ရခိုင် ကမ်းသာယာကမ်းခြေရှိ တပ်စွန့်လွှတ်မြေ ဟိုတယ်ဇုန်ဖော်ဆောင်ရန် ဆက်သိမ်းထား

ပြည်နယ်အစိုးရက ဟိုတယ်ဇုန်ဖော်ဆောင်မည်ဆိုသော မြေများအနက် ၂၀ ဒသမ ၆၈ ဧကကို ဒေသခံများက ပိုင်ဆိုင်ကြောင်း ပြောဆိုသော်လည်း အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေများဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြောကြားထားသည်  

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ရှိ ကမ်းခြေတစ်ခုကို ယခုလအတွင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- ကောင်းမြတ်နိုင်) 

တပ်မတော်က ၂၀၁၄ ခုနှစ်တွင် ပြန်လည်စွန့်လွှတ်ခဲ့သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းသာယာကမ်းခြေ၊ ဇီးကုန်းကျေးရွာရှိ မြေဧက ၂၀ ဒသမ ၆၈ ဧကကို ဟိုတယ်ဇုန်ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရက ဆက်လက်သိမ်းဆည်းထားကြောင်း ဇီးကုန်းကျေးရွာ ဒေသခံများက ပြောသည်။

ဂွမြို့နယ် ကမ်းသာယာကမ်းခြေရှိ မြေဧက ၄၂၇ ဒသမ ၄၁ ဧက ကို တပ်မတော်က ပြန်လည်စွန့်လွှတ်ခဲ့ရာ စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်က ဂေါက်ကွင်းတည်ဆောက်ရန် သိမ်းဆည်းထားခဲ့သည့် ဒေသခံတောင်သူ ၁၇ ဦး၏ မြေလည်း ပါဝင်ခဲ့သည်။ 

ထိုမြေများကို အနာဂတ်ဒေသဖွံ့ဖြိုးရေး ဖော်ဆောင်ရန် ဆက်လက်သိမ်းဆည်းထားကြောင်း ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်တွင် အကြောင်းကြားခဲ့သည်ဟု မြေယာသိမ်းဆည်းခံထားရသူ ၁၇ ဦးအနက် တစ်ဦးဖြစ်သူ ဇီးကုန်းကျေးရွာသား ဦးစံထွန်းဝင်းက Myamar Now ကို ပြောသည်။

“ဒါက အမိန့်အာဏာနဲ့သိမ်းတယ်လို့ပဲ ပြောရတော့မှာပေါ့။ ဗဟိုက သမ္မတကြီးတို့၊ ဒေါ်စုတို့က ပြောပြောနေကြတယ်၊ မြေ မသိမ်းရဘူး။ မြေ မလွှဲပြောင်းရဘူး။ ပြန်စွန့်လွှတ်ရမယ်လို့ ရေဒီယိုနဲ့ ရုပ်သံလှိုင်းကတောင်မှ နေ့စဉ်နဲ့အမျှ ပြောနေတယ်” ဟု ၎င်းက ပြောသည်။

မြေသိမ်းခံရသော ဒေသခံများထံတွင် ၎င်းတို့ပိုင်ဆိုင်သည့် မြေများဖြစ်ကြောင်း ဂွမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံထားရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ထောက်ခံချက်၊ ဂွမြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၏ ထောက်ခံချက် အပါအဝင် အထောက်အထား အပြည့်အစုံရှိပြီး နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတထံ တိုင်ကြားစာ ပေးပို့ထားကြောင်းလည်း ဦးစံထွန်းဝင်းက ပြောသည်။ 

NLD အစိုးရ တက်လာပြီးနောက် ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသော မြေယာပြဿနာများအတွက် အစိုးရက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာ၀န်ယူခဲ့သည်။ အဆိုပါကော်မတီသည် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး သိမ်းဆည်းမြေပြဿနာများ ဖြေရှင်းဆောင်ရွက်နေသည်။

“(မြေယာ) မူဝါဒတွေ၊ ဥပဒေတွေ ရှိသော်လည်းပဲ ကျွန်တော်တို့က တစ်ဖက်သတ် နစ်နာပြီး ဖြစ်နေရတယ်။ သူတို့ (ဗဟိုအစိုးရ) ကို တိုင်သော်လည်း အကြောင်းမထူးဘူး” ဟု ဇီးကုန်းကျေးရွာသား ဦးစံထွန်းဝင်းက ပြောသည်။

ဇီးကုန်းကျေးရွာဒေသခံများ ပိုင်ဆိုင်သည့် ထိုမြေများကို ဂွမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စိစစ်ပြီးဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း စီမံကိန်းမဖော်ဆောင်နိုင်ပါက ပြန်လည်ပေးအပ်ရန် ထုတ်ပြန်ပြီးဖြစ်ကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။

ပြည်ထောင်စုလွှတ်တော်၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေမှာ ဂွမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

“မစွန့်လွှတ်သေးဘဲနဲ့ ဘာလုပ်မယ်၊ ညာလုပ်မယ် လို့ပြောတယ်ဆိုကတည်းကကို ဒါက နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်၊ ဒုတိယသမ္မတတို့ရဲ့ ညွှန်ကြားချက်တွေနဲ့ လွဲချော်နေပါတယ်” ဟု ဦးမြင့်ဝေက ပြောသည်။

ဦးမြင့်ဝေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဂွမြို့နယ် ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲအနိုင်ရရှိကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းကို ဒီချုပ်ပါတီက ထပ်မံ ရွေးကောက်တင်မြှောက်ခြင်း မပြုတော့သည့်အတွက် ပါတီမှ နုတ်ထွက်ပြီး ဂွမြို့နယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှပင် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒီချုပ် (NLD) အမတ်လောင်း ဦးရဲခေါင်ညွန့်ကို ရှုံးနိမ့်ခဲ့သည်။

အနာဂတ် ဒေသဖွံဖြိုးရေးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်အပ်နှံခြင်း မရှိသေးသည့် ကမ်းသာယာကမ်းခြေ၊ ဇီးကုန်းကျေးရွာရှိ တပ်သိမ်းစွန့်လွှတ်မြေများတွင် ဟိုတယ်ဇုန်တစ်ခု ဖော်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ်အစိုးရက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်အစိုးရက ဟိုတယ်ဇုန်ဖော်ဆောင်မည်ဆိုသော မြေများအနက် ၂၀ ဒသမ ၆၈ ဧကကို ဒေသခံများက ပိုင်ဆိုင်ကြောင်း ပြောဆိုသော်လည်း ၎င်းတို့ စီမံခန့်ခွဲခွင့်ရှိသော မြေများဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြောထားသည်။ 

ဂွမြို့နယ် ဇီးကုန်းကျေးရွာအုပ်စုရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧက ၃၆ ဒသမ ၄၀ ဧကတွင် ပြည်နယ်အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အစိုးရအဖွဲ့ ၅ နှစ်တာကာလအတွင်း အကောင်အထည်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၁ က ရခိုင်ပြည်နယ်လွှတ်တော်သို့ အသိပေးပြောကြားခဲ့သည်။ 

ဟိုတယ်ဇုန်စီမံကိန်းအတွက် အဆိုပြုလွှာတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂ ခုရှိပြီး Asia Green ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သိန်း ၅,၀၀၀ ဖြင့် နိုင်ငံတော်သမ္မတရုံးထံ တင်ပြပြီး ခွင့်ပြုချက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးညီပုက ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုစီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ 

Asian Green ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာမျိုးနန္ဒာနှင့် ကုမ္ပဏီတာဝန်ရှိသူများကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက ဝန်ကြီးချုပ်ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းများသာ တွေ့ရှိရသည်။

ဂွမြို့နယ်တွင် ဟိုတယ်ဇုန်တစ်ခု ဖော်ဆောင်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီဝင် အများစုပါဝင်သည့် 'ရခိုင်ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး' အများပိုင်ကုမ္ပဏီကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း Myanmar Now က ရေးသားတင်ပြခဲ့ပြီးဖြစ်သည်။ 

အဆိုပါ ဟိုတယ်ဇုန်စီမံကိန်းအတွက် အဆိုပါပြုလွှာ တင်သွင်းခဲ့ခြင်း ရှိမရှိ အတိအကျမသိရသော်လည်း ထိုအများပိုင်ကုမ္ပဏီတွင် အာဏာရပါတီ အစိုးရအဖွဲ့အတွင်း ထိပ်တန်းရာထူး သုံးခုအထိ ရရှိထားသူ ဦးရဲမင်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒါရိုက်တာအဖွဲ့ဝင်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ဇနီး ဒေါ်ခင်မိုးအေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဇနီးဟောင်း ဒေါ်သင်းဂျူလိုင်ကျော်နှင့် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့ ပါဝင်သည်။

တပ်သိမ်းမြေများကို ပြန်လည်စွန့်လွှတ်ပြီးပါက မူလတောင်သူများထံ ပြန်လည်ပေးအပ်ရမည်ဟု ၂၀၁၂ လယ်ယာမြေ ဥပဒေတွင် ပါရှိသော်လည်း ဇီးကုန်းကွင်း တပ်သိမ်းမြေများကို ပြန်လည်ပေးအပ်ခြင်းမရှိသည်မှာ ဥပဒေအရ လွဲချော်နေသည်ဟု ရခိုင်ပြည်နယ် ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၏ သံတွဲခရိုင်ဥက္ကဋ္ဌ ဦးညီလေးက ပြောသည်။

“တည်ဆဲဥပဒေအတိုင်း မလုပ်တဲ့ အစိုးရအဖွဲ့တွေရဲ့ အားနည်းချက်ပါပဲ” ဟု ၎င်းက ဝေဖန်သည်။ 

ယခင်က အဆိုပါမြေနေရာတွင် မြေပဲစိုက်ပျိုး လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် တပ်သိမ်းစွန့်လွှတ်မြေများ ပြန်လည်မရရှိသည့် ဇီးကုန်းကွင်းဒေသခံ တောင်သူများမှာ ကြုံရာကျပမ်း လုပ်ကိုင်စားသောက်နေရသည်ဟု ဦးစံထွန်းဝင်းက ပြောသည်။

အဆိုပါ သိမ်းဆည်းမြေများအတွက် ပြည်နယ်အစိုးရက သတ်မှတ်လျော်ကြေးအဖြစ် မြေအစားပြန်ပေးခြင်း၊ ၂၀၁၂ လယ်ယာမြေဥပဒေအရလည်း ပေးလျော်ခြင်းများ လုံးဝ မရှိသေးပေ။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading