၂၀၀၈ဖွဲ့စည်းပုံအရ တပ်မတော်ဆန္ဒတစ်ခုတည်းနဲ့ အာဏာသိမ်းလို့မရ

ဖွဲ့စည်းပုံအရဆိုရင်တော့ တပ်မတော်ရဲ့ သဘောဆန္ဒတစ်ခုတည်းနဲ့ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံက ခွင့်မပြုထားပါဘူး။

ဓာတ်ပုံ - ဉာဏ်လှိုင်လင်း / Myanmar Now

အရပ်အခေါ် အာဏာသိမ်းခြင်း” မည်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အာဏာသိမ်းခြင်းဖြစ်စဉ်ကို ဦးဆောင်မပြုလုပ်နိုင်ပါဘူး။ ကာချုပ်တစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဒေက ခွင့်မပြုထားပါဘူး။ ဒီအချက်ကို ရှင်းလင်းတင်ပြသွားပါ့မယ်။

နိုင်ငံတစ်ဝန်းလုံး အာဏာသိမ်းခွင့်ရဲ့ အဓိကပုဒ်မဟာ ဖွဲ့စည်းပုံပုဒ်မ၄၁၇ ပါ။ ပုဒ်မ ၄၁၇ ပြဋ္ဌာန်းချက်ကတော့

ပုဒ်မ ၄၁၇ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်း တွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေအကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်း ဖော်ပြရမည်။" လို့ဆိုထားပါတယ်။

ပုဒ်မ ၄၁၇ကို လေ့လာကြည့်ရင် အရေးပေါ်အခြေအနေ ကြေညာဖို့ အဆင့်သုံးဆင့်ကို ဖြတ်သန်းရပါမယ်။

*(၁) အရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း (သို့မဟုတ်) အရေးပေါ်အခြေအနေပေါ်ပေါက်ရန် လုံလောက်တဲ့အကြောင်းကို သမ္မတက တွေ့ရှိရမယ်။ အကြောင်းပြချက်ခိုင်လုံရမယ့် အကြောင်းအရာတွေကေတာ့ -

(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း (သို့မဟုတ်) ကြိုးပမ်းအားထုတ်ခြင်း။

(ခ) အထက်ပါ နည်းလမ်းတွေနဲ့ ရယူရန် ဆောင်ရွက်ခြင်း (သို့မဟုတ်)အထက်ပါ ကြိုးပမ်းအားထုတ်မှုတွေကြောင့်​ အောက်ပါ အခြေအနေသုံးရပ်အနက် တစ်ရပ်ရပ် ပေါ်ပေါက်ရပါမယ်။
၁) ပြည်ထောင်စုပြိုကွဲစေမယ့် အခြေအနေ။
၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် အခြေအနေ၊
၃) အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမယ့် အခြေအနေ။

(က) ပါ “ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း (သို့မဟုတ်)ကြိုးပမ်းအားထုတ်ခြင်း” စကားရပ်ပါ ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဆိုတဲ့ စကားရပ်သုံးခုကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက အဓိပ္ပါယ်တိကျစွာ ရှင်းလင်းဖွင့်ဆိုပေးသင့်ပါတယ်။ အထက်ပါနည်းလမ်းသုံးခုကြောင့် ဖြစ်ပေါ်လာမယ့် “ပြည်ထောင်စုပြိုကွဲစေမယ့် အခြေအနေ”ဆိုတာ ဘယ်လိုအခြေအနေမျိုးဆိုတာကို “ပြည်ထောင်စုပြိုကွဲစေမည့် အခြေအနေများ” ဆိုပြီး ခိုင်လုံတဲ့ အချက်အလက်များနဲ့ ဖွင့်ဆိုထားချက်ကို ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီးဖြစ်စေ၊ ဖွဲ့စည်းပုံခုံရုံးက အဓိပ္ပါယ်ဖွင့်ဆို၍ဖြစ်စေ တိကျစွာ ပြည်သူကို ရှင်းလင်းတင်ပြထားဖို့ လိုပါတယ်။ အလားတူ “ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့်အခြေအနေ" နဲ့ "အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အခြေအနေ” ဆိုတဲ့ စကားရပ်တွေကိုလည်း ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီးဖြစ်စေ၊ ဖွဲ့စည်းပုံခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုပြီးဖြစ်စေ ပြည်သူကို ရှင်းလင်းစွာ တင်ပြသင့်ပါတယ်။

(တိကျစွာ ဖွင့်ဆို ရှင်းလင်းချက်များနဲ့အညီ အရေးပေါ်အခြေအနေဖြစ်ကြောင်းကို သမ္မတက တွေ့ရှိချက်နဲ့အတူ အရေးပေါ်အခြေအနေဖြစ်ကြောင်း အတည်ပြုပေးရမှာဖြစ်လို့ပါ)

*(၂) သမ္မတက အရေးပေါ်အခြေအနေဖြစ်ကြောင်း အတည်ပြုပြီးမှ ကာ/လုံနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အထက်ပါ ဖွဲ့စည်းပုံပုဒ်မ ၄၁၇အရ နိုင်ငံတော်သမ္မတက “အရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း တွေ့ရှိလျှင်ဖြစ်စေ၊ အရေးပေါ်အခြေအနေပေါ်ပေါက်ရန် လုံလောက်သောအကြောင်း တွေ့ရှိလျှင်” လို့ ဆိုထားတဲ့အတွက် အရေးပေါ်အခြေအနေဖြစ်ကြောင်း သမ္မတက ဦးစွာအတည်ပြုရမှာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေဖြစ်ကြောင်း အကြောင်းပြချက်မခိုင်လုံရင် သမ္မတက အရေးပေါ်အခြေအနေမဟုတ်ကြောင်းအတည်ပ​ြုရမှာဖြစ်ပြီး ကာ/လုံနဲ့ ညှိနှိုင်းတဲ့အဆင့်ထိ ရောက်လာမှာ မဟုတ်ပါဘူး။

*(၃) အရေးပေါ်အခြေအနေ အမိန့်ထုတ်ပြန်တာ သမ္မတဖြစ်ပြီး ကာချုပ်မဟုတ်ပါ။

ပုဒ်မ ၄၁၇ ပါ စကားရပ်တွေကိုသာ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရင် အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့အဆင့်အထိ ရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သမ္မတဟာ အရေးပေါ်အခြေအနေဖြစ်ကြောင်း တိကျစွာဖွင့်ဆိုထားတဲ့ စကားရပ်များကို ကိုးကားပြီးမှ အရေးပေါ် အခြေအနေဖြစ်ကြောင်း အတည်ပြုသင့်တဲ့အတွက် အရေးပေါ်အခြေအနေဖြစ်ကြောင်း တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှုဟာ နောင်လာမယ့်လွှတ်တော်အတွက် အလွန်ပဲ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

~နောက်ဆုံးအခြေအနေရောက်ခဲ့ရင်တောင် အရေးပေါ်အခြေအနေဖြစ်ကြောင်း အမိန့်ထုတ်ပြန်ကြေညာနိုင်သူက သမ္မတသာဖြစ်ပါတယ်။

~ကာချုပ်က အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိသူ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်ရင်

၁၉၉ဝမှာ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပြီး စစ်တပ်အာဏာသိမ်းခဲ့စဉ်က တရားဝင်အာဏာရ အစိုးရမရှိသလို ဖွဲ့စည်းပုံလည်း မရှိပါဘူး။ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်တွေ အတိအကျရှိနေပြီဖြစ်တဲ့ လက်ရှိကာလမှာ ကာကွယ်ရေးဦးစီးချုပ်သည်လည်း နိုင်ငံသားတစ်ဦးဖြစ်တာနဲ့အညီ ဖွဲ့စည်းပုံ ပုဒ်မ ၃၈၄ အရ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်များကို အတိအကျလိုက်နာရမှာဖြစ်ပါတယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်ကတော့ “ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်ပါမယ်” ဆိုတဲ့ စကားရပ်ကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူးသူပါ။

လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အထူးသတိထားရမယ့်အချက်က ပုဒ်မ ၄၁၇ပါ။ အာဏာသိမ်းနိုင်မယ့်အကြောင်းပြချက်တွေ မပေါ်ပေါက်အောင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းစောင့်ကြည့် ထိန်းသိမ်းသွားကြဖို့ပါပဲ။ အဖျက်အမှောင့် ပယောဂတွေဟာ နေရာပေါင်းစုံက နည်းလမ်းမျိုးစုံနဲ့ ချုံခိုစောင့်ဆိုင်းနေနိုင်ပါတယ်။ ပြည်သူတစ်ရပ်လုံးနဲ့ တပ်မတော်၊ အစိုးရအပါအဝင် အဖွဲ့အစည်းအားလုံးက ဒီအချက်ကို အထူးသတိထားစောင့်ကြည့်ထိန်းသိမ်းဖို့ လိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က “ဆူပူအောင် လှုံဆော်မှုတွေကို သတိထားပါ။ ကိုယ့်လမ်းကိုယ်လျှောက်တဲ့အခါမှာ ဘေးကနေ အဖျက်တွေ၊ ရန်တွေဖြစ်နိုင်တယ်။ ဒါပေမဲ့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုထားပြီးတော့၊ နားလည်မှုထားပြီးတော့ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားဖို့ အင်မတန်မှအရေးကြီးပါတယ်” ဆိုပြီး RFA သတင်းဌာနနဲ့ အင်တာဗျူးကတစ်ဆင့် ပြည်သူကို သတိပေးခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံအရဆိုရင်တော့ တပ်မတော်ရဲ့ သဘောဆန္ဒတစ်ခုတည်းနဲ့ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံက ခွင့်မပြုထားပါဘူး။

ပုဒ်မ ၄၁၇ပါ အာဏာ သိမ်းဖို့အကြောင်းပြချက် စကားရပ်တွေကို တိတိကျကျနဲ့ အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုဖို့၊ ဥပဒေပြဋ္ဌာန်းဖို့၊ ပြည်ထောင်စုလွှတ်တော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့ကလည်း နိုင်ငံအနာဂတ်ကို ရှေ့ရှုပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

တကယ်က အာဏာသိမ်းတယ်ဆိုတဲ့ အစဉ်အလာဆိုးတွေ၊ အာဏာဝါဒမှိုင်းဝနေတဲ့ နိုင်ငံရေးအောက်လမ်းနည်းတွေဟာ ဒီမိုကရေစီယဉ်ကျေးမှုနိမ့်ပါးလွန်းတဲ့ လူ့အဖွဲ့အစည်းမှာ တွယ်ကပ်နေတာကြောင့်၊ အဲ့ဒီအဆိုးတွေကို အနာဂတ်မျိုးဆက်တွေ အမွေမခံရဖို့လည်း အားလုံးတာဝန်ရှိပါတယ်။ အဲသလို သမိုင်းအမည်းကွက်တွေ မစွန်းထင်း မပေါ်ပေါက်အောင် အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းထိန်းသိမ်းရင်း အနာဂတ်သစ်ဆီ ညီညာဖြဖြ ဦးတည်ကြဖို့ပါ။
.............
လင်းထိုက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading