ဗိုလ်အောင်ကျော်ဆိပ်ကမ်း ငှားရမ်းခအဖြစ် နှစ်စဉ် ဒေါ်လာသုံးသန်း ဦးပိုင် ရရှိ

TMT ဆိပ်ကမ်းဟု ပြောင်းလဲခေါ်ဝေါ်သည့် ယင်းဆိပ်ကမ်းကို KTSL ကုမ္ပဏီက တပ်မတော်ပိုင်ဆိုင်သော စီးပွားရေးဦးပိုင်လီမိတက်၏ လက်အောက်ခံကုမ္ပဏီ လန်းပြီပင်လယ်ရေကြောင်းထံမှ ၂၀၁၆ တွင် နှစ်ရှည်လုပ်ကိုင်ခွင့် ရရှိခဲ့သည်

ဗိုလ်အောင်ကျော်ဆိပ်ကမ်းဟု ယခင်က ခေါ်ဝေါ်ခဲ့သည့် TMT ဆိပ်ကမ်းဝင်ပေါက်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) သည် ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားပြီး ငှားရမ်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်း ရရှိသည်ဟု Myanmar Now က သိရသည်။

KT Services and Logistics (KTSL) ကုမ္ပဏီသည် ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ၂၀၁၆ ခုနှစ်တွင် ဦးပိုင်၏ စီးပွားရေးလက်ခွဲ တစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီထံမှ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (B.O.T) စနစ်ဖြင့် နှစ် ၅၀ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

လန်းပြီနှင့် KTSL တို့ကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များနှင့် ဆိပ်ကမ်းငှားရမ်းခကို ငါးနှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်သည်ဟု ဦးပိုင်၏ စီမံခန့်ခွဲမှုဌာန အထွေထွေမန်နေဂျာ ဦးလှမျိုးက ဆိုသော်လည်း ငါးနှစ်ပြည့်သည့် ယခု ၂၀၂၁ တွင် ပြောင်းလဲမှုမရှိကြောင်း KTSL ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ် (COO) ဦးဗညားအောင်က Myanmar Now ကို ပြောသည်။  

ဆိပ်ကမ်းကို ငှားရမ်းလုပ်ကိုင်ရန် လန်းပြီက အဆိုပြုတင်ဒါ ခေါ်ဆိုခဲ့ချိန်တွင် အနည်းဆုံး ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီလေးခုက အဆိုပြုချက် တင်ခဲ့ပြီး ယင်းတို့အနက် ပြည်တွင်းကုမ္ပဏီ KTSL ကို ရွေးချယ်ခဲ့သည်ဟုလည်း ဦးလှမျိုးက Myanmar Now ကို ၂၀၁၉ ခုနှစ်အတွင်းက ပြောကြားခဲ့သည်။

“အနောက်နိုင်ငံတွေရဲ့ ကုမ္ပဏီကျတော့ အရေးအကြောင်း တစ်ခုခုဖြစ်တယ်ဆိုရင် … ကျွန်တော်တို့အပေါ်မှာ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ပိတ်ဆို့တာမျိုးတွေ ဘာတွေ ဖြစ်သွားလို့ (အရေးတကြီး) ပြန်သွားတဲ့အခါကျရင် အလုပ်အကိုင် ပျက်မှာစိုးလို့ဆိုပြီး ကျွန်တော်တို့ (ပြည်တွင်း) ကုမ္ပဏီပဲ ရွေးလိုက်တာ” ဟု ဦးလှမျိုးက ဆိုသည်။

စစ်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့် ၂၀၀၉-၂၀၁၂ ဝန်းကျင်ကာလအတွင်း နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အအုံ၊ လုပ်ငန်းအများအပြားကို ပုဂ္ဂလိကပိုင်ပြုခဲ့ရာ ဦးပိုင်က ဝယ်ယူခဲ့သည့် လုပ်ငန်းအများအပြားအနက် ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတို့လည်း ပါဝင်သည်။

ဗိုလ်အောင်ကျော်ဆိပ်ကမ်းသည် မြေနေရာ ၂၄ ဧက ရှိပြီး ကုန်တင်သင်္ဘောကပ်နိုင်သည့် ဆိပ်ခံတံတား ၃ ခုရှိကာ စုစုပေါင်း ၄၅၇ မီတာ ရှည်လျားသည်။

ယခင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို လန်းပြီက ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် ဝယ်ယူခဲ့ပြီး ဆိပ်ကမ်း၏ တန်ဖိုးကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ကျပ် ၃၇, ၉၁၇ ဒသမ ၂၂၅ သန်း သတ်မှတ်ခဲ့သည်ဟု Myanmar Now က ဖတ်ရှုခဲ့ရသည့်  ဦးပိုင်၏ ၂၀၁၁-၁၂ ခုနှစ် ဒါရိုက်တာအဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆိပ်ကမ်းတန်ဖိုးပေးချေပြီး ၂၀၁၃ တွင် ဦးပိုင်က ဆိပ်ကမ်းကို လွှဲပြောင်းရယူခဲ့သည်။

KTSL သည် ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို လန်းပြီထံမှ နှစ်ရှည် ငှားရမ်းပြီးနောက် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ဗြိတိန်အခြေစိုက် ဆိပ်ကမ်းစီမံမှု အတိုင်ပင်ခံလုပ်ငန်း Portia Management Services ကို ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ၅ နှစ် စာချုပ်ဖြင့် စတင်ငှားရမ်းခဲ့သည်။ ထို့နောက် နိုဝင်ဘာလတွင် ဆိပ်ကမ်းကို TMT Ports ဟု အမည်ပြောင်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) က ၂၀၁၉ တွင် “တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အချိတ်အဆက်ရှိသူ ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တပ်မတော်နှင့် စီးပွားရေးအဆက်အဆံဖြတ်ရန် ဖိအားပေးမှုများ ဆက်တိုက်ရှိလာခဲ့သည်။

တပ်မတော်နှင့် စီးပွားရေးအဆက်အဆံ ပြုလုပ်ခြင်းသည် တပ်မတော်ကို ငွေကြေးထောက်ပံ့ပေးရာရောက်ပြီး တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ပံ့သူ သို့မဟုတ် ပြစ်မှုနှင့် ဆက်နွယ်သူအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

ထိုကဲ့သို့ ဖိအားပေးခံရသည့် ကုမ္ပဏီများအနက် တပ်မတော်လက်အောက်ခံကုမ္ပဏီထံမှ ဆိပ်ကမ်းလုပ်ကိုင်ခွင့်ရထားသော KTSL နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Portia Management Services လည်း ပါဝင်သည်။ ဖိအားပေးမှုများကြောင့် KTSL နှင့် ချုပ်ဆိုထားသောစာချုပ်ကို ၂၀၂၁ တွင် ဆက်လက်သက်တမ်းတိုးမည် မဟုတ်ကြောင်း Portia က ၂၀၂၀ ဇူလိုင်နှောင်းပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Portia နှင့် စာချုပ်သက်တမ်း ကုန်လွန်သွားပြီးနောက် KTSL သည် TMT ဆိပ်ကမ်းဝန်ဆောင်မှုများအတွက် မည်သည့်ပြင်ပကုမ္ပဏီကိုမျှ ငှားရမ်းတော့မည်မဟုတ်ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ် ဦးဗညားအောင်က Myanmar Now ကို ဇန်နဝါရီ ၂၆ တွင် အီးမေးမှတဆင့် ပြောကြားသည်။

“Portia နဲ့ စီးပွားရေးဆက်ဆံရေးက ၂၀၂၀ မှာ ပြီးဆုံးသွားပါတယ်။ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းလုပ်ငန်းတွေကို ကျွန်တော်တို့ရဲ့ မြန်မာဝန်ထမ်းအင်အားနဲ့ပဲ ဆက်လက်လုပ်ဆောင်နေပါတယ်။ တခြားကုမ္ပဏီတစ်ခုကို ငှားဖို့လည်း အစီအစဉ် မရှိပါဘူး” ဟု ၎င်းက ပြောသည်။

KTSL ၏ မိခင်ကုမ္ပဏီ KT Group သည် ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁ နှင့် ၂၁ ရက်တို့တွင် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက်ဟု ဆိုကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အမေရိကန်ဒေါ် လာ လေးသောင်းကျော် သို့မဟုတ် ကျပ် သန်း ၆၀ ကို လှူဒါန်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရားဝင်ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၇ ရခိုင်ပဋိပက္ခအချိန်အတွင်း တပ်မတော်၏ အလှူခံမှုများတွင် ငွေကြေးထည့်ဝင်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးသင့်သော  ကုမ္ပဏီများစာရင်းတွင် အချက်အလက်ရှာဖွေရေးအဖွဲ့က ၎င်း၏ ၂၀၁၉ အစီရင်ခံစာတွင် KT Group ကိုလည်း ထည့်သွင်းခဲ့သည်။  

ယင်းအလှူငွေများသည် ရခိုင်မြောက်ပိုင်းတွင် လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ ရည်ရွယ်သည်ဟု KTSL ၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၀၁၉ ဒီဇင်ဘာလအတွင်း Myanmar Now ကို ပြောကြားခဲ့သည်။

FFM ၏ အစီရင်ခံစာထွက်ပြီး တစ်လခန့်အကြာ စက်တင်ဘာ ၁၂ ရက်တွင် KTSL သည် ကုမ္ပဏီ၏ ငွေကြေးလှူဒါန်းမှုများ (corporate donations) ကို ရပ်ဆိုင်းခဲ့ပြီး ငွေလှူဒါန်းမှု မူဝါဒအသစ်ကို ပြုလုပ်ရန် ပြင်ပအကြံပေးများနှင့် တိုင်ပင်နေသည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ယနေ့အချိန်အထိ ကုမ္ပဏီ၏ ငွေကြေးလှူဒါန်းမှုများကို ရပ်ဆိုင်းထားဆဲ ဖြစ်ကြောင်း KTSL မှ ဦးဗညားအောင်၏ အဆိုအရ သိရသည်။

KTSL ၏ မိခင်ကုမ္ပဏီ KT Group သည် ရန်ကုန်မြို့၊ စကားဝါလမ်းနှင့် ပြည်လမ်းထောင့်ရှိ နှစ်ပေါင်း ၁၄၀ နီးပါး သက်တမ်းရှိသော ပဲခူးကလပ် (Pegu Club) အဆောက်အအုံကို ပြန်လည်မွမ်းမံလုပ်ပိုင်ခွင့် ရထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။

KT Group သည် KT Care ဖောင်ဒေးရှင်း အပြင် ပြည်တွင်းလေကြောင်းလိုင်းများအတွက် လေယာဉ်နှင့် ဆက်စပ်သည့် ဝန်ဆောင်မှုများပေးခြင်း၊ စွမ်းအင်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဆိပ်ကမ်းဝန်ဆောင်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပဲခူးကလပ် အပါအဝင် အခြားအဆောက်အအုံစီမံကိန်းများကိုလည်း လုပ်ကိုင်နေသည်ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

KT Group ၏ အမှုဆောင်အရာရှိချုပ် (CEO) ဦးဂျော်နသန် မျိုးကျော်သောင်းက ၎င်းသည် ဦးပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်း မလုပ်ကိုင်ခင်က အဆက်အဆံ မရှိခဲ့ကြောင်း၊ TMT ဆိပ်ကမ်း၏ စီးပွားရေးတွင် ဦးပိုင်သည် မည်သည့် လုပ်ငန်းပိုင်းဆိုင်ရာတွင်မှ မပါဝင်ဘဲ ဦးပိုင်၏ ဆိပ်ကမ်းမြေနေရာကိုသာ KTSL က ငှားရမ်းလုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်အတွင်း ပဲခူးကလပ်၌ Myanmar Now နှင့် တွေ့ဆုံစဥ်က ပြောကြားခဲ့သည်။

“Landlord (မြေပိုင်ရှင်) ဖြစ်နေတာက လွဲရင် ဘာမှ မရှိဘူး” ဟု ဦးဂျော်နသန် မျိုးကျော်သောင်းက ဆိုသည်။

တပ်မတော်က ၁၉၉၀ တွင်ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေး လုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနယ်ပယ်အများအပြား လုပ်ကိုင်နေပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် “ပြည်ထောင်စု” စာသားကိုဖြုတ်ကာ ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ’ ဟု ပြောင်းလဲထူထောင်ခဲ့သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာနှစ်မျိုးရှိခဲ့သည့်အနက် ‘က’ ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ‘ခ’ ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ်မပြောင်းမီ ‘က’ ရှယ်ယာများကို ‘ခ’ ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading