် ဆုံးရှုံးသည်ဟုဆိုကာ ဆရာတော်ဦးပညာဝံသ၊ ဦးသက်မျိုးဦးတို့ ဦးဆောင်သည့် အမျိုးသားရေးသမားများက ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
ခွင့်ပြုချက်မဲ့ဆန္ဒပြမှုများကြောင့် ဦးပညာဝံသနှင့် ဦးအဂ္ဂဓဇတို့အား ကောင်းသောကြံစီမှုဖြင့် လုပ်ဆောင်ရန် လိမ္မာယဉ်ကျေးစွာ ပြုမူရန် ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့က ဇန်နဝါရီ ၂၆ ရက်နေ့က ခေါ်ယူဆုံးမခြင်းခံခဲ့ရပြီး တိုင်းသံဃာ့နာယကအဖွဲ့၏ ဩဝါဒနှင့်အညီ လိုက်နာနေထိုင်ပါမည်ဟု ခံဝန်လက်မှတ်ထိုး ခဲ့ရသူများဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









