လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံရအပြီး နာရီပိုင်းအတွင်း ရဲအချုပ်တွင် သေဆုံး 

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်နယ်မြေရဲစခန်းတွင် ဖမ်းဆီးခံရပြီး ငါးနာရီအကြာတွင် ဒဏ်ရာများဖြင့် အချုပ်သားသေဆုံးခဲ့မှုကို မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးလျက်ရှိသည်

Published on Jan 27, 2021
Published on Jan 27, 2021
ရဲတပ်ဖွဲ့ဝင်များက ဥပဒေမဲ့ပြုကျင့်မှုများကြောင်း ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ထိခိုက်သေဆုံးခြင်းများနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများ ရှိနေသည်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 
ရဲတပ်ဖွဲ့ဝင်များက ဥပဒေမဲ့ပြုကျင့်မှုများကြောင်း ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ထိခိုက်သေဆုံးခြင်းများနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများ ရှိနေသည်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကမာဝက်နယ်မြေရဲစခန်းတွင် လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ အမျိုးသားတစ်ဦးသည် ဖမ်းဆီးခံရပြီး ငါးနာရီခန့်ကြာတွင် ရဲအချုပ်၌ သေဆုံးသွားခဲ့ကြောင်း စခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က ပြောသည်။

ကမာဝက် ရဲစခန်းအပိုင်အတွင်းရှိ နှီးပဒေါကျေးရွာအပြင်ဘက် ဇရပ်၌ ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် လူသတ်မှုတစ်ခု ဇန်နဝါရီ ၂၃ တွင် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သည်ဟု သံသယရှိသူ အသက် ၃၂ နှစ်အရွယ် နှီးပဒေါရွာသား ကိုဝင်းထွန်းကို ယင်းနေ့တွင် ဖမ်းဆီးခဲ့သည်ဟု ကမာဝက်နယ်မြေရဲစခန်းမှူးထံမှ သိရသည်။

“မသင်္ကာလို့ဆိုပြီး သူ့ (ကိုဝင်းထွန်း) ကို ဖမ်းခေါ်လာတယ်။ ဖမ်းခေါ်လာတဲ့အချိန်မှာထဲက သူ့မှာ ဒဏ်ရာတွေ ပါလာတယ်။ အဲ့ဒီဒဏ်ရာတွေကုဖို့ အရင် ဆေးခန်းပို့ပြီးတော့ စခန်းရောက်လာတော့ စစ်ရင်းနဲ့ သူ သတိလစ်သွားတယ်” ဟု ရဲအုပ်ကျော်မြင့်နိုင်က ပြောသည်။

အသတ်ခံရသူ အမျိုးသား မသေဆုံးမီ ကိုဝင်းထွန်းနှင့် တွေ့ဆုံခဲ့ကြောင်း ရွာအတွင်းရှိ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်း၌ တွေ့ရှိသောကြောင့် လူသတ်မှုသံသယဖြင့် ကိုဝင်းထွန်းကို ရဲက ဖမ်းဆီးစစ်ဆေးခဲ့ရာ ရဲစခန်းအချုပ်ရောက်ပြီး ၅ နာရီခန့်အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သေမှုသေခင်းပုဒ်မဖြင့် အမှုဖွင့်၍ ကိုဝင်းထွန်းအလောင်းကို ဆေးရုံပို့ကာ ရင်ခွဲစစ်ဆေးနေပြီး ဆေးစာအဖြေ စောင့်နေကြောင်း အဆိုပါစခန်းမှူးက ဆိုသည်။

ထိုသို့ အချုပ်သားသေဆုံးမှုကြောင့် လက်ရှိတွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့က စုံခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဖွဲ့၍ စစ်ဆေးနေသဖြင့် ကမာဝက်ရဲစခန်းရှိ ဖမ်းဆီးရေးအဖွဲ့နှင့် နယ်ထိန်းခေါင်းဆောင်များအပြင် ၎င်းကိုယ်တိုင်လည်း ဌာနတွင်း စစ်ဆေးခံနေရကြောင်း ရဲအုပ်ကျော်မြင့်နိုင်က Myanmar Now ကို ပြောသည်။

ကိုဝင်းထွန်း၏အလောင်းကို မြေမြှုပ်ခြင်းမပြုမီ ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုနှင့် ဓာတ်ပုံများတွင် သေဆုံးသူ၏ ပေါင်နှစ်ဖက်ကြွက်သားများတွင် ညိုမဲအကွက်ဒဏ်ရာများ ပေါ်နေခြင်း၊ ဘက်ဘက်မျက်ကွင်း ညိုမဲနေခြင်း၊ လက်ကောက်ဝတ်နှစ်ဘက်တွင် ပွန်းပဲ့ဒဏ်ရာများအပြင် ယာဘက်ညိုသကျည်းရိုးတွင် တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ခုလည်း တွေ့ရှိရသည်။

အဆိုပါ ရရှိသောဒဏ်ရာများမှာ ရဲတပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုကြောင့် မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားသော်လည်း မျက်ခုံးပြတ်ရှဒဏ်ရာမှလွဲ၍ ကျန်ဒဏ်ရာများသည် ရဲအချုပ်ရောက်ပြီးမှ ရရှိခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်များက စွပ်စွဲထားသည်။

ကျုးလွန်သည်ဟု သံသယဖြင့် ကိုဝင်းထွန်းကို ကမာဝက်ရဲစခန်းမှ ဇန်နဝါရီ ၂၃ နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။ 

ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် အချုပ်ကျနေသော သားဖြစ်သူအတွက် ထမင်းနှင့် အိပ်ယာအသုံးအဆောင်များကို ကမာဝက်နယ်မြေရဲစခန်းသို့ သွားပို့ရာတွင် သေဆုံးသည်ကို မသိရသေးဘဲ စောင့်ဆိုင်းနေခဲ့ရကြောင်း ကိုဝင်းထွန်း၏မိခင် ဒေါ်စန္ဒာက ပြောသည်။

ထိုအချိန်တွင် စခန်း၌ ရဲအရာရှိများ၊ ဆရာဝန်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့လည်း ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

“၆ နာရီခွဲလောက်ထိုးတော့ သူတို့ (ရဲ) က မေးရော။ ခင်ဗျားသားမှာ ရောဂါရှိလားတဲ့။ တခြား ဘာမှမပြောပြဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်ကတော့ အသည်းရောင်အသားဝါရောဂါဖြစ်ဖူးတယ်လို့ ပြောလိုက်တယ်။ (အခု) ရောဂါပျောက်သွားပါပြီ” ဟု ရဲစခန်းတွင် ကြုံတွေ့ခဲ့ရပုံကို ဒေါ်စန္ဒာက ပြောသည်။ 

ဒေါ်စန္ဒာက “ည ၇ နာရီ ကျော်သွားပြီ။ အဲ့ဒီမှာပဲ ထိုင်စောင့်နေတာပဲ။ သားလေးရဲ့အလောင်းကို သူတို့ (ရဲ) က သယ်ထုတ်လာတော့ ကျွန်မ နောက်ကနေလိုက်ကြည့်နေတယ်။ ကျွန်မကို တစ်ခွန်းမှ လှမ်းမခေါ်ဘူး။ ကားထဲ ထည့်ခါနီးကျတော့မှ ကျွန်မက ခဏနေဦး ခဏနေဦး။ ဒီစောင်လေး သူ့ကို ခြုံပေးပါဦး။ ကျွန်မသားကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါ ဆိုတော့မှ ကားတံခါး ဖွင့်ပေးတယ်။ အဲဒီတော့မှ သားလေးရဲ့ခေါင်းကို ပွတ်ကြည့်တော့ ဆံပင်မှာ ရေတွေစိုရွှဲနေတာပဲ” ဟု ပြောသည်။

ထို့နောက် ကိုဝင်းထွန်း၏အလောင်းကို ရင်ခွဲစစ်ဆေးရန် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ထားသည်။ 

“သေဆုံးသူ မိသားစုကိုတော့ ပြောသင့်သလောက်တော့ ပြောထားပါပြီ။ အပြီးသတ်ဆေးစာ မထွက်သေးတော့ အခုက စစ်ဆေးဆဲပဲ ရှိပါသေးတယ်”ဟု မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသန့်ကျော်က ပြောသည်။

ထိုဆရာဝန်က သေဆုံးသူ၏ ဦးခေါင်းတွင် ဒဏ်ရာတွေ့ရှိကြောင်း ပြောခဲ့သည်ဟု မိသားစုများက ပြောသည်။ 

ကိုဝင်းထွန်း၏ အလောင်းကို နှီးပဒေါကျေးရွာသုသာန်သို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး အလောင်းကို မြေမမြှုပ်မီ အသုဘပို့လာသော လူအများရှေ့တွင် စစ်ဆေးရာ ဦးခေါင်း၊ ဘယ်ဘက်မျက်စိ၊ ခြေသလုံးနှစ်ဖက်၊ ပေါင်နှစ်ဖက်တွင် အညိုမည်းစွဲနေသော ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်ဟု မိခင်ဖြစ်သူက ဆိုသည်။

“ကျွန်မကတော့ အမှန်တရားအတိုင်းဖြစ်စေချင်တယ်။ ဒီကိစ္စအတွက် လုံးဝရပ်မှာမဟုတ်ဘူး။ နတ်ပြည်အထိ အဆင့်ဆင့်သွားမယ်ဆိုလည်း သွားမယ်။ ကျွန်မက ဆင်းရဲတယ်။ အိမ်လည်းမရှိဘူး၊ ခြံလည်းမရှိဘူး။ ဒါပေမယ့် သားကို ထိရင်တော့ မခံဘူး။ သူတို့ (ရဲတပ်ဖွဲ့) တအားမှားတယ်၊ နှိပ်စက်လွန်းတယ်” ဟု ဒေါ်စန္ဒာက ပြောသည်။

ရဲက ဖမ်းဆီးစစ်ကြောမှုကြောင့် သံသယတရားခံတို့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ အလားတူဖြစ်ရပ်များ ရှိနေဆဲဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲအချုပ်တွင် တစ်ညတာ အထိန်းသိမ်းခံရစဉ် အမျိုးသားငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ရဲကင်းတွင် စစ်ဆေးမေးမြန်းခံရပြီး ခြောက်နာရီအကြာတွင် သေဆုံးခဲ့မှု ပြီးခဲ့သည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင်လည်း ၂၀၁၈ ခုနှစ်အတွင်းက ငါးဖမ်းပိုက်များပျောက်ဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံရစဉ် အမျိုးသားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုအတွင်း သေဆုံးခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ပြုကျင့်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ၊ အသက်မသေသော်လည်း သေသည့်အလား ထိခိုက်နစ်နာခဲ့ရသူများစွာရှိနေသည်။ အပြစ်ကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသော်လည်း ထိခိုက်နစ်နာမှုနှင့် နှိုင်းစာပါလျှင် ချမှတ်သည့်ပြစ်ဒဏ်က နည်းပါးသဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြန်လည်ပြုပြင်ရန်လိုအပ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading