အယ်ဒီတာ့အာဘော်

အာဏာသိမ်းရန်ခြိမ်းခြောက်မှု ပြည်သူများကို စော်ကားခြင်းဖြစ်

(အယ်ဒီတာ့အာဘော်)–၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲတွင် မဲစာရင်းများချွတ်ယွင်းနေသောကြောင့် ထိုကိစ္စကို အစိုးရက ဖြေရှင်းပေးရန်၊ မဖြေရှင်းပေးပါက နိုင်ငံရေးအကျပ်အတည်းတစ်ခုသို့ ဦးတည်သွားမည်ဟု အဓိပ္ပာယ်သက်ရောက်သည့် ကြေညာချက်တစ်စောင်ကို တပ်မတော်က မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည်။ 

ယနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင်မူ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်ပြီး မဖြေရှင်းလျှင် အာဏာမသိမ်းဘူးဟု မဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။  မြန်မာနိုင်ငံတွင် မှတ်ပုံတင်မရှိသူများ၊ ရွေးကောက်ပွဲနီးမှ မှတ်ပုံတင်လုပ်ရသူများ အများအပြားရှိသကဲ့သို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်မှုဖြင့် အပြစ်ပေးခံခဲ့ရသော ထောက်လှမ်းရေးအရာရှိဟောင်း ဇေယျာဖြိုးကဲ့သို့ အကြံအဖန်မှတ်ပုံတင် ၃၊ ၄ ခု ကိုင်သူများလည်း ရှိသည်။ ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏အခြေခံကျသော သက်သေခံကတ်ပြားကိုပင် စနစ်တကျ မလုပ်နိုင်သေးသော အခြေအနေတွင် မဲစာရင်းမှားယွင်းမှုဆိုသည်မှာ အံ့ဩဖွယ်မရှိပေ။ ရွေးကောက်ပွဲကော်မရှင်ကို တပ်မတော်ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဦးတင်အေး ဦးစီးခဲ့စဉ်ကလည်း မဲစာရင်းမှန်ကန်မှုမှာ ရာခိုင်နှုန်းအနည်းငယ်သာရှိသည်ဟု ဝန်ခံခဲ့ပြီး ဖြစ်သည်။ ခြိမ်းခြောက်ပြီးမဲထည့်စေခြင်း၊ ဘာသာရေးလူမျိုးရေးအသုံးပြု၍ မဲထည့်ရန် စည်းရုံးခြင်း၊ ငွေပေး၍ မဲဝယ်ခြင်း၊ တမင် မဲလိမ်မဲခိုးခြင်းများရှိပါက တပ်မတော်ပင်မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုက ပြောလျှင်ပင် တစ်နိုင်ငံလုံးအလေးထားရမည့်ကိစ္စဖြစ်ပါသည်။  သို့သော် ထိုသို့သော ကလိမ်ကကျစ်၊ ဥပဒေဖောက်ဖျက်လုပ်ဆောင်ခြင်းများ ပြုသည်ဟု အထောက်အထားမပြနိုင်ဘဲ ထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သည့်သဘော ပြောဆိုခြင်းမှာ ကိုဗစ်ကပ်ဘေးကာလကြီးတွင် ရောဂါပိုးကူးစက်ခံရမည့်ဘေးကိုပင် စွန့်စားပြီး မဲထည့်ခဲ့သော မဲဆန္ဒရှင်ပြည်သူများကို စော်ကားမော်ကားပြုခြင်းသာဖြစ်သည်။ 

၁၉၆၂ နှင့် ၁၉၈၈ တပ်မတော်ခေါင်းဆောင်များ၏ အာဏာသိမ်းမှုများကြောင့် မြန်မာနိုင်ငံသည် ပညာရေး၊ ကျန်းမာရေး၊ ကိုယ်ကျင့်တရားပိုင်းများတွင် များစွာပျက်စီးခဲ့သည်။ 

အာဏာရှိသူလူတစ်စု ကျိကျိတက် ချမ်းသာကြွယ်၀သွားချိန်တွင် သန်းပေါင်းများစွာသော ပြည်သူများ နိုင်ငံတကာသို့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသည်။ ပြည်ပတွင် ကျွန်ဘဝသာသာ အလုပ်လုပ်ကိုင်နေရသူများလည်း ရှိနေသည်။ ထိုအခြေအနေများကို ထောက်ရှုပြီး တပ်မတော်အနေဖြင့် ပြည်သူများ၏ ဆန္ဒကိုအလေးထားသင့်ပါပြီ။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၂၀ တွင်သာမက ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း အပြတ်အသတ် မဲအနိုင်ရခဲ့သည့်ပါတီဖြစ်သည်။ NLD ၏ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှု၊ လွှတ်တော်တွင်း အမတ်နေရာအများစုကို စိုးမိုးထားသော်လည်း အစိုးရကို သမာသမတ်ကျစွာ ထိန်းကျောင်းမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ မပြင်နိုင်သေးသော်လည်း ရရှိထားသည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ပိုင်ခွင့်များကို အသုံးချပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတန်ဖိုးများ တိုးမြှင့်ရန် အပတ်တကုတ်ကြိုးပမ်း အားထုတ်မှုများအပိုင်းတွင် လွန်ခဲ့သည့် ၅ နှစ်တာအတွင်း ကျေနပ်အားရစရာ မရှိပါ။  သို့သော်လည်း NLD အစိုးရသည် ယခင်အုပ်ချုပ်ခဲ့သော စစ်အစိုးရများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရထက် ပညာရေး၊ ကျန်းမာရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် သာလွန်သည်ဆိုသည်မှာ မည်သူမျှ ငြင်းချက်မထုတ်နိုင်သော အချက် ဖြစ်သည်။ 

ထိုအချက်များကြောင့် NLD ပါတီသည် ပြည်သူများကြားတွင် ရေပန်းစားဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် NLD ကဲ့သို့ အတိုင်းအတာတစ်ခုထိ အားကောင်းမောင်းသန် နိုင်ငံရေးပါတီတစ်ခု ပေါ်ပေါက်လာခြင်းမရှိသေးသည့် အချက်ကြောင့်လည်း NLD အစိုးရကို သဘောမတွေ့သူများပင် တခြား ရွေးချယ်စရာမရှိဘဲ NLD ကို မဲထည့်ခဲ့ရသည်။ ထိုအခြေအနေများကို ထောက်ရှုလျှင် NLD အနိုင်ရသည်မှာ မည်သို့မျှ အံ့ဩဖွယ်ရာမဟုတ်ပါ။ 

အံ့ဩဖွယ်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတစ်ရပ်လုံး၏ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုခဲ့သည် ဆိုသော်လည်း ပြည်သူအများစုက ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အများအပြားကို ပြင်ဆင်ချင်ပါသည်ဟု ကြွေးကြော်ထားသောပါတီကိုသာ မဲထည့်ခဲ့ခြင်းဖြစ်သည်။ 

အမှန်တကယ် လူထု ၉၂ ရာခိုင်နှုန်းက အခြေခံဥပဒေကို ထောက်ခံလျှင် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များသည် အလိမ်အညာသာဖြစ်မည်။ တစ်ဖက်တွင် ထိုရွေးကောက်ပွဲရလဒ်များ မမှန်ဟု ခိုင်မာစွာသက်သေမပြနိုင်လျှင် ၂၀၀၈ အခြေခံဥပဒေကို ပြည်သူအများစုက ထောက်ခံခဲ့သည်ဆိုသည်မှာ အလိမ်အညာသာဖြစ်ပါသည်။ 

ရွေးကောက်ပွဲ စောင့်ကြည့်ရန်အတွက် ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လေ့လာသူများ အင်အားကောင်းစွာ ရှိနေပါသည်။

အမှန်တကယ်ဖြစ်သင့်သည်မှာ တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ပိုမိုလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံရေးတွင် ပါဝင်နေမှုများကို တဖြည်းဖြည်း လျှော့ချသွားနိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

Show More

Related Articles

Back to top button