အာဏာသိမ်းလို့ရလား

အာဏာသိမ်းလို့ရလားဆိုတော့၊ ရချင်ရမှာပေါ့လို့ပဲ ပြောရမယ်ထင်တယ်။ လက်တလောမှာ အားလုံးသိကြပြီးတဲ့အတိုင်း တပ်မတော်က ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် မဲမသမာမှုတွေရှိတယ်ဆိုပြီး သူ့ဟာသူ စုံစမ်းလေ့လာမှုတွေလုပ် ထုတ်ပြန်ချက်တွေထုတ်ရင်း ပြောဆိုလာပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတာထဲဆို “…သက်ဆိုင်သူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး နိုင်ငံရေးအကြပ်အတည်းတစ်ခု ဖြစ်လာနိုင်တယ်”ဆိုတဲ့ စကားဟာ ခြိမ်းခြောက်သံတောင်ပါတယ်လို့ ဆိုနိုင်တယ်။ တပ်မတော်က ပါတီနိုင်ငံရေးမှာ ဝင်ပါနေတာမဟုတ်ဘူးလို့သာ ဆိုထားပေမဲ့ ဒီလိုမျိုး ရွေးကောက်ပွဲရလဒ်အပေါ် ကိုယ့်သဘောနဲ့ကိုယ် စုံစမ်းစစ်ဆေးတာ၊ ထောက်ပြဝေဖန်ပြီး တည်ဆဲ ပြည်သူ့ရွေးကောက်ခံအစိုးရကိုရော၊ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းခန့်အပ်ထားတဲ့ လွတ်လပ်တဲ့ ‘ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်’ကိုပါ ဖိအားပေးအကြပ်ကိုင်တဲ့ သဘောမျိုးသာ သက်ရောက်ပါတယ်။

‘အကြပ်အတည်း’ဆိုတဲ့ စကားလုံးကတော့ အင်မတန်ကို တာသွားတဲ့စကားပါ။ လက်ရှိအနေအထားက ရွေးကောက်ပွဲရလဒ်အရ ဘာမှအကြပ်အတည်းဖြစ်စရာကို မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရလဒ်ဟာ အင်အားကြီးပါတီလို့ ပြောလို့ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီထက် အဆပေါင်းများစွာ သာလွန်ခဲ့တာပါ။ ပွတ်ခါသီခါအနိုင်ရလဒ် လုံးဝမဟုတ်တာ သေချာသလို၊ ဒီလောက်ထိ တပ်မတော်ကအစ မျက်စိဒေါက်ထောက်ကြည့်၊ နိုင်ငံတကာကလည်း အာရုံအရမ်းစိုက်၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ အလွတ်မပေး စောင့်ကြည့်နေတဲ့ကြားက မဲကို မသမာမှုလုပ်ပြီး ဒီချုပ်ပါတီက အနိုင်ယူစရာမလိုတာ အရှင်းကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအတွင်း ချွတ်ချော်တိမ်းစောင်းမှုတွေ၊ အနာအဆာတွေ မရှိဘူးလို့ မဆိုလိုပါ။ ရှိနိုင်သလို ဒါတွေကလည်း သဘာဝပါပဲ။ ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲမှာ အငြင်းပွားစရာတွေ၊ အပြစ်အနာအဆာတွေ ရှိနေတာပါပဲ။ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ဖြေရှင်းဆောင်ရွက်လို့ရတဲ့ လမ်းကြောင်းတွေပေးထားကြသလို၊ နောက်ဆုံးမှာတော့ အဆုံးအဖြတ်အတည်ပြုမှုက ‘ရွေးကောက်ပွဲကော်မရှင်’တွေကသာ ပေးရပါတယ်။ ဒါကိုပဲ အတည်ယူပြီး လိုက်နာရတာက ဒီမိုကရေစီနိုင်ငံရေးစနစ်ရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်တယ်။

ကမ္ဘာသိ အနီးစပ်ဆုံး လူအာရုံစိုက်မှုအမြင့်ဆုံး အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲကိုပဲ နမူနာကြည့်ပါ။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ကို လက်ကိုမခံ၊ ကန့်ကွက်၊ နောက်ဆုံး လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတွေလုပ်၊ လူတွေကို ဆူပူအုံကြွအောင်လုပ်ပြီး လွှတ်တော်အဆောက်အအုံကို ဝင်စီးဖို့ထိ ဆော်သြခဲ့တယ်။ ဘယ်လိုပဲဖြစ်နေနေ ရွေးကောက်ပွဲရလဒ်က အတည်ဖြစ်သလို၊ အမေရိကန်တပ်မတော်ကလည်း ကြားဝင်စွက်ဖက် ဝေဖန်တာ၊ စုံစမ်းစစ်ဆေးတာတွေ မလုပ်ပါဘူး။ သူတို့အလုပ်မဟုတ်ကြောင်းကိုတောင် စစ်ဦးစီးချုပ်တွေက စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတယ်။

ဆောင်းပါးခေါင်းစဉ်လို ‘အာဏာသိမ်းလို့ရလား’သာဆို အမေရိကန်တပ်မတော်ဟာ နိုင်ငံတော် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့ဆိုပြီး Black Lives Matter လို ဖြစ်ရပ်မှာတင် အာဏာသိမ်းလိုက်လို့ ရပါတယ်။ ဒါ အနီးဆုံးဥပမာကိုပြောတာ။ ထရမ့်မီးမွှေးထားတဲ့ လူဖြူလူမည်း အဓိကရုဏ်းလိုတွေဖြစ်၊ စျေးဆိုင်တွေ၊ ရှော့ပင်စင်တာတွေကို ဖောက်ထွင်းလုယက်၊ ပြီးတော့ အမေရိကန်နိုင်ငံသားတွေရဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ‘Right to bear arm’အရကို လက်နက်ကိုင်ဆောင်ခွင့်ရှိတော့၊ စဉ်းစားကြည့်ရင် တကယ့်ကို ကြောက်စရာကောင်းလောက်တဲ့ အနေအထားပါ။ လွယ်လွယ်ပြောရရင် အကုန်သေနတ်ရှိပြီး ပစ်တတ်ခတ်တတ် စစ်တိုက်တတ်ပါတယ်။ ဒီလူအုပ်မျိုးကြီးသာ သောင်းကျန်းပြီဆို စစ်တပ်နဲ့ပဲ ထိန်းရသိမ်းရမှာပေါ့။ ဒါပေမဲ့ အမေရိကန်တပ်မတော်ဟာ အာဏာလည်း ဝင်မသိမ်းသလို၊ သူ့သဘောနဲ့သူလည်း ဘာမှမလုပ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံး အင်အားအကြီးမားဆုံး စစ်တပ်ရဲ့ သေနာပတိက ဒီမှာလို ကာကွယ်ရေးဦးစီးချုပ်မဟုတ်ပါ။ အရပ်သားဖြစ်တဲ့ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကသာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ သေနာပတိဖြစ်လို့ပါပဲ။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတာထဲ တစ်ခုပါပါသေးတယ်။ ခုလို ဒီမိုကရေစီခရီးလမ်းဆိုတာ တပ်မတော် ခင်းပေးခဲ့တဲ့လမ်းတဲ့။ ဒီမိုကရေစီဆိုတာကို တပ်မတော်ပေးမှ ရသလိုမျိုး ခရက်ဒစ်ယူပြောသွားတာဟာ အင်မတန် စိတ်မကောင်းဖြစ်စရာပါ။ ၁၉၆၂ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ ‘အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန်’ ဆိုပြီး အာဏာသိမ်းလိုက်တာ ၂၆ နှစ်ကြာပါတယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ် ချုပ်ငြိမ်းသွားရတယ်။ ဒါနဲ့ ပြည်သူလူထုက ၁၉၈၈ ခုနှစ်ကျတော့ တစ်ကြိမ် ဒီမိုကရေစီ ပြန်လည်ထွန်းကား ပြန့်ပွားရေးအတွက် အသက်တွေစတေးခဲ့ရပြန်တယ်။ ကျောင်းသား၊ ရဟန်းသံဃာတွေ အသက်တွေသေ၊ ဘဝတွေကြေခဲ့ရတယ်။ ဒါနဲ့ ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျတော့ ဖိနှိပ်မှုနဲ့ ဒီမိုကရေစီ ငတ်မွတ်နေတဲ့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဦးဆောင်တဲ့ အန်အယ်လ်ဒီကို မဲအပြတ်အသတ်ပေးပြီး သူတို့ရပ်တည်ချက်ကို ပြသခဲ့တယ်။ တပ်မတော်ကပဲ အကြောင်းအမျိုးမျိုးပြ အာဏာထပ်သိမ်းပြန်တယ်။ ဆယ်စုနှစ် နှစ်ခုစာလောက် ကြာခဲ့တယ်။ ဒီတော့ကာ ဒီမိုကရေစီကို တပ်မတော်က လမ်းခင်းပေးခဲ့တာလား၊ လမ်းဖျက်ခဲ့တာလား ရှင်းလင်းပါတယ်။ ဒါပေမဲ့ အများပြည်သူဟာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ဆိုတာနဲ့ ပြန်ထေကာရင်း တပ်မတော်ကို ပြောမနေကြပါဘူး။ အခု တပ်မတော်ကို အများပြည်သူက ဖြစ်စေချင်တာ တခြားနိုင်ငံ့တပ်မတော်တွေလို ကိုယ့်ရေမြေ ပိုင်နက်နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်မယ်၊ ပြည်ပက ထိကပါးရိကပါး လုပ်လာရင် တွန်းလှန်မယ်၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ တပ်မတော်ဖြစ်စေချင်ကြရုံသာပါ။

ပြည်တွင်းစစ်ပြဿနာကတော့ ဟိုအတိတ်သမိုင်းကြောင်းမှာ ဖြစ်စေတဲ့အကြောင်းတရားများစွာ​​ကြောင့်မို့ တပ်မတော်ကြောင့်လို့ ယိုးစွပ်လို့မရပါ။ ဒါပေမဲ့ စစ်အာဏာ ၂ ကြိမ်သိမ်းတဲ့ နှစ်ငါးဆယ်နီးပါးအတွင်း တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကြား ပိုမိုအေးစက်သွားခဲ့တယ်၊ ပိုပြီးမခံချင်စိတ်တွေ ဖြစ်စေခဲ့တယ်၊ ဖိနှိပ်နှိပ်စက်ခံရမှုတွေ များပြားခဲ့တာမို့ ပိုမိုရှုပ်ထွေးတဲ့ ပြည်တွင်းစစ်ပြဿနာဆီတောင် ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၁) နိုင်ငံတော်အခြေခံမူများရဲ့ ပုဒ်မ(၆-စ)မှာ ‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်း တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်’ ဆိုကလည်းက ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးကနေ တပ်မတော်က ထွက်ဖို့ကိစ္စမရှိလို ဖြစ်နေတာပါပဲ။ ဒီမိုကရေစီ မရင့်ကျက်ခင် ထိန်းညှိဖို့ဆိုတာဟာ ဘယ်လိုအနေအထားလဲလို့ တိတိကျကျ လိုင်းသတ်မှတ်ရ၊ အဓိပ္ပါယ်ဖွင့်ရခက်တဲ့ ဝေဝါးမှုတစ်ခုဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခန်းတစ်ခန်းတောင် သီးသန့်ပြဌာန်းရင်း ဒီမိုကရေစီကို ထိန်းညှိဖို့အထိ လိုအပ်မလိုအပ်နဲ့ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမဖြစ်ထွန်းကို တပ်မတော်အနေနဲ့လည်း စဉ်းစားချိန်တန်ပါပြီ။ ပြည်သူလူထုဟာ တပ်မတော်ကို မသိစိတ်၊ သိစိတ်အသီးသီးကကို ပြည်သူ့တပ်မတော်၊ နိုင်ငံ့တပ်မတော်အစစ် မြင်လိုနေကြပါပြီ။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတည်နေသရွေ့ မှေးမှိန်ပျောက်ကွယ်သွားစရာကို မရှိပါ။ တပ်မတော်သားဆိုတာ လူတန်းစားတစ်ရပ် သပ်သပ်လို ဖြစ်စေခဲ့တာက စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးထဲကတစ်ခုသာ ဖြစ်ပါတယ်။ တပ်မတော်သားဆိုတာ ပြည်သူထဲကပါပဲ။ ပြည်သူမိဘနှစ်ပါးကမွေးတဲ့သူ တပ်မတော်ထဲဝင်လို့ တပ်မတော်သား ဖြစ်သွားတာပါ။ တပ်မတော်သားဆိုတာ တခြား ရှေ့နေ၊ ကျောင်းဆရာ၊ အင်ဂျင်နီယာ၊ ဆရာဝန်လိုပဲ အသက်မွေးဝမ်းကြောင်း ပရော်ဖက်ရှင်အလုပ်တစ်ခုထက် မပိုပါဘူး။

ဒီတော့ကာ အနာဂတ်တိုင်းပြည်ကို အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောဖို့အတွက်ဆို တပ်မတော် အာဏာမသိမ်းဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းသက်သေနဲ့ တခြားနိုင်ငံတွေရဲ့ သမိုင်းသက်သေတွေနဲ့တင် တပ်မတော် အာဏာသိမ်းလိုက်လို့ တိုးတက်ဖွံ့ဖြိုးသွားတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ တပ်မတော်ကို အင်အားကြီးထွားအောင်၊ ခေတ်မီအောင် တည်ဆောက်ထားတယ်ဆိုတာ လိုအပ်ရင် အာဏာသိမ်းဖို့မဟုတ်ပါဘူး။ နိုင်ငံက ဘယ်သူကမှ မထိရဲအောင်၊ နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် တည်ဆောက်ထားတာပါပဲ။ မြန်မာ့တပ်မတော်လည်း ထိုနည်းလည်းကောင်းဖြစ်ဖို့ အချိန်တန်ပြီလို့ ဆိုချင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ပြန်ဆက်ရရင် အချင်းချင်းတိုက်ရတဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့လည်း လိုပါတယ်။ ဘေးအိမ်နီးနားချင်းမှာ အင်အားအင်မတန်ကြီးမားတဲ့ နိုင်ငံကြီးနှစ်ခုကြားက မြန်မာနိုင်ငံဟာ တည်ငြိမ်ဖို့၊ အင်အားရှိဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်ပြည်တွင်းစစ်ဟာ သူတို့အတွက် ‘ယာလည်းညက်စေ ကြက်လည်းပန်းစေ’ ဖြစ်နေမှာပါ။ လက်ရှိ ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရမှာလည်း အပြစ်အနာအဆာတွေ မရှိဘူးရယ်တော့ မဟုတ်ပါ။ ဒါတွေကို ထိန်းသိမ်းကွပ်မတ်ဖို့အတွက် ပြည်သူရှိပါတယ်၊ နောက် ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲတွေ မှန်မှန်လည်ပတ်နေဖို့ လိုအပ်တယ်။ အန်အယ်လ်ဒီအစိုးရလည်း ပြည်သူက မကြိုက်တော့ရင် အလိုလိုကို ထောက်ခံမဲတွေရတော့မှာ မဟုတ်လို့ ထာဝရအစိုးရလည်း ဖြစ်နေမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်ပြောရရင် တပ်မတော်က အာဏာသိမ်းလို့ရလားလို့ ရတာမရတာထက်၊ အာဏာသိမ်းခြင်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေဖို့ အဖြေမဟုတ်သလို၊ တပ်မတော်အတွက်လည်း ဒီထက်ကောင်းမွန်တဲ့ အနေအထားဆီ ရောက်သွားစေမှာ မဟုတ်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
................
ထူးကျော်ဝင်း

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading