အစိုးရသစ်ဖွဲ့ချိန်တွင် ပေါ်လာသည့် တပ်နှင့် ပြည်ခိုင်ဖြိုး၏ ရွေးကောက်ပွဲစောဒကများ

NLD အစိုးရဒုတိယသက်တမ်းကို ကူးပြောင်းတော့မည့်အချိန်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အတိုက်အခံတို့၏ အဆက်မပြတ် ဝေဖန်ထောက်ပြမှုကို ရင်ဆိုင်နေရသည်

Published on Jan 26, 2021
ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့လယ်၌ တပ်မတော်ကို ထောက်ခံကြောင်းနှင့် ရွေးကောက်မရှင်ကို ကန့်ကွက်ကြောင်း ကြွေးကြော်ဆန္ဒပြနေကြသူများ (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)
ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့လယ်၌ တပ်မတော်ကို ထောက်ခံကြောင်းနှင့် ရွေးကောက်မရှင်ကို ကန့်ကွက်ကြောင်း ကြွေးကြော်ဆန္ဒပြနေကြသူများ (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိထားသဖြင့် အစိုးရသစ်တစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းတော့မည့် အချိန်တွင် ထိုရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု၊ မဲသမာမှု၊  မဲစာရင်းမှားယွင်းမှုများ ရှိနေသည်ဟူသော ထောက်ပြဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုသို့ ထောက်ပြနေသည်မှာ အဓိကအတိုက်အခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တပ်မတော်တို့ ဖြစ်သည်။  

မဲစာရင်းမပြည့်စုံမှု၊ မှားယွင်းမှုပြဿနာများ ကင်းဝေးရေးအတွက် မဲစာရင်းပြုစုရာတွင် ပိုမိုကောင်းမွန်သော စနစ်တစ်ရပ် ဖော်ဆောင်ရေးအတွက် ကော်မရှင်ကို တိုက်တွန်းမည်ဟု ဆိုသည့် ရန်ကုန်အခြေစိုက် ဖန်တီးအိမ်အဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကမူ ရွေးကောက်ပွဲသည် ပြည့်စုံကောင်းမွန်လှသည် မဟုတ်သော်လည်း ထောက်ပြဝေဖန်နေကြသည့် မသမာမှုမျိုးကို မတွေ့ခဲ့ရဟု Myanmar Now သို့ ပြောသည်။ 

“စွပ်စွဲနေတဲ့ ဟာတွေမှာ မဲစာရင်းမတိကျမှု ဆိုတဲ့ဟာတွေက ဟုတ်ကောင်းဟုတ်နိုင်မယ်၊ ဒါပေမယ့်လည်း မဲလိမ်တယ်။ မဲခိုးတယ်ဆိုတဲ့ အဆင့်အထိကတော့ ကျွန်မတို့ကတော့ လက်မခံပါဘူး” ဟု ဒေါ်ခင်လေးငယ်က မှတ်ချက်ပြုသည်။

ဖန်တီးအိမ်ကဲ့သို့ပင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကြီးမှူးကျင်းပပေးခဲ့သည့် ကော်မရှင်တွင် အားနည်းချက်များနှင့် စီမံခန့်ခွဲမှုပိုင်း လိုအပ်ချက်များ ရှိနေဆဲဖြစ်သော်လည်း ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးကို ခြုံငုံ၍ တရားမျှတမှု၊ သမာသမတ်ကျမှုမရှိကြောင်း စွပ်စွဲရန် အထောက်အထား အခိုင်အမာမတွေ့ရဟု သုံးသပ်ကြသည်။

ဝေဖန်ထောက်ပြနေခြင်းမှာ ရွည်ရွယ်ချက်တစ်ခုအတွက် ဖိအားပေးသည့်သဘော ဖြစ်နိုင်သည်ဟု ယူဆနေသူတချို့လည်း ရှိနေပြီး အာဏာရပါတီကမူ ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မဲစာရင်း အမှား

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်စဉ်တွင် မဲစာရင်းမှားယွင်းမှုများက ဒီမိုကရေစီအသွင်းကူးပြောင်းမှုနှင့်အတူ ယနေ့အချိန်အထိ တွဲပါနေသည်ဟု ဆိုနိုင်သည်။ လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမျက်နှာစာတွင်ပါ မှတ်ကျောက်တင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မဲစာရင်းအမှားအယွင်းများက ရှိခဲ့သည်သာပင်။

အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည့် အဆိုပါရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ် နို၀င်ဘာ ၅ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်စောင်၌ “မဲစာရင်းကပ်ချိန်တွင် မှားနေသော မဲစာရင်းအား ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်အား မဲစာရင်းမှန်ကန်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေးပါတီများမှ ပြောဆိုစည်းရုံးမှု မရှိခဲ့သဖြင့် မှန်ကန်သော မဲစာရင်းဖြစ်ပေါ်မလာပါ” ဟု ပါရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မဲစာရင်းစနစ်မှာ UEC သည် အစိုးရဌာနတစ်ရပ်ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့လာသည့် အချက်အလက်များပေါ် အခြေခံ၍ မဲစာရင်းဖွဲ့ကာ မဲဆန္ဒရှင်များက စစ်ဆေးစေလျက် လိုအပ်ပါက ပြန်လည်ပြင်ဆင်စေသည့်နည်း ဖြစ်သည်။

မဲစာရင်းမှန်ရေးအတွက် မဲဆန္ဒရှင်တို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဆွေက ဆိုသည်။

“မှန်တယ်မှားတယ်က မဲဆန္ဒရှင်က ဆုံးဖြတ်မှ သိရတာ၊ သက္ကရာဇ်မှားမယ်၊ အဖေနာမည်မှားမယ်၊ မှားတာက မှားမှာပဲ။ မဲစားရင်းဆိုတာ မှားမှာပဲ၊ မှားရင်ပြင်မယ်။ လာမကြည့်တဲ့သူတွေကတော့ မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ အဲဒီအပေါ်မှာ ကျွန်တော်တို့က မဆုံးဖြတ်နိုင်ဘူး” ဟု ဦးသိန်းဆွေက ပြောသည်။

ရွေးကောက်ပွဲတစ်ရပ် တရားမျှတမှုရှိမရှိ၊ သမာသမတ်ကျမကျကို လေ့လာရန်မှာ အချက်အလက်များစွာ လိုအပ်သလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း၏ ရည်ရွယ်ချက်မှာ လိုအပ်ချက်များကို အပြုသဘောဆောင်၍ ဝေဖန်အကြံပြုရခြင်း ဖြစ်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သော New Myanmar Foundation ၏ ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက ဆိုသည်။

“အချို့သောနေရာတွေမှာ မဲနှစ်ကြိမ်လာပေးတာတို့၊ မဲစာရင်းကျန်ခဲ့တာတို့ အဲဒီလို အခြေအနေမျိုးတွေ တချို့ အနည်းငယ်ရှိခဲ့တယ်ဆိုပေမယ့် ဒီရွေးကောက်ပွဲကြီးရဲ့ ရလဒ်ကြီးပေါ့နော်၊ အဖြေကြီးတစ်ခုလုံးကို ပြောင်းလဲသွားနိုင်တဲ့အခြေအနေမျိုးကိုတော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။

မဲမသမာမှု စွပ်စွဲချက်

တပြိုင်နက်တည်းမှာပင် တပ်မတော်ကလည်း မဲစာရင်းမှားယွင်းမှုကို ဆက်တိုက်ထောက်ပြနေရာ UEC ကို ဝေဖန်နေသူတို့သည် ၎င်းတို့၏ လှုပ်ရှားမှုများတွင် တပ်မတော်အမည်ကို ဆွဲထည့်လာကြသည်။

ပြည်ခိုင်ဖြိုးသာမက ယင်း၏မိတ်ဖက်ပါတီများအနက် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) နှင့် အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ (YDP) စသည့်ပါတီကလည်း UEC သည် ရာဇဝတ်မှုကျူးလွန်ကြောင်း၊ UEC ကို ဆန့်ကျင်ကြောင်း၊ တပ်မတော်ကို ထောက်ခံကြောင်းဖြင့် ထုတ်ပြန်ရှင်းလင်း၊ ဆန္ဒပြလျက်ရှိသည်။

NDP ပါတီကို စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင်က ဦးဆောင်ပြီး YDP ကိုမူ ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ထောင်ဒဏ် (၁) နှစ် ကျခံဖူးသလို လက်ရှိလည်း အမှုသုံးခုဖြင့် ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်က ဦးဆောင်လျက်ရှိသည်။

မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးဖေချစ်ကလည်း ဝေဖန်ထောက်ပြနေမှုများမှာ မှန်ကန်သည်ဟု ဆိုသည်။

“မဲမသမာမှုတွေ အမှန်တကယ်ရှိခဲ့တာမို့လို့ တပ်မတော်လုပ်တဲ့ဟာက တရားတယ်၊ ကြံ့ခိုင်ရေးလုပ်တဲ့ဟာက တရားတယ်” ဟု ဦးဖေချစ်က ပြောသည်။

၎င်းသည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၅ တွင် NLD ကိုယ်စားပြုယှဉ်ပြိုင်ကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၁၈ တွင် ပါတီမှ ထွက်ကာ တစ်သီးပုဂ္ဂလိကအဖြစ် ရပ်တည်ခဲ့သည်။

၎င်း၏ မိသားစုဝင်များနှင့် ဆွေမျိုးမိတ်သင်္ဂဟ အားလုံးပေါင်းစုလိုက်လျှင် အမာခံလူဦးရေ ၂၀ နှင့်အထက်တွင် ရှိသည်မှာ သေချာသော်လည်း ရွေးကောက်ပွဲနေ့ မဲစာရင်းချုပ်လိုက်ချိန်မှာတော့ ၈ မဲသာ ရရှိခဲ့သည်ဟု ဆိုသည်။

စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့ကတော့ “ရွေးကောက်ပွဲမသမာမှု”၊ “မဲလိမ်၊ မဲခိုး” အစရှိသဖြင့် စွပ်စွဲချက်အမျိုးမျိုးကို ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။ တပ်မတော်ဆိုလျှင် “မဲစာရင်းများအား စိစစ်တွေ့ရှိချက်” ဟူ၍ ထုတ်ပြန်နေသည်မှာ အကြိမ် ၃၀ ခန့်  ရှိသွားပြီ ဖြစ်သည်။

မဲမသမှုပြုနိုင်သည့် မဲစာရင်းစုစုပေါင်း ၇ သန်းကျော် တွေ့ရှိထားသည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

၂၀၁၅ တွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ တပ်မတော်အရာရှိဟောင်း ဦးသောင်းအေး (ပျော်ဘွယ်) ကလည်း UEC သည် ရွေးကောက်ပွဲဖြစ်စဉ် အမှန်တရားပေါ်ပေါက်ရေး ဆောလျင်စွာရှင်းလင်းပေးသင့်သည်ဟု ဆိုသည်။

“မြန်မြန်စောစောရှင်းရင်တော့ ပိုသံသယကင်းတာပေါ့ဗျာ၊ အချိန်ကြာလာရင်တော့ အဲဒီရှင်းမယ့်အဖွဲ့ကိုပါ သံသယပြန်ရှိနိုင်တယ်လေ” ဟု ဦးသောင်းအေးက ပြောသည်။

လက်ရှိတွင် UEC က ကန့်ကွက်လွှာစုစုပေါင်း ၂၈၇ မှု လက်ခံရရှိထားပြီး ယင်းတို့အနက် ၂၆၅ မှုမှာ အနိုင်ရ NLD ကိုယ်စားလှယ်များကို ကန့်ကွက်သောအမှုများ ဖြစ်သည်။ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာရှိသည့်အနက် NLD က နေရာ ၉၂၀ နှင့် ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာသာ ရရှိခဲ့ခြင်းဖြစ်သည်။

တပ်နှင့် ရွေးကောက်ပွဲကော်မရှင်

ကော်မရှင်သည် ၂၀၁၅ ရွေးကောက်ပွဲ ကာလတွင်လည်း မဲစာရင်း မမှန်ကန်မှုနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့များ၊ ပါတီများ၏ အပြင်းအထန် ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး ဝေဖန်သူများထဲတွင် တပ်မတော်က ထိပ်ဆုံးမှ ပါ၀င်လာသည်။ ကော်မရှင်ကို ထောက်ပြသည့် ထုတ်ပြန်ချက်များသည် တပ်မတော်အာဘော် ရုပ်သံ၊ သတင်းစာတို့တွင် ဦးစားပေးသတင်း၊ ရှေ့မျက်နှာဖုံးတွင် ဖော်ပြရမည့် အကြောင်းအရာ ဖြစ်လာသည်။

အခြေခံဥပဒေပြဌာန်းချက်များအရ နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပတ်သက်ရန် အခွင့်အရေးရရှိထားသည့် တပ်မတော်၏ ထောက်ပြချက်များကို UEC ဆန့်ကျင်သူ၊ ကန့်ကွက်နေသူတို့က ကြိုဆိုကြသည်။

UEC သည် ကန့်ကွက်ခံရမှုများကို ဖြေရှင်းသည့်အခါ တွေ့ဆုံဆွေးနွေးသည့်နည်းကို သုံးသင့်သည်ဟု ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ယူဆသည်။

“အကောင်းဆုံးကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒါကို ကြေညာချက်ထုတ်ပြီး တုန့်ပြန်မယ့်အစား နိုင်ငံရေးပါတီတွေ ခေါ်ပြီးတော့မှ ရှင်းလင်းကြတာမျိုး၊ ပြောကြတာမျိုး၊ တွေ့ဆုံဆွေးနွေးတာမျိုး လုပ်ဖို့ကောင်းတယ်” ဟု စိုင်းရဲကျော်စွာမြင့်က အကြံပြုသည်။

ထိုကဲ့သို့ ရှင်းလင်းဆွေးနွေးမှုများမလုပ်ဆောင်ဘဲ နိုင်ငံတော်အဆင့်အဖွဲ့အစည်း တစ်ဘက်နှင့်တစ်ဘက်အကြား အပြန်အလှန်ရေးသားလျှင် ပြဿနာရပ်များက ပြေလည်နိုင်မည်မဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ UEC နှင့် အစိုးရအပေါ် ရွေးကောက်ပွဲဖြစ်စဉ်နှင့်ဆက်စပ်၍ အပြစ်တင်၊ ဆန့်ကျင်ရှုတ်ချနေမှုများ ရှိနေသော်လည်း ဥပဒေပြဌာန်းချက်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။

“သူတို့ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကတော့ သူတို့ပဲ သိပါလိမ့်မယ်၊ ဒီ ရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ရိုးသားစွာယှဉ်ပြိုင်ခဲ့တဲ့အတွက် ဘယ်လိုစွပ်စွဲချက်မျိုးကိုမဆို ဥပဒေနဲ့အညီ ဖြေရှင်းဖို့ အဆင်သင့်ရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မကျင်းပမီအချိန်ကတည်းကပင် ခလုတ်ကန်သင်းအမျိုးမျိုးကိုလည်း နင်းဖြတ်ခဲ့ရသည်။ နိုဝင်ဘာ ၈ ရက်ကို နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာရ NLD ပါတီနှင့် တပ်မတော်အကြားဝယ် အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ၊ အပြန်အလှန်ချေပချက်များဖြင့် အခြေအနေ တင်းမာခဲ့ဖူးသည်။

ရွေးကောက်ပွဲကျင်းပရန် ၅ ရက်အလိုဖြစ်သည့် နိုဝင်ဘာ ၂ ရက်က တပ်မတော်၏ ထုတ်ပြန်ချက်တစ်စောင်တွင် UEC ကို ပြင်းထန်စွာပြစ်တင်ဝေဖန်ခဲ့သလို အစိုးရတွင် တာဝန်ရှိသည်ဟုလည်း သတိပေးခဲ့သည်။ နိုဝင်ဘာ ၃ ရက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်က လက်သင့်ခံရေးနှင့် ပတ်သက်၍ ဒွိဟဖြစ်ဖွယ် စကားအချို့ကို ထည့်သွင်းပြောဆိုခဲ့သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ မနက်ခင်း မဲထည့်အပြီးမှာတော့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ပြောခဲ့ပြန်၍ ပြည်သူများအတွက် မင်္ဂလာစကားတစ်ရပ် ဖြစ်ခဲ့ရသည်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလတွင် တပ်က ကော်မရှင်၏လုပ်ရပ်ကို ထောက်ပြသည့် ထုတ်ပြန်ချက်များ ဆက်တိုက် ထုတ်ဝေလာသည်။ 

တိုင်းရင်းသားပါတီတို့၏အမြင်

ရွေးကောက်ပွဲကျင်းပပြီး သုံးရက်မြောက်ဖြစ်သည့် နိုဝင်ဘာ ၁၁ ရက်မှာပင် ပြည်ခိုင်ဖြိုးပါတီက တပ်မတော်နှင့် ပူးပေါင်း၍ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရေးဟု တောင်းဆိုလိုက်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် “တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု မဖြစ်ခဲ့ခြင်းကြောင့်” အသိအမှတ်မပြုဘဲ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ဆိုခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် ကြုံတွေ့ရသည့် “တရားမဲ့ပြုကျင့်မှုများ၊ မဲမသာမှုဖြစ်စေနိုင်သော အချက်အလက်များ” နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများကို အနယ်နယ်အရပ်ရပ်တွင် အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။  

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ၁၇၄ ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တရားမဲ့ပြုကျင့်မှုခံရကြောင်းဖြင့် ကန့်ကွက်လွှာတင်သွင်းခဲ့ကြကြောင်း ပါတီပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ဇန်နဝါရီ ၁၉ တွင် ပြောကြားသည်။

“အကြောင်းမဲ့တော့ မလုပ်ပါဘူးခင်ဗျာ၊ ခုနကလို မဖြစ်နိုင်ပါဘူးဆိုတာလောက်လေးနဲ့ ကျွန်တော်တို့ မလုပ်ပါဘူး၊ ကျွန်တော်တို့ဟာ နိုင်ငံရေး institution (အဖွဲ့အစည်း) တစ်ရပ်ဖြစ်တယ်၊ ကျွန်တော်တို့မှာ အကြောင်းရှိလို့ လုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အကဲခတ်လေ့လာနေသူများအဖို့မှာတော့ ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်စဉ်အပေါ် တပ်မတော်ရပ်တည်ချက်၊ ဆောင်ရွက်ချက်များ၏ လားရာကို ခန့်မှန်းချက်များ ကွဲလွဲနေကြသော်လည်း ယင်းအခြေအနေအား စိုးရိမ်ပူပန်မှုကတော့ ရှိကြသည်သာပင်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို အကြိမ်ကြိမ်ထောက်ပြ၍ ပြောဆိုနေမှုများသည် လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးအခြေအနေကို ဝင်ရိုးစွန်းနှစ်ဖက်သဖွယ် ဖြစ်စေပြီး ထိပ်တိုက်တွေ့စေနိုင်သည်ဟု ရန်ကုန်သတင်းစာပညာကျောင်း၏ တည်ထောင်သူ ဦးရဲနိုင်မိုးက ဆိုသည်။

“ဒါက အပြုသဘောဆောင်ပြီးတော့ အားလုံးပါဝင်လို့ရတဲ့ နိုင်ငံရေးအခြေအနေကို ပျက်ယွင်းစေတယ်လို့ မြင်ပါတယ်။ အတိုချုပ်ပြောရရင်တော့ အမုန်းပိုပွားစေတဲ့ နိုင်ငံရေးကို ပိုဖြစ်စေတာပါပဲ” ဟု ဝါရင့်သတင်းစာဆရာတစ်ဦးလည်းဖြစ်သည့် ဦးရဲနိုင်မိုးက ပြောသည်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ ဒါရိုက်တာ ဦးအောင်သူငြိမ်းကတော့ လက်ရှိ တင်းမာနေသည့်အခြေအနေကြောင့် “လွှတ်တော်စတင်ပြီး သိပ်မကြာဘူး သမ္မတတို့၊ ဒုသမ္မတတို့ ရွေးကောက်တင်မြောက်တဲ့ အဆင့်တွေမှာ အဖုအထစ်တွေ ဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။

တိုင်းရင်းသားပါတီများဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) တို့ကတော့ ရွေးကောက်ပွဲတွင် နေရာအနည်းအကျဉ်းတွင် အငြင်းပွားဖွယ်ရာအခြေအနေအချို့ ရှိခဲ့သော်လည်း ကန့်ကွက်လွှာတင်သွင်းခြင်း မရှိခဲ့ကြောင်း Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲဖြစ်စဉ်နှင့် လွှတ်တော်ခေါ်ယူမှုတို့ကို တစ်ပိုင်းတစ်ကဏ္ဍစီ ရှုမြင်ထားကြပြီး ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲစနစ်ပေါ်ထွန်းလာစေရေးအတွက်လည်း အပြုသဘောဆောင်သော ဝေဖန်အကြံပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားလိုသော ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားကြသည်။

လာမည့်ရွေးကောက်ပွဲများအတွက် ရွေးကောက်ပွဲနည်းဥပဒေများမှသည် ရွေးကောက်ပွဲအခြေအနေ တစ်ရပ်လုံးကိုလည်း ပြင်ဆင်ဆောင်ရွက်သွားရမည်ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲအဖြေအပေါ် မနှစ်သက်ရုံမျှဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေမှုများက မဖြစ်သင့်သည့် အခြေအနေများ ဖြစ်လာနိုင်ပြီး “ကျွန်တော်တို့လည်း ဒီ ၁၉၈၈ နောက်ပိုင်းမှာ အခုမှ စကားပြောလို့ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ နောက်ကိုဆုတ်သွားမယ့်ဟာမျိုးလည်း မလိုလားဘူး” ဟု ၎င်းက ဖွင့်ဟသည်။

ဤအတောအတွင်း ရွေးကောက်ခံအမတ်များ၊ တပ်မတော်က စေလွှတ်သည့် စစ်အရာရှိကြီးများက ပြန်လည်အစပြုမည့် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်နေကြပြီဖြစ်သည်။

NLD အမတ်များ အင်အားများသည့် ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်၊ ဒုသမ္မတသစ်များကို ရွေးချယ်ကြတော့မည် ဖြစ်သည်။ 

NLD သည် အမျိုးသားညီညွတ်ရေးအစိုးရဖော်ဆောင်မည်ဟု မကြာသေးမီက ကြေညာပြီး တိုင်းရင်းသားပါတီတချို့ကို တွေ့ဆုံခဲ့ရာ ထိုအထဲတွင် လွှတ်တော်နေရာ ၄၂ နေရာအား အနိုင်ရရှိထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)  လည်း ပါ၀င်သည်။  

တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ ရွေးကောက်ပွဲကာလနောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်လာသည့် ကန့်ကွက်ချက်များသည် NLD ပါတီ၏ အစီအစဉ်နှင့်လည်း ဆက်စပ်နေဖွယ်ရှိသည်ဟု SNLD ပြောခွင့်ရ စိုင်းလိတ်က သုံးသပ်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရဖော်ဆောင်တဲ့အခါမှာ USDP ကိုလည်းပဲ လက်တွဲပြီးတော့မှ ပါဝင်စေချင်တဲ့ အခင်းအကျင်းသစ်ကို သွယ်ဝှိုက်တဲ့နည်းနဲ့ ဖိအားပေးတယ်လို့ပဲ ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျာ” ဟု စိုင်းလိတ်က မှတ်ချက်ပြုလိုက်သည်။

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading