ရခိုင်ပြည်နယ်အတွင်း ဒေသခံများ၏နေ့စဉ်ဘဝကို ခြိမ်းခြောက်နေသော မြေမြှုပ်မိုင်းများ 

စစ်ကျန်လက်နက် ခဲယမ်းများနှင့် မြေမြှုပ်မိုင်းကြောင့် အတိဒုက္ခရောက်သူများနှင့် သေဆုံးသူများ၏ သတင်းက လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်နေသဖြင့် နေရပ်ပြန်လိုသူများ စစ်ဘေးရှောင်များကို ခြောက်လှန့်လျက်ရှိသည် 

ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မစန္ဒာအေးသည် ၂၀၂၀ နိုဝင်ဘာ ၄ တွင် မိုင်းပေါက်ကွဲမှုကြောင့် ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရသည် (ဓာတ်ပုံ- ဖဒူထွန်းအောင်/ Myanmar Now)

မြိုတိုင်းရင်းသူ ညီအစ်မနှစ်ဦးဖြစ်ကြသော ဒေါ်ခင်စံမေနှင့် မလှဖြူသည် ဇန်နဝါရီလဆန်းပိုင်း နေ့လယ်ခင်းတစ်ခုတွင် သူတို့နေထိုင်ရာ ကုလားတန်မြစ်ကမ်းဘေးရှိ ခပေါ်ရွာနှင့် တစ်မိုင်ခန့်အကွာ တောင်ကုန်းတစ်ခုပေါ်သို့ ထင်းခုတ်ထွက်ခဲ့ကြသည်။     

တောထဲကို ထင်းခုတ်သွားသည်က သူတို့အတွက် လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။ သို့သော် ယခုတစ်ခေါက် ထင်းခုတ်အသွားတွင် မမျှော်လင့်ဘဲ အဖြစ်ဆိုးကြုံတွေ့ခဲ့ရသည်။ ထင်းတစ်ချောင်းမျှ မသယ်နိုင်ဘဲ ဒဏ်ရာဗရပွဖြင့် အနိုင်နိုင်ပြန်ခဲ့ရသည်။  

အစ်မကြီးဖြစ်သူ ဒေါ်ခင်စံမေ မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်။ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စံမေမှာ မြေမြှုပ်မိုင်းကြောင့် မျက်လုံးနှစ်ဖက်၊ လည်ပင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအပြင်းအထန်ရကာ ကျောက်တော်ပြည်သူ့ဆေးရုံသို့ ရောက်သွားခဲ့ရသည်။

ဒဏ်ရာပြင်းထန်လွန်းသဖြင့် နောက်တစ်ရက်တွင် စစ်တွေဆေးရုံသို့ ထပ်ဆင့်ပို့ဆောင်ခဲ့ရသည်။ ဆေးရုံခုတင်ပေါ်တွင် သီတင်းနှစ်ပတ်ကြာ အလူးအလဲခံစားခဲ့ရပြီးနောက် ဒေါ်ခင်စံမေတစ်ယောက် မြေမြှုပ်မိုင်းဒဏ်ရာဖြင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ 

ဒေါ်ခင်စံမေတို့မိသားစုတွင် ညီအစ်ကိုမောင်နှမ ၆ ယောက်ရှိပြီး ၎င်းတို့နေထိုင်ရာ ခပေါ်ရွာသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နှင့် ၈ မိုင်ခန့် အကွာတွင်ရှိသည်။ အိမ်ခြေ ၈၀ ခန့်နှင့် လူဦးရေ ၄၀၀ ကျော်သာရှိသည့် မြိုတိုင်းရင်းသားများနေထိုင်ရာ ခပေါ်ရွာတွင် အများစုမှာ ဒေါ်ခင်စံမေတို့ကဲ့သို့ပင် ကျပမ်းအလုပ်လုပ်ပြီး လယ်ယာလုပ်ကိုင်သူ အနည်းစုသာ ရှိသည်။ 

ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်ကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ကျောက်တော်လည်း အပါအဝင်ဖြစ်သည်။ ဒေါ်ခင်စံမေတို့ ညီအစ်မနေထိုင်ရာ ခပေါ်ရွာအနီးတစ်ဝိုက်တွင် ၂၀၁၉ နှင့် ၂၀၂၀ အတွင်း သုံးကြိမ်ထက်မနည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သည့် လက်နက်ကျည်ဆန်များနှင့် မြေမြှုပ်မိုင်းများက ဒေသခံများ၏ နေ့စဉ်ဘဝကို ခြိမ်းခြောက်လျက်ရှိသည်။ 

မြေမြှုပ်မိုင်းနင်းမိမည်ကို စိုးရိမ်သဖြင့် မသွားရဲ မလာရဲဖြစ်ကာ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေကြောင်း မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ဒေါ်ခင်စံမေ၏မောင် ကျော်လှထွီးက ဆိုသည်။ 

“ကျွန်တော်တို့က တစ်ရက်လုပ်တာကို တစ်ရက်စားနေကြရတာဖြစ်တဲ့အတွက် ဒီမိုင်းတွေကြောင့် အခက်အခဲအများကြီးရှိပါတယ်။ ကျွန်တော်တို့က တောတောင်ကို မှီခိုပြီး လုပ်စားနေကြတာပါ။ အခု တောတောင်ကိုသွားရင်လည်း မိုင်းနင်းမိတာတွေရှိလို့ စိုးရိမ်ပြီး သွားလို့မရဖြစ်နေတယ်” ဟု ကျော်လှထွီးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစကာ တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ရပ်တန့်နေခဲ့သည်။ ထိုသို့ တိုက်ပွဲများ ရပ်တန့်သွားသော်လည်း တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်းများက ဒေသခံများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ 

အသက်စည်းစိမ်ကို ခြိမ်းခြောက်နေသော မြေမြှုပ်မိုင်းများ 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၉ နှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁,၉၀၀ ခန့်ရှိကြောင်း နိုဘယ်ဆုရရှိထားသည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Landmine and Cluster Munition Monitor မြေမြှုပ်မိုင်းရှင်းလင်းရေးအဖွဲ့က ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါအဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၉ တစ်နှစ်တည်းတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆၉ ဦးရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အရေအတွက်အများဆုံးဖြစ်သည်။ 

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း၏ အဆိုအရမူ ရခိုင်တစ်ပြည်နယ်လုံးတွင် လက်ရှိအထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများကြောင့် အတိဒုက္ခရောက်သူ ၇၇ ဦးနှင့်  သေဆုံးသူ ၄၁ ဦးရှိသည်ဟု သိရသည်။ 

ယင်းဖြစ်စဉ်များအနက် ယခုနှစ် ဇန်နဝါရီ ၁၀ တွင် မင်းပြားမြို့နယ် စပါးထားကျေးရွာ၌ လူတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်။ လူငယ်တစ်ဦးကောက်ရလာသည့် စစ်ကျန်ဗုံးသီးတစ်လုံးကို ကျေးရွာအတွင်းသို့ သယ်ယူလာပြီး ထုကွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။​

ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၁၂ နှစ်အရွယ် မောင်မြင့်စိုးနှင့် ၎င်း၏ မိသားစုဝင် ၃ ဦးဖြစ်သည်။ မောင်မြင့်စိုးမှာ ခြေထောက်နှစ်ဘက်နှင့် လက်တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး မြောက်ဦးဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပြောင်း‌ရွေ့ခဲ့ရပြီး ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။  

၎င်း၏မိခင် ဒေါ်နုနုသန်းမှာ မြောက်ဦးဆေးရုံတွင် လက်ရှိဆေးကုသမှုခံယူနေပြီး အစ်မဖြစ်သူနှင့် ညီဖြစ်သူတို့မှာ မင်းပြားမြောင်းဘွေဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း ဆွေမျိုးတော်စပ်သူများက ပြောသည်။

“ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုချင်ပါတယ်။ တောင်နဲ့ရွာက အနီးကပ်ဖြစ်နေတော့ ဒေသခံတွေက အသွားအလာတွေ ရှိနေကြတယ်။ နောက်ထပ် မရှိတော့ဘူးလို့လည်း ပြောလို့မရဘူး။ ကျွန်မတို့ကလေးတွေက ဗုံးသီးလို့လည်း မသိကြဘူး” ဟု မောင်မြင့်စိုး၏ အဒေါ်ဖြစ်သူ ဒေါ်လှတင်အေးက ပြောသည်။

ထိုသို့ ကလေးများက မသိနားမလည်၍ ထုကွဲကြည့်ရာမှ ဗုံးသီးပေါက်ကွဲမှုကြောင့် လူသေဆုံး၊ ဒဏ်ရာရရှိခြင်း၊ ဝမ်းစာအတွက် မဖြစ်မနေ သွားလာလှုပ်ရှားရင်း မိုင်းထိမိခြင်းအပြင် တပ်မတော် သို့မဟုတ် AA က လမ်းပြဆောင်ရွက်ပေးရန် ခေါ်ဆောင်သွားရာမှ မိုင်းနင်းမိခြင်း အဖြစ်မျိုးလည်း ရှိသည်။​

၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက ခပေါ်ကျေးရွာမှပင် ဆယ်အိမ်မှူးတစ်ဦးနှင့် ရာအိမ်းမှူးတစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် မြေမြှုပ်မိုင်းနင်းမိသဖြင့် ရာအိမ်မှူးသေဆုံးကာ ဆယ်အိမ်မှူးဒဏ်ရာရရှိသွားခဲ့ကြောင်း ခပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပန်းသာက Myanmar Now ကို ပြောသည်။

“သူတို့ (အုပ်ချုပ်ရေးအဖွဲ့တွေ) လည်း သွားရင်းလာရင်းနဲ့ လမ်းမှာ မြန်မာ့တပ်မတော်နဲ့ တွေ့ပြီးတော့ လမ်းခဏပြပေးပြောလို့ ရှေ့ကသွားတဲ့အချိန်မှာ မိုင်းပေါက်ကွဲမှုဖြစ်တာ” ဟု ဦးပန်းသာက ပြောသည်။

အသက်ဘေးလွတ်မြောက်သော်လည်း မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ပျက်စီးဆုံးရှုံးမှုများနှင့် မိုင်းစဒဏ်ရာများကို နှစ်ရှည်လများ ဆက်လက်ခံစားနေကြရသူများလည်း ရှိသည်။ 

မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာနေ ဒေါ်အဝိုင်းချေနှင့် ၎င်း၏ခင်ပွန်း ဦးဝင်းနိုင်တို့သည် ၂၀၁၉ ဇွန် ၃ တွင် ရွာပြင်ပရှိ တောင်ကုန်းတစ်ခုသို့ မျှစ်ခူးသွားရင်း မိုင်းနင်းမိခဲ့ကြသည်။ ခင်ပွန်းဖြစ်သူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်အဝိုင်းချေမှာ ဒဏ်ရာများ ရရှိခဲ့သည်။ 

အသက် ၄၀ အရွယ် ဒေါ်အဝိုင်းချေမှာ မိုင်းထိမှန်ဒဏ်ရာများကို မြောက်ဦးမြို့ပြည်သူ့ဆေးရုံတွင် တစ်လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရသည်။ ပြင်ပဒဏ်ရာသက်သာသဖြင့် ဆေးရုံမှဆင်းခဲ့သော်လည်း တစ်နှစ်ခွဲခန့်အကြာတွင်မူ ခန္ဓာကိုယ်အတွင်း ကျန်ရစ်သည့် မိုင်းစများကြောင့် နာကျင်ကိုက်ခဲသည့် ဝေဒနာကို မကြာခဏ ခံစားလာရသည်ဟု ဒေါ်အဝိုင်းချေက ဆိုသည်။​

၎င်းသည် ဘယ်ဘက်ဒူးဆစ်၊ ရင်ဝ၊ နှလုံးအိမ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်ပြီး ထိုနေရာများမှာ ဖူးရောင်ကာ နာကျင်ကိုက်ခဲသည့် ဝေဒနာကို ခံစားနေရခြင်းဖြစ်သည်။  

“ဒဏ်ရာက အစတွေ ကျန်ခဲ့တဲ့နေရာတွေက အောင့်တယ်။ ကိုက်ခဲတယ်။ ဒဏ်ရာရတုန်းကလည်း မြောက်ဦးဆေးရုံမှာ တက်ခဲ့ရတယ်။ ဒဏ်ရာသက်သာလို့ ဆင်းသွားတာ။ အခုပြန်လို့ နေမကောင်းဖြစ်လာတယ်။ ဒဏ်ရာရတဲ့နေရာက မဲပြီး ဖူးရောင်နေတာကို မြင်နေရတယ်” ဟု ဒေါ်အဝိုင်းချေက ပြောသည်။

မိဘများမှာ အရွယ်အိုမင်းနေပြီဖြစ်သောကြောင့် ဝမ်းရေးမရှာဖွေနိုင်တော့သဖြင့် ဒေါ်အဝိုင်းချေမှာ လက်ရှိတွင် သားသမီးနှစ်ဦးနှင့်အတူ ဟင်းသီးဟင်းရွက်ရောင်း၍ ဝမ်းရေးဖြေရှင်းနေရပြီး ဆေးကုမှုခံယူရန် ငွေရေးကြေးရေးအခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။

မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်ရဲသော စစ်ရှောင်များ 

ပြီးခဲ့သည့် ကာလများအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများမှာ ပစ်ခတ်မှုများ ရပ်တန့်သွားချိန်တွင် နေရပ်ပြန်လိုကြသော်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသူများ၏ သတင်းက ခြောက်လှန့်နေသည်။ 

စစ်ကျန်လက်နက်ခဲယမ်းများကို သိမ်းဆည်းကာ အစိုးရက တာဝန်ယူ၍ ပို့ဆောင်ပေးမှသာ ပြန်မည်ဟု မြို့ပေါ်စစ်ရှောင်စခန်းတစ်ခုသို့ ရောက်ရှိနေသူ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှ ဒေါ်တင်တင်အေးက ဆိုသည်။

“ပျက်စီးသွားတာကိုလည်း ပြန်လိုချင်တယ်။ အိမ်မရှိတော့ဘူး ကျွန်မတို့မှာ၊ မီးတိုက် (ရှို့) ပစ်ကြပြီ။ ပြန်လို့ရပြီဆိုပြီးတော့ လူတွေပြောသံတော့ ကြားလိုက်ရတယ်။ ပြန်လို့ရပြီဆိုလည်း ကျွန်မတို့က စဉ်းစားတယ်။ သူတို့မှာ လက်နက်အကြွင်းအကျန်တွေကို မသိမ်းဆည်းဘဲနဲ့ ထိုနေရာမှာပေါက်ရင်သေ၊ ဒီနေရာမှာပေါက်ရင်သေ၊ သေကြမှာ ထိခိုက်မှာကို ကျွန်မတို့ စိုးရိမ်တယ်” ဟု ဒေါ်တင်တင်အေးက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့မှ ပြည်သူများကို အုပ်ချုပ်ရေးတာဝန်ရှိသူအချို့က နေရပ်ပြန်လိုသည့် ဆန္ဒရှိမရှိ ဇန်နဝါရီလဆန်းပိုင်းတွင် လာရောက်မေးမြန်းခဲ့ရာ အာဏာပိုင်အဖွဲ့အစည်းများက လုံခြုံရေးကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လုပ်မပေးနိုင်ပါက မပြန်ရဲကြကြောင်း တုံ့ပြန်ခဲ့သည်ဟု ဘူးသီးတောင်မြို့ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းစစ်ရှောင်စခန်းတွင် နေထိုင်သူ ဦးဝမ်းမောင်က ဆိုသည်။ 

“အသက်အန္တရာယ်အရဆိုရင် မိုင်းတွေကို ကြောက်တယ်။ အဲဒီ (တိုက်ပွဲ) နေရာတွေက တောင်နဲ့ ရွာနဲ့ ကပ်နေတာ။ အိမ်လုပ်ဖို့ သစ်လုံးလေး၊ ဝါးလုံးလေးတွေကိုခုတ်ဖို့ မသွားရဘူးလား။ အဲလိုသွားဖို့လာဖို့ကို မိုင်းတွေဘာတွေ နင်းမိမှာကို ကျွန်တော်တို့ကြောက်တယ်” ဟု ဦးဝမ်းမောင်က ပြောသည်။

ဦးဝမ်းမောင်ကဲ့သို့ပင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်ရဲသူမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှ မြို့ပေါ်သို့ လာရောက်စစ်ရှောင်နေရသည့် စေတီတောင်စစ်ရှောင်စခန်းမှ မမေစုလှိုင် ဖြစ်သည်။ 

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေသည် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး ထိုနေရာများတွင် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများရှိနိုင်သောကြောင့် ရှင်းလင်းမှု မပြုလုပ်ရသေးမီ နေရပ်မပြန်ရဲကြောင်း ၎င်းက ဆိုသည်။

“စစ်ရေးတိုက်ခိုက်မှုတွေကိုတော့ မုန်းပါတယ်။ တိုက်ခိုက်ပြီး ပစ်သတ်နေကြတာကို မုန်းတယ်။ အတတ်နိုင်ဆုံး အဲဒါမျိုး မဖြစ်စေချင်ဘူး။ နားလည်မှုတစ်ခု ရစေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးထားနေမယ်ဆိုရင် ဘယ်တော့မှ အေးချမ်းမှာမဟုတ်တော့ဘူး” ဟု မမေစုလှိုင်က ပြောသည်။

မိုင်းရှင်းလင်းပေးရန် လွှတ်တော်တွင်အဆိုတင်

ရခိုင်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်က နေရပ်စွန့်ခွာထွက်ပြေးလာသော စစ်ဘေးရှောင်များ အန္တာရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းပေးရန် ဇန်နဝါရီ ၁၂ တွင် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြည်နယ်လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

စစ်ဘေးရှောင်များ လုံခြုံအေးချမ်းစွာဖြင့် ၎င်းတို့နေရပ်သို့ ပြန်လည်သွားရောက် နေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရက ထိရောက်သော အကူအညီများပေးသင့်ကြောင်း ဦးဦးသန်းနိုင်၏ အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြသည်။

အဆိုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကမူ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ တင်ပြသွားမည်ဆိုပါက အန္တရာယ်နည်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်တွင် တုံ့ပြန်ပြောဆိုခဲ့သည်။

”ကလေးတွေက ထင်းသွားခုတ်တယ်။ ဗုံးသီးတွေ့လို့ ယူလာတယ်။ အဲဒီဗုံးသီးကို ထုတယ်။ ဝိုင်းကြည့်တယ်။ ထိတယ်။ စိတ်မကောင်းစရာပါ။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေပါ” ဟုလည်း ၎င်းက ပြောဆိုသည်။

တပ်စခန်းများလုံခြုံရေးအတွက် တပ်မတော်က မြေမြှုပ်မိုင်းများထောင်ပါက မှတ်ပုံတင်စနစ်ဖြင့် ထောင်လေ့ရှိပြီး အချိန်မရွေး ပြန်လည်ဖော်ယူနိုင်ကြောင်း၊ တောတွင်း၌ အခြားအဖွဲ့အစည်းက ထောင်ထားသည့်မိုင်းဆိုပါက ရှင်းရန်ခက်သည်ဟုလည်း ဗိုလ်မှူးကြီးမင်းသန့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည့် ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မိုင်းရှင်းလင်းရေးကို စီမံချက်တစ်ခုအနေဖြင့် လုပ်ဆောင်ခဲ့ပြီး ကရင်ပြည်နယ်တွင် ပြီးမြောက်နီးပါး ဖြစ်နေပြီဟု ၎င်းက ဆိုသည်။​

“ကျွန်တော်တို့ဆီမှာတော့ အခုမှစရမယ့် အနေအထားပါ။ နှစ်ဦးနှစ်ဖက် အနေအထားလေးက သူ့ဟာနဲ့သူ စာချုပ်စာတမ်း သဘောတူလက်မှတ်ထိုးတဲ့ကိစ္စ ပြီးမြောက်သွားတဲ့အခါမှာ ကျွန်တော်တို့ တပ်ဘက်ကနေ တာဝန်ယူပြီးတော့ လုပ်သွားမဲ့အပိုင်းတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

မိုင်းအန္တရာယ် အသိပညာပေးမှုကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိနေပြီး အချိန်ကိုက်လုပ်ဆောင်နိုင်ရန် အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများကလည်း ရပ်ရွာပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်မှသာ အန္တရာယ်ကင်းလိမ့်မည်ဟု ဗိုလ်မှူးကြီးမင်းသန့်က ဆိုသည်။​

မိုင်းအန္တရာယ်အသိပညာပေးမှုများကို အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) နှင့် ဝံလက်ဖောင်ဒေးရှင်းကလည်း လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၀ ခုနှစ်အတွင်း မြေပုံမြို့နယ်နှင့် ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ ရပ်ရွာနှင့် စစ်ဘေးရှောင်စခန်းများတွင် ပြုလုပ်နိုင်ခဲ့သည်ဟု ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

တပ်မတော်နှင့် အစိုးရဖွဲ့တို့ ပူးပေါင်း၍ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ၎င်းတို့နေထိုင်ခဲ့သည့် နယ်မြေဒေသများနှင့် မှီခိုနေရသည့် တောတောင်များအတွင်း မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးပြီးမှသာ နေရပ်ပြန်ရေးလှုံ့ဆော်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“နောက်ထပ် ဒုက္ခသည်စခန်းထဲကသော်လည်းကောင်း၊ ရပ်ရွာထဲကသော်လည်းကောင်း လူတွေ မိုင်းဒဏ်ကို မခံစားရအောင်ဆိုပြီးတော့ အသိပညာပေးမှုးတွေ လုပ်ပေးတာဖြစ်တယ်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။

တိုက်ပွဲအထပ်ထပ်ကြောင့် အသက်အိုးအိမ်လုံခြုံမှုကို ပြီးခဲ့သည့် နှစ်နှစ်ကျော်အတွင်း နေ့နေညည စိုးရိမ်နေခဲ့ကြရသည့် ရခိုင်ပြည်သူများသည် ယခုအချိန်တွင် သေနတ်ပစ်ခတ်မှုများကို မရှောင်ကွင်းကြရတော့သော်လည်း မမြင်ရသည့် မြေမြှုပ်မိုင်းများကို ရှောင်ရှားနိုင်ရန်မှာ ခက်ခဲလွန်းလှပေသည်။ 

ထင်းခုတ်သွားရင်း မျက်စိရှေ့တွင် အစ်မဖြစ်သူ မြေမြှုပ်မိုင်းနင်းမိသည့် အဖြစ်မျိုး မိသားစုဝင် နောက်တစ်ဦးတွင် ထပ်ဖြစ်မည်ကို ခပေါ်ရွာသူ ဒေါ်လှဖြူက စိုးရိမ်လျက်ရှိသည်။​ အသက်ဘေးရှိနေသော်လည်း ဝမ်းရေးခက်သည့် အတိဒုက္ခလည်း ရှိနေပြန်သည်။  

“ကျွန်မတို့က ထင်းခုတ်ပြီး ဆန်နဲ့ လှည့် (လဲလှယ်) ပြီး စားသောက်နေကြတာပါ။ စီးပွားရေးလည်းမရှိပါ။ အခု ဘယ်လိုလုပ်စားရမှာလည်း မသိတော့ဘူး” ဟု မြေမြှုပ်မိုင်းနှင့် ဝမ်းရေးကြား အန္တရာယ်နှင့် အခက်အခဲအပေါ် မလှဖြူက ညည်းတွားလိုက်သည်။ 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading