နိုင်ငံပိုင်စက်ရုံတွေ ပုဂ္ဂလိကလက်ထဲ ဈေးချိုချိုနဲ့လွှဲခဲ့တာ မှန်ကန်ရဲ့လား

နိုင်ငံတကာဈေးကွက်ထိုးဖောက်ရန် အကြောင်းပြကာ နိုင်ငံပိုင်ဂုန်နီစက်ရုံများကို ပုဂ္ဂလိကသို့ ဈေးသက်သာစွာ ငှားရမ်းခဲ့သော်လည်း မျှော်လင့်ချက်များ လေထဲပျောက်ကွယ်ခဲ့ရသည်။

အုတ်ကျင်းဂုန်နီစက်ရုံအလုပ်သမားများကို ဇန်နဝါရီ ၁၁ က စက်ရုံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းခိုင်/Myanmar Now)

စက်ရုံကို ပိတ်သိမ်းလိုက်ပြီဟု ရန်ကုန် အနောက်ဘက်ရှိ ကျော်ထက်ကျော်ကုမ္ပဏီပိုင် အုတ်ကျင်းဂုန်နီစက်ရုံက ၂ဝ၁၉ ဇန်နဝါရီ ၁ဝ တွင် မီဒီယာများကို တရားဝင် အသိပေးပြီးနောက် တစ်ချိန်က တိုင်းပြည်တွင် အရေးပါခဲ့သည့် ဂုန်နီစက်ရုံများ၏ အခန်းကဏ္ဍသည် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ထို့အတူ ယခင်အစိုးရလက်ထက်တွင် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်မည်ဟု ကြွေးကြော်ပြီး နိုင်ငံပိုင် ဂုန်နီစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များလက် လွှဲပြောင်းပေးခဲ့သည့် ရည်ရွယ်ချက်များလည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျော်ထက်ကျော်ကုမ္ပဏီပိုင် အုတ်ကျင်းဂုန်နီစက်ရုံမတိုင်မီ အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များလက် လွှဲပြောင်းပေးခဲ့သည့် Capital Development ကုမ္ပဏီ၏ ရန်ကုန် ဒေါပုံ ဂုန်နီကော်ဇောစက်ရုံ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO)၏ မြောင်းမြဂုန်နီစက်ရုံတို့လည်း အစောပိုင်းကတည်းက လည်ပတ်မှု ရပ်တန့်ခဲ့သည်။

ဦးသိန်းစိန်အစိုးရသည် နှစ်စဉ်အရှုံးပေါ်နေသည့် ဂုန်နီစက်ရုံများ ပုဂ္ဂလိကလက်ထဲရောက်ပါက မြန်မာ့ထုတ်ကုန်များ ပြည်ပဈေးကွက် ထိုးဖောက်နိုင်မည်၊ လျှော်စိုက်တောင်သူများနှင့် စက်ရုံကို လက်ခံရယူခဲ့သည့် ကုမ္ပဏီလက်အောက်ရောက် အစိုးရဝန်ထမ်းများ၏ ဘဝ ပိုမို ကောင်းမွန်လာနိုင်မည်၊ နိုင်ငံ၏စက်မှုကဏ္ဍကို မြှင့်တင်နိုင်မည်ဟု စသဖြင့် ရည်ရွယ်ကြောင်း တိုင်းပြည်ကို အကြောင်းပြခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် ဂုန်နီနှင့် ဂုန်လျှော်စက်ရုံ တစ်ဒါဇင်နီးပါးကို လွန်စွာသက်သာသည့် ဈေးနှုန်းများဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များလက်ထဲ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန် သီရီမင်္ဂလာ ကုန်စိမ်းဈေး၏ဘေး၊ လှိုင်မြစ်နှင့် ကပ်လျက်ရှိသည့်နေရာမှ အုတ်ကျင်း ဂုန်နီနှင့် လျှော်ရွေးလျှော်ထုတ်စက်ရုံကို ကျော်ထက်ကျော်ကုမ္ပဏီက ၂ဝ၁၂ ဖေဖော်ဝါရီတွင် ကာလရှည် လုပ်ပိုင်ခွင့်ရခဲ့သည်။

Myanmar Now က ဖတ်ခွင့်ရခဲ့သည့် အဆိုပါဝန်ကြီးဌာနအရာရှိများနှင့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးကျော်သောင်းတို့ ၂ဝ၁၂ ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးထားသည့် စာချုပ်တွင် မြေဧရိယာ ၉၂ ဧကကျော်ကို တစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၃၂ဝ,ဝဝဝ ခန့်ဖြင့် ငှားရန် သဘောတူကြောင်း ဖော်ပြထားသည်။

အဆိုပါ နှစ် ၃ဝ စာချုပ်ကို  ၁၅ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်လည်း ပေးခဲ့သည်။

နှစ်ကုန်ပိုင်းတွင် ထပ်မံချုပ်ဆိုသော စာချုပ်အရ မြေဧရိယာမှာ ဧက ၁၂ဝ အထိ ရှိလာသည်။  ၂ဝ၁၅ ဇွန်လအတွင်း ထပ်မံချုပ်ဆိုသည့်အခါ မြေဧရိယာမှာ ၁၂၅ ဧက ကျော်အထိ ရှိလာသည်။ စာချုပ် ထပ်မံချုပ်ဆိုတိုင်း ငှားရမ်းမြေဧက တိုးပွားလာသော်လည်း ငှားရမ်းခမှာ မပြောင်းလဲပေ။

ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးကျော်သောင်းသည် အဆိုပါစက်ရုံနှင့် ကာလရှည်ကြာ ဆက်နွှယ်မှုရှိခဲ့ကြောင်း ဇန်နဝါရီ ၁ဝ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် စက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

၂ဝ၁ဝ တွင် အုတ်ကျင်းဂုန်နီစက်ရုံကို အကြီးစား ပြုပြင်ပြောင်းလဲရေး လုပ်ရန်အတွက် ဦးမိုးကျော်သောင်းက စစ်အစိုးရထံမှ တင်ဒါအောင်ခဲ့ပြီးနောက် အမည်ထုတ်ဖော်မပြောသည့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုထံမှ အမေရိကန်ဒေါ်လာ ၁၁ သန်းဖိုး စက်ပစ္စည်းများ မှာယူခဲ့သည်ဟု စက်ရုံ၏ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

သို့သော် အစိုးရပြောင်းလဲခဲ့ပြီးနောက် မူဝါဒအပြောင်းအလဲကြောင့် ယင်းလုပ်ငန်း အကောင်အထည် မဖော်ဖြစ်ခဲ့ဘဲ စာချုပ် ပျက်ပြယ်သွားခဲ့သည်ဟု ဆိုသည်။ တရုတ်လုပ်ငန်းရှင်က မြန်မာအစိုးရကို စာချုပ် ဖောက်ဖျက်ကြောင်း စွပ်စွဲပြီး တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ချိန်တွင် ကုမ္ပဏီက ကြားဝင်ဖြေရှင်းပေးခဲ့သည်ဟု စက်ရုံဘက်က ဆိုသည်။

ကန်ဒေါ်လာ ၁၁ သန်း အနက် ပမာဏမည်မျှ စိုက်လျော်ခဲ့ရသည်ဆိုသည့် မေးခွန်းကိုမူ ကုမ္ပဏီ၏ အတွင်းရေးကိစ္စဆိုသည့် အကြောင်းပြချက်ဖြင့် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကမူ တရုတ်ကုမ္ပဏီနှင့် အစိုးရကြား အငြင်းအခုံ ဖြစ်ခဲ့သော်လည်း တရားစွဲဆိုရန် ကြိုးစားခဲ့သည့် အဆင့်အထိ မရောက်ခဲ့ဟု ဆိုသည်။

စက်ရုံများ ရပ်ရသည့်အကြောင်းရင်း

လုံလောက်သည့် ကုန်ကြမ်းမရခဲ့ခြင်းက စက်ရုံများ ရပ်တန့်ခဲ့ရသည့် အကြောင်းအရင်းများအနက် တစ်ခုဟု ထိုစက်ရုံများဘက်က အကြောင်းပြသည်။

သို့သော် စက်ရုံတချို့သည် အစိုးရစီမံခန့်ခွဲစဉ်ကကဲ့သို့ ကုန်ကြမ်းရရန် လုံလောက်သည့် ဆောင်ရွက်ချက် မရှိခဲ့ဟူသော စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Capital Development ကုမ္ပဏီ လက်ထဲရောက် ဂုန်နီကော်ဇောစက်ရုံသည် ကုန်ကြမ်းအခက်အခဲကြောင့် ရပ်ခဲ့ရသည်ဟု အကြောင်းပြခဲ့သော်လည်း ကုန်ကြမ်းဝယ်ယူရန် အလုပ်ရှင်ဘက်က ကြိုးစားအားထုတ်မှု နည်းပါးခဲ့သည်ဟူသော ဝန်ကြီးဌာန၏ ပြည်သူ့လွှတ်တော်သို့ ဖြေကြားချက်ကို ကိုးကားပြီး ခုံသမာဓိကောင်စီက ၎င်းတို့၏ ၂ဝ၁၆ နှောင်းပိုင်း ဒေါပုံကော်ဇောစက်ရုံအရေး သုံးသပ်ချက်တစ်ခုတွင် ထောက်ပြခဲ့သည်။

တိုင်းပြည်ဘဏ္ဍာငွေ ဘီလီယံနှင့်ချီ  ရင်းနှီးထားသည့် နိုင်ငံပိုင်စက်ပစ္စည်းများ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ လက်ထဲတွင် ထိန်းသိမ်းမှုအားနည်းခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိနေခဲ့သည်။

Myanmar Now က လက်ခံရရှိခဲ့သည့် ၂ဝ၁၈ မိုးရာသီအတွင်း ရိုက်ကူးထားသည့် အုတ်ကျင်းဂုန်နီစက်ရုံ ဓာတ်ပုံ မှတ်တမ်းများထဲတွင် နိုင်ငံပိုင်စက်ပစ္စည်းများသည် မိုးရေထဲ ရောက်နေသည်။

ဇန်နဝါရီ ၁ဝ သတင်းစာရှင်းလင်းပွဲတွင် ကျော်ထက်ကျော်ကုမ္ပဏီ၏ စက်ရုံဘက်မှ ပြောရေးဆိုခွင့်ရှိသူများက အဆိုပါအဖြစ်အပျက်များ မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး အစိုးရထံမှ ငှားရမ်းထားသည့် စက်ပစ္စည်းများ ပြန်လည် အပ်နှံချိန်တွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း ဖြစ်စေရန် ကြိုးစားမည်ဟု ပြောခဲ့ကြသည်။

Capital Development ကုမ္ပဏီက လုပ်ခွင့်ရထားသည့် ရန်ကုန်အရှေ့တောင်ဘက်ရှိ ဒေါပုံ ဂုန်နီကော်ဇော စက်ရုံတွင်လည်း နိုင်ငံပိုင်စက်ပစ္စည်းများကို မိုးထဲလေထဲ ပစ်ထားသည့် ဓာတ်ပုံအထောက်အထားများ ရရှိခဲ့သည်ဟု ခုံသမာဓိကောင်စီက ၂ဝ၁၆ နှောင်းပိုင်းတွင် ထုတ်ဖော်ခဲ့သည်။

ထိုစက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူ  ဦးထွဋ်မြတ်ရှိန်ကမူ ထိုအချက်ကို လက်မခံပေ။

“(ခုံသမာဓိကောင်စီ) သုံးသပ်တာတွေ မှားပြီး ဆုံးဖြတ်ချက်မှားလို့တောင် ကျွန်တော်တို့  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တက်ခဲ့တာဟု သူက Myanmar Now ကို ၂ဝ၁၈ စက်တင်ဘာလအတွင်းက ပြောသည်။

ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက လုပ်ငန်းရှင်တို့သည် အစိုးရနှင့်ချုပ်ဆိုထားသည့် စာချုပ်များကို လိုက်နာရန် လိုအပ်ကြောင်း၊  အငှားချထားသည့် နိုင်ငံပိုင်စက်ပစ္စည်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်လည်း တာဝန် အပြည့်အဝ ရှိကြောင်း တုံ့ပြန်သည်။

ကုန်ကြမ်းဝယ်၍ မရခြင်း၊ ဂုန်လျှော်လုပ်ငန်း ခေတ်မစားတော့ခြင်း စသည့် ဖြေရှင်းချက်များမှာ စက်ရုံ ပိတ်သိမ်းလိုသဖြင့် လုပ်ငန်းရှင်များဘက်က ပေးသည့် အကြောင်းပြချက်များသာဖြစ်ကြောင်း အုတ်ကျင်းဂုန်နီစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှုး ဦးစိုးလွင်က ဆိုသည်။

လျှော်လုပ်ငန်းက ခေတ်မရှိတော့ဘူး ဆိုတာ (လုပ်ငန်းရှင်တွေ) အစကတည်းက သိတယ်။ အဓိကကတော့ ခရိုနီတွေက အစိုးရ ဝန်ကြီးဌာနတွေနဲ့ ပေါင်းပြီး မြေနေရာလက်ဦးမှု ယူထားတာ။ ဒီလိုနေရာမျိုး၊ ဒီလို အကွက်အကွင်းမျိုး၊ ဒီလို အကျယ်အဝန်းမျိုး ရန်ကုန်တိုင်းအတွင်းမှာ ဘယ်နေရာမှာမှ မရှိဘူးဟု ၎င်းက ဆိုသည်။

တင်းမာလာသည့်တိုက်ပွဲများ

စက်ရုံမလည်ပတ်နိုင်သော်လည်း ကနဦးတွင် ဝန်ထမ်းလစာပေးရန် ကျပ်သိန်းရာနှင့်ချီ အကုန်အကျခံခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အလုပ်သမားတို့ကို လျော်ကြေးပေးပြီး အလုပ်ထုတ်ခဲ့ကြသည်။ ယင်းအတွက်ကြောင့် အုတ်ကျင်း၊ ဒေါပုံ၊  မြောင်းမြတို့ရှိ ဂုန်နီစက်ရုံများတွင် လုပ်ကိုင်နေသူ ၁,၅ဝဝ ခန့် အလုပ်အကိုင် ထိခိုက်ခဲ့ကြသည်။ ၎င်းတို့သည် အစိုးရဝန်ထမ်းဟောင်းအများစုဖြစ်ကြပြီး စက်ရုံများနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်လက်ထဲ ရောက်လာကြခြင်းဖြစ်သည်။

အုတ်ကျင်းဂုန်နီစက်ရုံအလုပ်သမားများကို ဇန်နဝါရီ ၁၁ က စက်ရုံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းခိုင်/Myanmar Now)  အစိုးရသည် စက်ရုံတို့ကို လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးစဉ် စက်ရုံဝန်ထမ်းများကိုပါ  မယူမနေရပုံစံ ယူခိုင်းခဲ့သည်ဟု ၁၉၇၅ တွင် ပေါ်ပေါက်လာသည့် မြောင်းမြဂုန်နီစက်ရုံကို နှစ်ရှည်လုပ်ခွင့် ရထားသည့် မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက Myanmar Now ကို ပြောသည်။

စက်များ ဟောင်းနွမ်းမှု၊ လျှော်ကုန်ကြမ်း အခက်အခဲများကြောင့် စက်ရုံပိုင်ရှင်တို့သည်   ရာနှင့်ချီသော အလုပ်သမားများကို ထွက်ကုန်မရှိသော်လည်း လစာ ပေးချေနေရသည်ဟု  ၎င်းက ဆိုသည်။

မြောင်းမြနှင့် မအူပင်ရှိ ဂုန်လျှော်စက်ရုံများကို ၎င်းတို့လွှဲယူခဲ့သည့် ၂ဝ၁၄ မှ ၂ဝ၁၈ အတွင်း  စက်ရုံ လည်ပတ်နိုင်ခြင်းမရှိသဖြင့်  ဝင်ငွေ လုံးဝ မရခဲ့ဘဲ ဝန်ထမ်းလစာတစ်ခုတည်းအတွက်ပင် သိန်းပေါင်း ၄၀,၀၀၀ ခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

အလားတူ ရန်ကုန်အုတ်ကျင်း ဂုန်နီစက်ရုံသည်လည်း နှစ်စဉ် သိန်း ၅,၀၀၀ မှ ၆,၀၀၀ ကြား အရှုံးပေါ်ခဲ့ရသည်ဟု ကြေညာထားသည်။

လုပ်ငန်းရှင်များက အရှုံးသက်သာစေရန် အစိုးရထံမှ လက်လွှဲယူခဲ့သည့် စက်ရုံအလုပ်သမားများအား အလုပ်မှ ရပ်စဲသည့်နည်းလမ်းကို ရွေးချယ်ကြသည်။

နောက်ဆုံးပိတ်သိမ်းခဲ့သည့် အုတ်ကျင်းဂုန်နီစက်ရုံသည် အလုပ်သမား ၃ဝဝ ကျော်ကို ၂ဝ၁၉ ဇန်နဝါရီ ၉ မှ စတင်ပြီး အလုပ်မှ ရပ်နားလိုက်သည်။

စက်ရုံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ကြသည့် အလုပ်သမားများက ယခုဆောင်းပါးဖော်ပြချိန်တွင် စက်ရုံရှေ့ ထိုင်သပိတ်မှောက်နေခဲ့ကြပြီး  လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်မရပါက ဆန္ဒပြပွဲကို အရှိန်မြှင့်မည်ဟုလည်း သတိပေးထားကြသည်။

အကျပ်အတည်းများမှလွတ်မြောက်ရေး

နှစ်စဉ်အရှုံးပေါ်နေသော လုပ်ငန်းရှင်တို့သည် အစိုးရနှင့် လက်မှတ်ထိုးထားသည့် စာချုပ်တွင် ပါဝင်သော ဂုန်လျှော်လုပ်ငန်း တိုးတက်ရေးအစား အခြားလုပ်ငန်းများကို ပြောင်းလဲရန် ပြင်ဆင်နေကြသည်။

ရန်ကုန် ဘုရင့်နောင်လမ်းမပေါ်ရှိ ၁၂၅ ဧကကျော် ကျယ်ဝန်းသည့် အုတ်ကျင်းဂုန်နီစက်ရုံကို သက်မွေးပညာ အတတ်သင်ကျောင်း၊  ၈ ဧက ခန့် ကျယ်သည့် ကုန်စည်ပြတိုက် တည်ဆောက်ရန် ကုမ္ပဏီဘက်က ရည်မှန်းထားကြောင်း ရန်ကုန်တိုင်းလွှတ်တော် လှိုင်မြို့နယ်အမတ် ဦးကျော်ကျော်ထွန်းက ဆိုသည်။

ယင်းစီမံကိန်းကို တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီးစိမ်းပြမည့်သဘောလည်း ရှိကြောင်း သူက ၂ဝ၁၈ စက်တင်ဘာလအတွင်းက Myanmar Now ကို ပြောသည်။

မြောင်းမြဂုန်နီစက်ရုံကို လုပ်ကိုင်ခွင့်ရထားသည့် MAPCO သည်လည်း စက်ရုံမြေလွတ်ဧရိယာ ဧက ၂၆ဝ ကျော်တွင် စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍအခြေခံစက်မှုဇုန် ဖော်ထုတ်မည်ဟု ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ၂ဝ၁၈ ဧပြီလအတွင်းက ကြေညာခဲ့သည်။

သို့သော် အုတ်ကျင်းဂုန်နီစက်ရုံသည် မြေပိုင်ဆိုင်မှု အရှုပ်အထွေးများကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့ရသည်။ ယင်းနေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အခြားဌာနများ  ပိုင်ဆိုင်ကြသည်ဟု အမည်ပေါက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က ဆိုသည်။

မြေပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းနိုင်လျှင် ၎င်းတို့တွေ့ကြုံနေရသည့် အခက်အခဲများ ပြေလည်သွားနိုင်ပြီး အလုပ်ရပ်နားထားသည့် ဝန်ထမ်းများထဲမှ အရည်အချင်းပြည့်မီသူများအား ဆက်လက်အလုပ်ပေးနိုင်မည်ဟု စက်ရုံဘက်ကလည်း ဆိုသည်။

သို့သော် ရာနှင့်ချီသည့် နိုင်ငံပိုင်စက်ရုံများကို ဈေးသက်သက်သာသာဖြင့် နှစ်ရှည်ငှားရမ်းကာ  မူလလုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ မြေနေရာဦးသည့် ပုံစံမျိုး ဖြစ်နေသည်ကို သဘောမကျသူများလည်း ရှိသည်။

၂ဝ၁၇ စက်တင်ဘာ ရန်ကုန်လွှတ်တော် အစည်းအဝေးတစ်ခုတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်အမတ် ဦးလှဌေးက   စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် နိုင်ငံပိုင်မြေ အငှားချထားမှုများ  ပြန်သိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရကို မေးခွန်းထုတ်ခဲ့ဖူးသည်။ သို့သော်လည်း တိုင်းအစိုးရက တိကျသည့်အဖြေ မပေးခဲ့ပေ။

သူ့အဆိုကို မှတ်တမ်းအဖြစ်ထားရန် ဆန္ဒရှိခဲ့ကြောင်း၊ ပိုမိုအားကောင်းသည့် အချက်အလက်များ စုဆောင်းပြီး နောက်တစ်ကြိမ် မေးခွန်းထုတ်မည် ဖြစ်ကြောင်း ၂ဝ၁၈ စက်တင်ဘာလအတွင်းက ၎င်း၏ရုံးခန်းတွင် Myanmar Now နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လုပ်ငန်းကို ပိတ်သိမ်းမယ်၊ မလည်ပတ်နိုင်ဘူး ဆိုရင် နိုင်ငံတော်ကို ပြန်အပ်လေ။ သူတို့လက်ထဲမှာ ထားလို့မရဘူး။ သူတို့ကို အလုပ်လုပ်ဖို့ပေးတာ။ ဒီဟာကြီးတွေကို လက်ထဲမှာသိမ်းထားဖို့ ပေးတာ မဟုတ်ဘူးဟု သူက ထောက်ပြသည်။

အလုပ်ရှင်၊ အလုပ်သမားနှင့် လျှော်စိုက်တောင်သူတို့ဘဝ ပိုမိုကောင်းမွန်ပြီး နိုင်ငံအတွက်လည်း အကျိုးအမြတ် များနိုင်သည်ဟု အကြောင်းပြကာ မြန်မာ့ဂုန်နီစက်ရုံများကို ပုဂ္ဂလိကလက်ထဲ ထည့်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ဝက်ကျော် ရှိပြီဖြစ်သည်။

သို့သော် မူလရည်မှန်းချက်များ အားလုံးနီးပါး ပျောက်ကွယ်ခဲ့ရပြီး ပါဝင်ပတ်သက်သူများအားလုံး အကျပ်အတည်း တွေ့နေကြရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading