မဲစာရင်းပေါ်မှာ မဲမသမာမှု ရှာပုံတော်နဲ့ ရွေးကောက်ပွဲ ယုတ္တိဗေဒ

မဲစာရင်းတွေထဲမှာ ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးရဲ့ မျက်နှာစာမှာ မဖြစ်မနေ ကပ်ခဲ့ရတဲ့ မဲစာရင်းကပဲ ဥပဒေအရ တရားဝင်မှုရှိပါတယ်။ မဲရေတွက်ချိန် မသမာမှုလုပ်ဖို့ ကြိုးစားရင် အလွယ်တကူ ဖော်ထုတ်တွေ့ရှိနိုင်အောင် အဖွဲ့မတူတဲ့ လေ့လာသူအများအပြားက မဲရုံတိုင်းမှာ စောင့်ကြည့်ခဲ့ကြပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲနေ့က  မိတ္ထီလာမြို့တွင်း ရပ်ကွက်မဲရုံတစ်ခုတွင် ဆန္ဒမဲပေးနေသူတစ်ဦး (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲတွေကို ငြိမ်းချမ်းချောမွေ့စွာ ကျင်းပပြီးခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ဟာ ဒီဇင်ဘာလ (၂၃) ရက်နေ့က စပြီး မဲစာရင်းတွေကို သူ့နည်းသူဟန်နဲ့ စိစစ်ထုတ်ပြန်ခဲ့ရာ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ (၂၉) ကြိမ် ရှိပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ (၁၇) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ (၂၁) ကြိမ်မြောက် ထုတ်ပြန်ချက်အရ မဲမသမာမှုဖြစ်နိုင်တဲ့ ထပ်နေတဲ့ မဲစာရင်း၊ မဲမသမာမှုပြုနိုင်တဲ့ အခြားမဲစာရင်း ခေါင်းစဉ်တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၄) ခုမှာ စုစုပေါင်း မဲအရေအတွက် (၇,၆၂၃,၇၂၅) ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီနောက်ပိုင်း ထုတ်ပြန်ချက်တွေမှာ “မြို့နယ်တခုနဲ့တခု အပြန်အလှန်စစ်ဆေးချက် (Cross checking) အရ ထပ်နေတဲ့ မဲစာရင်း” ဆိုပြီး ထပ်တိုးဖော်ပြတဲ့ ကိန်းဂဏန်းတွေနဲ့ပါ ပေါင်းရင် (၈.၆) သန်းကျော် ရှိတယ်လို့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အလွန်များပြားတဲ့ အရေအတွက်ဖြစ်ပါတယ်။  

တပ်မတော်ဖက်က မဲစာရင်းတွေကို စိစစ်နေတာဟာ ရွေးကောက်ပွဲရလဒ်တွေကို သံသယကင်းရှင်းစွာ ယုံကြည်လက်ခံနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တဲ့ မဲစာရင်းကို ထုတ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံကနေ ထပ်တလဲလဲ တောင်းဆိုနေတာကိုလည်း တွေ့ရပါတယ်။ UEC ကလည်း တပ်မတော်က တောင်းဆိုတဲ့ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တဲ့ မဲစာရင်းဟာ မဲရုံအသီးသီးရဲ့ ရွေးကောက်ပွဲနေ့မှာ ဥပဒေနဲ့အညီ ချိတ်ပိတ် တံဆိပ်ခတ်ထားတဲ့ အိတ်ကြီးတွေထဲမှာ ရှိနေပြီး၊ တပ်မတော်တောင်းဆိုတဲ့အတိုင်း ထုတ်ပေးမယ်ဆိုရင် ဒါဟာ UEC ကို တည်ဆဲဥပဒေတွေ ဖောက်ဖျက်ကျူးလွန်ခိုင်းရာ ရောက်ပါကြောင်း တုန့်ပြန်ခဲ့ပါတယ်။

“မဲမသမာမှု ဖြစ်နိုင်ခြေ” ဒါမှမဟုတ် “မသမာမှု ပြုနိုင်ခြေ” လို့ သုံးနှုန်းထားခြင်းက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေါင်း (၈.၆) သန်းကျော် မဲမသမာမှုဖြစ်ခဲ့တယ်လို့ တပ်မတော်က အတိအကျပြောဆိုနေခြင်းလည်း မဟုတ်ပြန်ပါဘူး။ နောက်ပြီး တပ်မတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အကြား ကြေညာချက်တွေ အပြန်အလှန်ထုတ်ပြီး တုန့်ပြန်ပြောဆိုကြတာကို လေ့လာကြည့်တဲ့အခါ တပ်မတော်က အသုံးပြုနေတဲ့ မဲစာရင်းက တခု၊ ရွေးကောက်ပွဲနေ့မှာ မဲရုံအသီးသီးက အသုံးပြုခဲ့တဲ့ မဲစာရင်းက တခု ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။  

ဒါကြောင့် နိုဝင်ဘာလ (၈) ရက်နေ့မှာ မဲမသမာမှု ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား သိရှိနိုင်ဖို့ ဘယ်လိုလေ့လာနိုင်ပါသလဲ။ တကယ်လို့ ဒီပြဿနာကို တရားရုံးတခုခုမှာ ဖြေရှင်းရမယ်ဆိုရင် သက်သေခံပစ္စည်းအဖြစ် တင်သွင်းနိုင်တဲ့ မဲစာရင်းက ဘယ်ဟာလဲ။ တပ်မတော်က အသုံးပြုနေတဲ့ မဲစာရင်းလား၊ ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းလား။ မဲစာရင်းသက်သက် စစ်ဆေးပြီး ရွေးကောက်ပွဲနေ့မှာ မဲမသမာမှု ပြုခဲ့တယ်လို့ တိကျသေချာစွာ ပြောနိုင်မလား။ အဲ့ဒီမေးခွန်းတွေက ဒီဆောင်းပါးကို ရေးသားဖို့ စေ့ဆော်ခဲ့ပါတယ်။

ပထမဆုံးနဲ့ ရိုးရှင်းလွယ်ကူဆုံး ဖြေရရင် ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေဟာ တရားရုံးတခုခုကို တင်သွင်းနိုင်တဲ့ သက်သေခံပစ္စည်းများဖြစ်ပြီး၊ တင်သွင်းရမယ့် တရားရုံးကလည်း ရွေးကောက်ပွဲခုံရုံး တခုပဲရှိတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၀၂) အရ ရှင်းလင်းထင်ရှားပါတယ်။ ထိုမဲစာရင်းနဲ့အပြိုင် အခြားမဲစာရင်းတခုခု ရွေးကောက်ပွဲစနစ်အတွင်း ရှိမနေရပါ။ ဒါဆိုရင် UEC က ရွေးကောက်ပွဲနေ့မတိုင်မီက အများပြည်သူကို နှစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းကရောလို့ မေးခွန်းထုတ်နိုင်ပါတယ်။ 

ရွေးကောက်ပွဲမတိုင်မီကာလ မဲစာရင်းတိကျမှန်ကန်ရေး ပြည်သူတဦးချင်းစီက စစ်ဆေးနိုင်စေဖို့ UEC က ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးခဲ့တာ တွေ့ရှိရပါတယ်။ အဲ့ဒီမဲစာရင်းတွေကို ပြည်သူတွေက စစ်ဆေးပြီး၊ သတ်မှတ်ထားတဲ့ ပုံစံတွေနဲ့ ကန့်ကွက်တာ၊ ပြင်ဆင်ဖြည့်စွက်တာတွေကို လုပ်ရပါတယ်။ UEC က ပြင်ဆင်ပြီး နောက်ဆုံးအတည်ပြုမဲစာရင်းကို ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့ခြင်းဖြစ်လို့၊ ရွေးကောက်ပွဲနေ့ အသုံးပြုတဲ့ မဲစာရင်းတခုသာ ဥပဒေအရ တရားဝင်မှုရှိပါတယ်။ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တဲ့ မဲစာရင်းကို UEC ဟာ ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးရဲ့ မျက်နှာစာ အများပြည်သူ မြင်သာတဲ့နေရာမှာ ဥပဒေနဲ့အညီ ကပ်ထားရပါတယ်။ ကပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။ 

ရွေးကောက်ပွဲနေ့ မဲလာပေးတဲ့အခါ မဲဆန္ဒရှင်တွေဟာ မဲစာရင်းမှာ သူတို့ရဲ့ မဲစာရင်းအမှတ်ကို ကြည့်ရှုမှတ်သားပြီး၊ မဲပေးတဲ့အခါ မဲစာရင်းစစ်ဆေးသူကို မဲစာရင်းအမှတ် ပြောပေးခြင်းဖြင့် မဲပေးခြင်းလုပ်ငန်း လျှင်မြန်ချောမွေစေဖို့ မဲစာရင်းကြည့်ကြပါတယ်။ ပြည်သူတွေကို မဲစာရင်းကြည့်ဖို့ တိုက်တွန်းသလို ရွေးကောက်ပွဲပညာပေးလုပ်ငန်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြပါတယ်။ တကယ်လို့ မဲမသမာမှု ပြုလုပ်ဖို့ ကြိုတင်ကြံရွယ်ထားမယ်ဆိုရင် မဲရုံတွေရှေ့မှာ ကပ်ထားတဲ့ မဲစာရင်းမှာတင် ပေါ်လွင်ထင်ရှားနေမှာဖြစ်ပြီး ပါတီအသီးသီးက မဲရုံကိုယ်စားလှယ်များနဲ့ သူတို့ပါတီကို ထောက်ခံကြတဲ့ မဲဆန္ဒရှင်များ မသိရှိဘဲနေမှာ မဟုတ်ပါဘူး။

အရိုးရှင်းဆုံး ယုတ္တိဗေဒ ဆင်ခြင်မှုအရ မဲမသမာမှု ကျူးလွန်ခြင်း ရှိမရှိဆိုတာ မဲပေးခြင်းဖြစ်စဉ်မရှိဘဲ ဘယ်လိုမှ မသိနိုင်ပါဘူး။ ဒါကြောင့် မဲမသမာမှု ရှိမရှိကို အမှန်တကယ်သိရှိနိုင်ဖို့ ရွေးကောက်ပွဲနေ့မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ်မှာပဲ သုံးသပ်ရမှာဖြစ်ပြီး မဲစာရင်းကြည့်ပြီး သုံးသပ်လို့မရဘူးဆိုတာ ထင်ရှားပါတယ်။ တပ်မတော်ဟာ ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်လေ့လာမှုတွေကို စနစ်တကျ ပြုလုပ်ခဲ့သလား။ မဲမသမာမှုသံသယကို အကြိမ်ကြိမ်ပြောဆိုရာမှာ မဲစာရင်းစိစစ်မှုအပေါ်မှာပဲ အခြေခံထားပြီး၊ ရွေးကောက်ပွဲနေ့ဖြစ်စဉ်အပေါ် တလုံးတပါဒမှ ပြောဆိုခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနဲ့ တွေ့ရှိချက်များ

နိုဝင်ဘာလ (၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာမှု ပြုနိုင်ဖို့ UEC ဟာ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ The Carter Center နဲ့ Asian Network for Free Election (ANFREL) တို့နဲ့၊ ပြည်တွင်းအဖွဲ့အစည်းတွေဖြစ်တဲ့ People Alliance for Credible Elections (PACE) နဲ့ Myanmar Network Organization for Free and Fair Elections (MYNFREL) တို့ဟာ မြန်မာနိုင်ငံအနှံ့က မဲရုံတွေရဲ့ မဲပေးမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတွေကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ပြည်တွင်းပြည်ပမီဒီယာများကလည်း ရွေးကောက်ပွဲဖြစ်စဉ်တွေကို သတင်းပေးပို့ကြပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ စောင့်ကြည့်လေ့လာပုံနည်းစနစ်က ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလ၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအလွန်ကာလဆိုပြီး အပိုင်း (၃) ပိုင်း ခွဲပြီး လေ့လာကြပါတယ်။ ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာမှု နည်းစနစ်မှာလည်း မဲရုံဖွင့်ချိန်ကစပြီး ဆန္ဒမဲများ ရေတွက်ပြီးစီးချိန်အထိ ဖြစ်စဉ်တွေကို လေ့လာကြပါတယ်။ လေ့လာရာမှာလည်း မဲရုံတရုံမှာ အစအဆုံးလေ့လာတဲ့အဖွဲ့နဲ့ မဲရုံတွေကို ကူးပြောင်းလေ့လာတဲ့ ရွေ့လျားအဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲ လေ့လာပါတယ်။ အဲ့ဒီနောက် ရွေးကောက်ပွဲပြီး ရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲ ကနဦးအစီရင်ခံစာတွေကို ထုတ်ပြန်ကြပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲကို The Carter Center က  ပြည်နယ်နဲ့ တိုင်း (၁၀) ခုရှိ မဲရုံပေါင်း (၂၃၄) ရုံ၊ ANFREL က ပြည်နယ်နဲ့ တိုင်း (၁၃) ခုရှိ မဲရုံပေါင်း (၂၆၇) ရုံ၊ PACE က နိုင်ငံအနှံ့က မဲရုံပေါင်း (၉၆၁) နဲ့ မြို့နယ် (၃၀၅) မြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးများ၊ MYNFREL က ကချင်၊ ကယား၊ ရှမ်း (အရှေ့)၊ ရှမ်း (မြောက်)၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်းဒေသကြီးများရှိ မဲရုံပေါင်း (၄၀၀) ခန့် ကို စောင့်ကြည့်လေ့လာခဲ့ကြကြောင်း အဲ့ဒီအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့တဲ့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအနှံ့က မဲရုံတွေမှာ မဲပေးမှုဖြစ်စဉ်တွေကို လေ့လာခဲ့ကြတယ်ဆိုတဲ့ သက်သေအထောက်အထားကို ရရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာတဲ့ သူတွေထဲမှာ အထက်ဖော်ပြပါအဖွဲ့တွေ၊ နိုင်ငံခြားသံရုံးများနဲ့ မီဒီယာတွေအပြင်၊ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးက ခန့်အပ်ထားတဲ့ မဲရုံကိုယ်စားလှယ် (၂) ဦးစီကလည်း မဲရုံတိုင်းမှာ ရှိကြပါတယ်။ (စာကြွင်း။  ။ ချွင်းချက်အနေနဲ့ အချို့ကိုယ်စားလှယ်များက မဲရုံတိုင်းမှာ မဲရုံကိုယ်စားလှယ် မထားနိုင်တာလည်း ရှိနိုင်ပါတယ်။) အဲ့ဒီ မဲရုံကိုယ်စားလှယ်တွေဟာ မဲရုံဖွင့်ချိန်ကနေ ဆန္ဒမဲများ ရေတွက်ပြီးစီးချိန်အထိ မဲပေးမှုဖြစ်စဉ်တလျှောက်လုံး မဲမသမာမှု ရှိမရှိ အဓိကထား စောင့်ကြည့်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးခြင်းပြီးလို့ မဲတွေ စတင်ရေတွက်ခြင်း အစမပြုမီ နောက်ဆုံးမဲပေးခဲ့တဲ့ မဲဆန္ဒရှင် (၁၀) ဦးဟာလည်း မဲရေတွက်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်ရတဲ့ သက်သေများအဖြစ် မဲရုံအတွင်းမှာ ရှိနေကြပါသေးတယ်။ ဒါကြောင့် မဲတွေကို ရေတွက်ချိန်မှာ မဲမသမာမှု ပြုလုပ်လို့ မရတာ ထင်ရှားပါတယ်။ မဲမသမာမှု ပြုလုပ်ဖို့ ကြိုးစားရင်လည်း အလွယ်တကူ ဖော်ထုတ်တွေ့ရှိနိုင်လောက်အောင် မျက်လုံးပေါင်းများစွာက မဲရေတွက်တာကို စောင့်ကြည့်နေခဲ့ကြတာပါ။

ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်အပါအဝင် ရွေးကောက်ပွဲတခုလုံးကို စောင့်ကြည့်လေ့လာခဲ့တဲ့ The Carter Center, ANFREL, PACE နဲ့ MYNFREL တို့ဟာ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း ကနဦးအစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ အစီရင်ခံစာအားလုံးရဲ့ တူညီချက်က နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲကို နိုင်ငံတဝှမ်းမှာ အေးအေးချမ်းချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာတိုင်းမှာ ဖော်ပြထားတာ မတွေ့ရှိရပါဘူး။ အဲ့ဒီအပြင် ဥရောပသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတွေကလည်း သူတို့ရဲ့ လေ့လာတွေ့ရှိချက်မှာ မဲမသမာမှုတွေ ရှိတယ်လို့ သတင်းမထုတ်ပြန်ကြပါဘူး။ ပြည်တွင်းပြည်ပမီဒီယာတွေကလည်း ရွေးကောက်ပွဲနေ့မှာ မဲမသမာမှုတွေကို အကွက်ကျကျ ကျူးလွန်ခဲ့တယ်လို့ မတွေ့ရှိခဲ့ပါဘူး။ ဒါဟာ ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ သက်သေအထောက်အထားတွေပဲဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ (စာကြွင်း။  ။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ ဥပဒေနဲ့အညီ ရွေးကောက်ပွဲနေ့လုပ်ငန်းစဉ်တွေက မဲမသမာမှု မလုပ်နိုင်အောင် ဆောင်ရွက်ထားလို့ လေ့လာသင့်ပါတယ်။) 

ရည်ညွှန်းကိုးကားချက်များ

၁။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ (နိုဝင်ဘာလ ၁၇၊ ၂၀၂၀) မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ (၂၁) ကြိမ်မြောက် ထုတ်ပြန်ချက်။

၂။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (ဒီဇင်ဘာလ ၇၊ ၂၀၂၀) သက်သေခံဥပဒေ ပုဒ်မ ၇၄ နှင့် ၇၆ တို့အရ ညွှန်ကြားပေးပါရန်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း။

၃။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (ဒီဇင်ဘာလ ၃၀၊ ၂၀၂၀) ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်။

၄။ The Carter Center (နိုဝင်ဘာလ ၁၀၊ ၂၀၂၀) မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကနဦးအစီရင်ခံစာ။ 

၅။ PACE (နိုဝင်ဘာလ ၉၊ ၂၀၂၀) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာ။

၆။ MYNFREL (နိုဝင်ဘာ ၉၊ ၂၀၂၀) ရွေးကောက်ပွဲနေ့ လေ့လာတွေ့ရှိချက်များအား အနှစ်ချုပ်ထုတ်ပြန်ချက်။

၇။ ANFREL  ကြားဖြတ်အစီရင်ခံစာ

ဇော်အောင်သည် လွတ်လပ်သော သုတေသီတဦးဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ် သီရိလင်္ကာနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ANFREL ၏ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading