ဥပဒေမဲ့ နှိပ်စက် စစ်ဆေးမှုများကို ရဲတပ်ဖွဲ့ ပြောင်းလဲနိုင်မှာလား

ရဲတပ်ဖွဲ့သည် အများပြည်သူ ယုံကြည်မှု ရရှိရန်အတွက် များစွာ ကြိုးစားရဦးမည်ဟု အတွင်းသိတချို့က ပြောသည်။

Published on Jan 14, 2019
ရန်ကုန်၊ သန်လျင်မြို့ ရဲစခန်းတွင် ထိန်းသိမ်းခံရစဉ် ရရှိသည့် ဒဏ်ရာများကြောင့် ရက်များမကြာမီအတွင်း သေဆုံးခဲ့ရသူ ကိုအောင်အောင်၏ ဓာတ်ပုံနှင့် အတူ တွေ့ရသော သူ၏ မိခင် ဒေါ်အေး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
ရန်ကုန်၊ သန်လျင်မြို့ ရဲစခန်းတွင် ထိန်းသိမ်းခံရစဉ် ရရှိသည့် ဒဏ်ရာများကြောင့် ရက်များမကြာမီအတွင်း သေဆုံးခဲ့ရသူ ကိုအောင်အောင်၏ ဓာတ်ပုံနှင့် အတူ တွေ့ရသော သူ၏ မိခင် ဒေါ်အေး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

စက်တင်ဘာ လလယ်ပိုင်း ညတစ်ညတွင် ရန်ကုန်၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင် တချို့က အငှားကားတစ်စီးကို စစ်ဆေးပြီးနောက် ယာဉ်မောင်းသူအပါအဝင် သုံးဦးကို  ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ဘက်ထရီခိုးမှု ကျူးလွန်သူများဟု ရဲတို့က ယူဆခြင်းကြောင့် ထိုသို့ထိန်းသိမ်းလိုက်ခြင်းဖြစ်ရာ ယာဉ်မောင်း ကိုအောင်အောင်နှင့် ကားပေါ်ပါလာသူ အခြားနှစ်ဦးသည် ထိုညက အိမ်သို့ မပြန်နိုင်တော့ပေ။

ကိုအောင်အောင်၏မိခင် အသက် ၆ဝ ကျော်အရွယ် ဒေါ်အေးက နောက်တစ်နေ့တွင် ရဲစခန်းသို့ သွားရောက်ပြီး တစ်နေကုန် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ခွင့် မရခဲ့ဟု ဆိုသည်။ နောက်တစ်နေ့တွင်မူ ရဲစခန်းက ဒေါ်အေးကို ဒဏ်ရာဗရပွရရှိထားသော ကိုအောင်အောင်နှင့် တွေ့ခွင့်ပြုခဲ့သည်။

“သူ့မှာ မတ်တပ်တောင် မရပ်နိုင်လို့ လူတွဲပြီး တွေ့ရတာ” ဟု ဒေါ်အေးက ငိုပြီး ပြောပြသည်။

ရဲစခန်းတွင် ထိုသို့ တွေ့ဆုံစဉ်က ကားဘက်ထရီခိုးမှု ကျူးလွန်သည်ဟူသော ဖြောင့်ချက်ကို မပေးသဖြင့် နှိပ်စက်ခံရသည် ဟူသော ဖြစ်ရပ်အကြောင်း ပြောမပြခဲ့ဟု  မိခင်က ဆိုသည်။

“အင်းစိန်ထောင်ကိုပို့ပြီး ထောင်ဝင်စာ သွားတွေ့တော့လည်း သားကို အချုပ်သား အချင်းချင်းတွဲပြီး ထုတ်လာရတယ်။ (ထောင်ရောက်တော့မှ) သားက ပွင့်ပွင့်လင်းလင်း ပြောရဲတော့တယ်၊ သူ့ကို လက်ထိပ် နောက်ပြန်ခတ်ပြီး ရင်ဘတ်ကို တုတ်နဲ့ရိုက်၊ ကျင်စက်နဲ့ တို့တယ်၊ ဒူးထောက်ခိုင်းပြီး ကျောကုန်းကို ကန်တယ် တဲ့” ဟု ဒေါ်အေးက မျက်ရည်စက်လက်ဖြင့် ပြောပြသည်။

ဖမ်းဆီးထိန်းသိမ်းမှု ၁၄ ရက်မြောက်နေ့တွင် တရားခွင်သို့ ထပ်မံပို့ဆောင်ရာ အာမခံဖြင့် လွတ်လာမည်ဟု မိသားစုက မျှော်လင့်ထားကြသည်။ သို့သော်လည်း အချုပ်ကားပေါ်မှအဆင်း သတိလစ်ပြီး လဲကျသွားသော ၂၈ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူသည် ဆေးရုံရောက်ပြီး ၃ နာရီအကြာတွင် သေဆုံးသွားသည်။

စစ်ကြောရေးကာလအပြီး ရက်အတန်ကြာတွင် ယာဉ်မောင်း ကိုအောင်အောင် သေဆုံးသွားမှု ကဲ့သို့သော ဖြစ်ရပ်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရည်အသွေးကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ရဲတပ်ဖွဲ့အတွင်း အရေးကြီးတာဝန် ယူခဲ့ဖူးသူ တချို့ကလည်း ရဲတပ်ဖွဲ့သည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော်လည်း အများပြည်သူ၏ ယုံကြည် ကိုးစားမှု ရရှိရန်အတွက် များစွာ ကြိုးစားရဦးမည်ဟု ပြောကြသည်။

စစ်ကြောရေး

ကိုအောင်အောင်နှင့်အတူ ဖမ်းဆီးခံရသူ နှစ်ဦးသည်  အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။     သန်လျင်ရဲစခန်းမှူး ရဲအုပ်မြတ်စိုးသည် အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။  

ပြီးခဲ့သည့် ၁၂ လ တာ အတွင်း  ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ရဲတပ်ဖွဲ့ဝင်တို့က စွပ်စွဲခံရသူများကို  နှိပ်စက်ညှဉ်းပန်းသည်ဟူသော အမှု ၁၁ မှု နှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထားသည်ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောသည်။

 မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တွင် ပြီးခဲ့သည့် ၁၂ လတာ အတွင်း အနယ်နယ်မှ အလားတူ အမှု  ၁၂၈ မှုအထိ ရှိခဲ့ကြောင်း သိရသည်။ 

ကော်မရှင်က အငှားယာဉ်မောင်း ကိုအောင်အောင်အမှုကို မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးပြီးနောက် ထိုအမှုအတွက် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို အရေးယူရန်  ဒီဇင်ဘာလဆန်းတွင် တိုက်တွန်းခဲ့သည်။

ရဲက ဖမ်းဆီးစစ်ကြောမှုကြောင့် သံသယတရားခံတို့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့နှင့် ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့များက စောင့်ကြည့် မှတ်တမ်းတင်ခြင်းမှာ များစွာ အရှိန်မရသေးပေ။

ပြီးခဲ့သည့်နှစ်အတွင်း   ရဲစခန်းက စစ်ကြောမေးမြန်းသည့် ကာလအတွင်း သေဆုံးခဲ့ကြသူများထဲတွင်  ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ၂၆ နှစ်အရွယ် ဈေးသည်တစ်ဦး၊    ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် အထိန်းသိမ်းခံရသည့် ငါးဖမ်းပိုက်ခိုးယူမှု သံသယ တရားခံတစ်ဦးတို့ ပါဝင်သည်။ ဧရာဝတီရှိ အခြားမြို့တစ်မြို့ဖြစ်သော လပွတ္တာတွင် ထိုနှစ် ဧပြီလအတွင်း ထိန်းသိမ်း စစ်ကြောခံရသူ ခိုးမှုသံသယတရားခံအမျိုးသားမှာ အသက်သေဆုံးခြင်း မရှိသော်လည်း ကြိုးတုပ်ပြီး မျက်နှာကျက်တွင် တွဲလောင်းဆွဲထားခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်း၊ ပလပ်စတစ် မီးရှို့ပြီး မျိုးပွားအင်္ဂါပေါ် အစက်ချခြင်း စသည့် ညှဉ်းပန်းမှုများကို ရင်ဆိုင်ခဲ့ရသည်။ ထိုအမှုကို စုံစမ်းခဲ့သည့်   အမျိုးသားလူ့အခွင့်အရေးကော်မရှင်က  သက်ဆိုင်သူများကို အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်။

အဆိုပါစခန်းမှ ရဲအုပ်ကျော်ကျော်နိုင်အပါအဝင် ၇ ဦးသည်  အပြင်းအထန် နာကျင်စေမှုများဖြင့် အမှုဖွင့် အရေးယူခံခဲ့ရသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၏ မှတ်တမ်းဟောင်းတစ်ခုတွင် ဖော်ပြထားသည်။ 

၂ဝ၁၇ ခုနှစ်ကလည်း မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ ၅၂ နှစ် အရွယ် မုဒိမ်းမှု သံသယ တရားခံ အမျိုးသားသည် ဖမ်းဆီးခံရပြီး သုံးရက်မြောက်နေ့တွင် သေဆုံးခဲ့သည်။ ထိုအမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို အရေးယူရန် စစ်ဆေးခဲ့သည်ဟု သိရသည်။ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းသော်လည်း ရဲတပ်ဖွဲ့က တယ်လီဖုန်းဖြင့် ဖြေကြားရန် အဆင်သင့် မဖြစ်သေးပေ။ 

နောက်ဆုံးဖြစ်ရပ်မှာ  ဇန်နဝါရီ ၂ ရက်နေ့က မန္တလေးမြို့ အချုပ်ခန်းတစ်ခုတွင် ၂၆ နှစ်အရွယ် ကိုအောင်အောင်သက် သေဆုံးမှု ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်တို့၏ လက်ချက်ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုက ယူဆနေသော်လည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ကမူ အခြား အချုပ်သားတို့နှင့် ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အချုပ်သား ၄ ဦးကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း Myanmar Now ကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်သည် တပ်ဖွဲ့ဝင် အင်အားနှင့်လည်း သက်ဆိုင်နေသည်။

ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံ အင်အားအရ တပ်ဖွဲ့ဝင် ၁၆၀,၀၀၀ ထက် မနည်း ရှိရမည် ဖြစ်သော်လည်း အမှန်တကယ် ရှိနေသည့် အရေအတွက်မှာ ၇၆,၉၆၄  ဦးသာ ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂ဝ၁၆  သြဂုတ်လ ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုတွင် တင်ပြခဲ့သည်။

CID မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီး အောင်မြင့်စိုးကလည်း ရဲတပ်ဖွဲ့တွင် လိုအပ်သည့် တပ်ဖွဲ့အရေအတွက်၏ ၅ဝ ရာခိုင်နှုန်းခန့်သာ ရှိနေသဖြင့် တပ်ဖွဲ့ဝင်များသည် တာဝန် ပိုမိုထမ်းဆောင်နေကြရသည်ဟု ပြောသည်။

လစာ နည်းပါးမှု၊ မိသားစု စားဝတ်နေရေး စသည့် အခက်အခဲများလည်း ရှိနေကြရာ တချို့သော လုပ်ငန်းခွင် ပြဿနာ၊ ဥပဒေချိုးဖောက်မှုတို့မှာ လူပင်ပန်း၊ စိတ်ပင်ပန်းမှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“စွပ်စွဲခံရသူကို နှိပ်စက်တာမျိုး မလုပ်ရဘူး။ ဖမ်းဆီးရမယ့်သူတွေကို မဖမ်းတာမျိုး၊ မဖမ်းသင့်တဲ့သူကို ဖမ်းဆီးတာမျိုး မလုပ်ရဘူး။ မတရား ချုပ်နှောင်ထားတာမျိုး မလုပ်ရဘူး။ နောက်ပြီး အမှုအရည်အသွေး ပျက်သွားအောင်လို့ အမှုကို ပြင်ဆင်တာမျိုး မလုပ်ရဘူး။ အချုပ်သားတွေကို နှိပ်စက်ပြီး စစ်ချက် အတင်းယူတာမျိုး မလုပ်ရဘူး” ဟု သူက Myanmar Now ကို ပြောပြသည်။

ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခြင်းကပင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပြီး လူသေဆုံးမှုအထိ ဖြစ်ခဲ့မည် ဆိုလျှင် အရပ်ဘက် ရာဇဝတ်မှုပုဒ်မများနှင့် ထပ်မံ အရေးယူခံရမည်ဖြစ်ကြောင်း ရဲမှူးကြီး အောင်မြင့်စိုးက ဆက်ဆိုသည်။

တပ်သားသစ်ရရှိရေး အခက်အခဲ

ရဲမှူးကြီးဟောင်း မောင်စိုးက ရဲတပ်ဖွဲ့တွင် နေရာ လစ်လပ်နေမှုကို ပြန်လည်ဖြည့်တင်းရန် အရေးကြီးကြောင်း၊ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီး တာဝန်ထမ်းလိုသူ များစွာ မရှိကြောင်း သုံးသပ်သည်။

အောက်ခြေအဆင့် ရဲတပ်ဖွဲ့ဝင်များကို ၁ဝ တန်းအောင်မှ လက်ခံရန် စီမံဆောင်ရွက်ခဲ့သော်လည်း တပ်သားသစ်များ မရနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် ၈ တန်းအောင်သို့ လျှော့ချခဲ့ရသေးကြောင်း ယခင်အစိုးရ လက်ထက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယူခဲ့သူ ရဲမှူးကြီးဟောင်း မောင်စိုးက ပြောသည်။

“တကယ့်ကို ပညာတတ်တဲ့ရဲတွေ ဖြစ်လာစေဖို့ ကျွန်တော်တို့ လုပ်ခဲ့သေးတယ်။ ပညာတတ်မှလည်း တကယ်ထူးချွန်တဲ့ ရဲတွေ မွေးထုတ်နိုင်မှာမို့ ကျွန်တော်တို့စီစဉ်ခဲ့ကြတာ။ ဒါပေမယ့် အဲ့ဒီတန်းကို ညှိတဲ့အခါ တပ်သားသစ် တစ်ယောက်မှ ရဖို့လမ်းမရှိခဲ့ဘူး” ဟု သူကဆိုသည်။

“ရဲဆိုတာ စစ်ရင် ရိုက်စစ်ရမယ့်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကလည်း တပ်ဖွဲ့ဝင်တွေအကြား ကိန်းအောင်နေတာတွေနဲ့ အခုထိ မလိုလားအပ်တဲ့ အဖြစ်တွေအများကြီး ဖြစ်ပျက်နေရတာပေါ့”

ရဲတပ်ဖွဲ့၏ တာဝန်ချထားမှုပိုင်းဆိုင်ရာ၊ အထောက်အပံ့တို့ကလည်း တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းလုပ်ကိုင်မှုအပေါ် သက်ရောက်မှု အများအပြား ရှိသည်ဟု သူက ယူဆသည်။

“သူများတွေ ပျော်နေချိန်မှာ သူတို့က လုံခြုံရေး တာဝန်ယူနေရတယ်။ သူတို့လည်း လူငယ်တွေပဲဗျာ။ ပျော်ချင်ရှာမှာပေါ့။ အဲ့ဒီကြားထဲမှာ ဗရုတ်သုတ်ခ လုပ်တဲ့သူတွေနဲ့ ဆုံရင် အလိုလိုနေရင်း ဒေါသက ထွက်ရော။ နောက်ပြီး ရဲလုပ်ငန်းစဉ်မှာ သာမန်အမှုကို ၂ ပတ်အတွင်း တရားရုံးကို အမှုတွဲတင်ရတယ်။ အမှုကြီး (လူသတ်မှုမျိုး)တွေ ဆိုရင်သာ တစ်လအချိန်ရတာ။ အဲ့ဒီတော့ အမှုတွဲ မရမနေ တင်လို့ရအောင် စစ်ချက်ယူချိန်တွေမှာ အတင်းအကျပ် ယူခဲ့တာမျိုးတွေ ဖြစ်ကုန်ရော” ဟု သူက ဆိုသည်။

တပ်ဖွဲ့ဝင်တို့သည် သံသယရှိသူကို ဖမ်းဆီးခြင်း၊ တရားရုံးသို့ သွားရောက်ပြီး ထွက်ဆိုရခြင်း စသည့် လုပ်ငန်းဆောင်တာများအတွက် ကုန်ကျစရိတ်ကို အိတ်စိုက် လုပ်ကိုင်ခဲ့ရပြီး ယခုအစိုးရလက်ထက် ရောက်မှသာ အထောက်အပံ့အနည်းငယ် ရလာသည် ဟူသော အချက်ကို သူက အတည်ပြုသည်။

တာဝန်ထမ်းဆောင်နေစဉ် အထောက်အပံ့ လုံလောက်မှု မရှိခြင်းသည် အဂတိလိုက်စားရန် တွန်အားပေးနေသကဲ့သို့ ဖြစ်နေကြောင်း၊ ပြည်သူအများ၏ လေးစားမှုများ လျော့ကျစေခဲ့ကြောင်း သူက သုံးသပ်သည်။

မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီး အောင်မြင့်စိုးကလည်း ရဲတပ်ဖွဲ့ကို  လုံလောက်သော အထောက်အပံ့များ ပေးသင့်သည်ဟု Myanmar Now သို့ ပြောသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကို တကယ်ပြုပြင်ပြောင်းလဲစေချင်တယ်ဆိုရင် အရေးကြီးဆုံး လုပ်ရမှာက သူတို့ရဲ့ စားဝတ်နေရေးကို ပြည့်စုံအောင် ဖန်တီးပေးဖို့လုပ်ရမယ်။ နောက်ပြီးတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ ပြည့်ပြည့်စုံစုံ ဖန်တီးပေးဖို့ လိုတယ်။ ဒါမှရမယ်” ဟု သူက ဆိုသည်။

ပြစ်မှုကျူးလွန်သော ရဲတပ်ဖွဲ့ဝင်တချို့ကို အရေးယူနေကြောင်း၊ ထိုဖြစ်ရပ်တို့ကို သတင်းထုတ်ပြန်လေ့ မရှိသောကြောင့် ပြည်သူအများက မသိကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြို့နယ်တိုင်းရှိ ရဲစခန်းများ၏ရှေ့တွင် ကူညီပါရစေ ဆိုင်းဘုတ်ကို မြင်သာစွာ ချိတ်ထားကြခြင်းမှာ သိသာထင်ရှားသည့် ပြောင်းလဲမှု တစ်ခု ဖြစ်သည်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ရဲအဖွဲ့သည် ဥပဒေစိုးမိုးရေး၊ လုံခြုံရေးတာဝန်၊ ကာကွယ်ရေး စသဖြင့် ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်ကြောင်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် နားလည်လာကြခြင်း မရှိသေးပေ။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်အတွင်း ပါဝင် အားဖြည့်သူများထဲတွင် ဥရောပ သမဂ္ဂလည်း ပါဝင်သည်။ ထိုသို့ ဝိုင်းဝန်း အားဖြည့်ရာတွင် ရဲတပ်ဖွဲ့အတွင်း  တာဝန်ယူ တာဝန်ခံမှုရှိရေး၊ မူဝါဒများ ခေတ်နှင့်အညီ အပြောင်းအလဲ ပြုလုပ်ရေး အတွက် ဝင်ရောက် ကူညီသည့် အစီအစဉ်လည်း ပါဝင်သည်ဟု ဥရောပသမဂ္ဂ  အွန်လိုင်းစာမျက်နှာတစ်ခုတွင် ဖော်ပြထားသည်။

စစ်အစိုးရများ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု မှားယွင်းမှုဒဏ်ကို ခံရသည့်ထဲတွင် ရဲတပ်ဖွဲ့လည်း ပါဝင်သည်။  ပြည်သူလူထု၏ အမြင်တိမ်းစောင်းမှု ခံနေရသည့် အချက်များတွင် အဆိုပါ အားနည်းချက်လည်း ပါဝင်သည်။

ရဲတပ်ဖွဲ့သည် တပ်မတော်ခေါင်းဆောင်တစ်ဦး တာဝန်ယူ ကိုင်တွယ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေသည်။

တပ်ဖွဲ့အတွင်း အလယ်အလတ်နှင့် ထိပ်တန်း ခေါင်းဆောင်ပိုင်း ရာထူး နေရာ အများအပြားကို ရရှိသူတို့မှာ တပ်မတော်မှ ပြောင်းလဲလာသူများသာ ဖြစ်သည်။ ထိုအချက်သည် အောက်ခြေရဲတပ်ဖွဲ့ဝင်များ ရာထူး တက်နိုင်သည့် အခွင့်အလမ်းကို အဟန့်အတား ဖြစ်စေသည်ဟု ဝေဖန်ခံနေရသည်။   တပ်မတော်အရာရှိဘဝမှ ရဲအရာရှိဖြစ်လာသူတို့၏  ရဲလုပ်ငန်း ကျွမ်းကျင်မှုမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်သည် ဟုလည်း ဝေဖန်ခံနေရသည်။

ညှဉ်းပန်းနှိပ်စက်ခွင့်

ရန်ကုန်၊ အလုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တချို့က ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုအောင်စိုးထိုက်ကို  လက်ကိုင်ဖုန်း ခိုးယူသည်ဟု စွပ်စွဲဖမ်းဆီးကာ အချုပ်ခန်းတွင် ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံ ဖြောင့်ချက်ပေးစေသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာလတွင် ပေါ်ပေါက်ခဲ့သည်။

မိတ်ဆွေများက ရဲစခန်းသို့ သွားရောက် ပြောဆိုအပြီး နာရီပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသည့် ကိုအောင်စိုးထိုက်က ပြည်သူအများ အားကိုးလိုသည့် ရဲတပ်ဖွဲ့ဝင်တို့သည် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများအတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်သည်။

ထို့အပြင် ရဲတပ်ဖွဲ့အဆင့်ဆင့်မှလည်း အောက်ခြေရဲတပ်ဖွဲ့ဝင်များအထိ ကြီးကြပ်ထိန်းသိမ်းမှုများ လိုအပ်သလို ရဲသင်တန်းကျောင်းများတွင်လည်း  အခြေခံလူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဂရုတစိုက်  ပို့ချပေးရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော့်ဖြစ်စဉ်မှာဆို မသင်္ကာလို့ ခေါ်စစ်တာ ထားတော့။ ကြိမ်းမောင်း ခြိမ်းခြောက်တဲ့အပြင် လက်ထိပ်ခတ်ပြီး လက်ကို အပေါ်မြှောက်ခိုင်းထားတယ်။ ပြီးတော့မှ ဘောင်းဘီအိတ်ထဲကို ရှာတယ်။ တကယ်လို့များ စိတ်ကြွဆေးပြား ၂ ပြားလောက် မသိမသာ ထည့်ပြီးတော့မှ ဆေးပြားမိပါတယ်ဆို ဘယ့်နဲ့လုပ်မလဲ။ အခုခေတ်မှာ ထောင်ဖမ်းတာတို့၊ ဘာတို့က ခေတ်စားနေတော့။ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသိစိတ်ထဲမှာကို မသင်္ကာရင် အချုပ်ထဲ ထည့်လိုက်လို့ရတယ် ဆိုတဲ့ အသိ ကိန်းအောင်းနေတာ ဆိုးတာပဲ” ဟု သူက ဆိုသည်။

လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က အချုပ်သားဖြစ်စေ၊ အကျဉ်းသားဖြစ်စေ လူတိုင်းတွင် မွေးရာပါ အခြေခံလူ့အခွင့်အရေးရှိကြကြောင်း၊ ထိုအချက်ကို ရဲတပ်ဖွဲ့ဝင်တိုင်း အလေးထားရမည်ဖြစ်ကြောင်း  ပြောသည်။

စစ်ချက်ယူစဉ်၊ ဖမ်းဆီးစဉ် နှိပ်စက်ခြင်းတို့မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဒါတွေက မလုပ်သင့် မလိုက်ထိုက်တဲ့ကိစ္စတွေပါ။ အဲ့ဒီအတွက် ပြည်ထဲရေးဌာနကို သီးခြားအကြံပြု အစီရင်ခံစာပို့ဖို့ အခုလုပ်နေတယ်။ နှိပ်စက်တာ၊ ရိုက်နှက်တာတွေဟာ အခုခေတ်မှာ လုပ်လို့ မရတော့ပါဘူး” ဟု သူက ဆိုသည်။

ရဲမှူးကြီးဟောင်း မောင်စိုးက ရဲတပ်ဖွဲ့တွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအပြင် ရဲတပ်ဖွဲ့ဝင်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် ၇ဝ တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ပြီး ဟု ထောက်ပြသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကို ချမှတ်ထားတဲ့ဟာတွေကတော့ လုံလောက်ပါတယ်။ တစ်ခုပဲ အဲ့ဒီအတိုင်း ကျင့်သုံးဖို့ပဲ လိုတယ်။ ကျင့်သုံးခဲ့မယ်ဆိုရင် ဒေါင်ဒေါင်မြည် ရဲတပ်ဖွဲ့ ဖြစ်မှာပါ” ဟု သူက ယုံကြည်ချက် အပြည့်ဖြင့် ပြောသည်။     

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ရဲတပ်ဖွဲ့တွင် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ပါးကို အကာအကွယ်ပေးရမည့် စွမ်းအား အပြည့်အဝ ရှိသင့်သည်ဟု  သုံးသပ်သည်။

“အဓိကက ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းရမှာ။ ပြည်သူတွေရဲ့လုံခြုံရေးကို လုပ်ရာမှာ ဝန်ဆောင်မှုပေးတဲ့ ပုံစံမျိုး ပြောနေပေမယ့် တချို့တွေက အရင်ပုံစံအတိုင်းပဲ”  ဟု ဦးနေမျိုးကျော်က ဝေဖန်လိုက်သည်။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှု အောင်မြင်မှုမရသေးသည့် အကျိုးဆက်အားဖြင့်  သာမန်ပြည်သူထဲတွင် ရဲကို ကြောက်လန့်သူ အများအပြား ရှိလာပြီး ရာဇဝတ်သား အများအပြားက ရဲကို အကြောက်အလန့် နည်းလာသည်ဟု စစ်အစိုးရလက်ထက်က အထိန်းသိမ်းခံ ဘလော်ဂါ နေဘုန်းလတ်အဖြစ် ထင်ရှားသည့်  ဦးနေမျိုးကျော်က ပြောသည်။

တာဝန်ရှိသူတို့သည် ရဲတပ်ဖွဲ့အတွက် လက်နက်၊ အထောက်အပံ့ပစ္စည်း၊ အသုံးစရိတ်၊ တပ်ဖွဲ့ဝင် အရေအတွက် ပြည့်စုံ လုံလောက်ရေးအတွက် ကြိုးပမ်းရန် လိုအပ်သည်ဟု သူက ထောက်ပြသည်။ ရဲစခန်းများတွင် စစ်ကြောမေးမြန်းစဉ် သံသယတရားခံ  အပြင်းအထန် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းကဲ့သို့သော ဖြစ်ရပ်များအတွက် တာဝန်ရှိသူတို့ကို မဖြစ်မနေ အရေးယူရမည်ဟု သူကဆိုသည်။

 “လုပ်ပိုင်ခွင့်ကို တလွဲအသုံးပြုတယ်ဆိုရင်လည်း ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်။ တချို့နေရာတွေမှာ ရာထူးချတာ၊ နယ်ပြောင်းလိုက်တာလေးလောက်က ထိရောက်တဲ့ အရေးယူမှုလို့  မထင်ဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောလိုက်သည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading